ကျွန်ုပ်နှင့် ရန်ဖြစ်ခြင်းများ

ကျွန်ုပ်တို့သည် ရန်ဖြစ်ဖူးကြသူများဖြစ်လေ သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ နှလုံး အိမ်ထဲတွင် ဒေါသများ ကိန်းဝပ်တည်ရှိနေသော ကြောင့်ဖြစ်၏။ ထိုဒေါသအမြစ် ဒေါသ၏ အပွားဖြစ် သော ဒေါမနသကလည်း ပူးတွဲကပ်ငြိနေလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ရန်ဖြစ်ကြသည့်အခါ ဒေါသ ကြောင့်လည်းကောင်း၊ ဒေါမနသကြောင့်လည်း ကောင်းရန်ဖြစ်ကြ၏။ အဓိက အခြေခံအကြောင်း တရားအားဖြင့် ဒေါသကြောင့်ပင် ရန်ဖြစ်ကြ၏။ ကျွန်ုပ်တို့၏ နှလုံးဟာဒယတွင် ဒေါသမရှိသည့်အ ခါရောက်ခဲ့လျှင် ဒေါသ၏ အပွားဖြစ်သော ဒေါမန သသည်လည်း ရှိနိုင်တော့မည်မဟုတ်သဖြင့် ကျွန်ုပ် တို့သည် ရန်မဖြစ်နိုင်၊ ရန်မဖြစ်ကြတော့မည် ဖြစ် လေသည်။

ဒေါသဟူသည် မိမိအလိုအတိုင်း မပြည့်ခြင်း ကြောင့်ဖြစ်ပြီး ဒေါမနသသည် မိမိ၏ကောင်းစေလို  သော ဆန္ဒကို လိုက်နာ နားလည်မပေးခြင်းကြောင့် ဖြစ်လေသည်။ ဒေါသသည် လောဘကို အခြေခံ၍ ဖြစ်ပေါ်သည်။ ဒေါမနသသည် စေတနာကို အခြေခံ ၍ ဖြစ်တတ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ၏အသက်၊ အိုးအိမ်၊ စည်းစိမ်၊ အခွင့်အရေး၊ မိသား စုအသိုင်းအဝိုင်းများကို တစ်ပါးသူက ထိပါး လာခဲ့လျှင် ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် တုံ့ပြန်၍ ရန်ဖြစ်ကြ မည်ဖြစ် သည်။ လောဘကို အခြေခံ သော ဒေါသအလျောက် ရန် ဖြစ်ကြပေလိမ့်မည်။ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏ အသိုင်းအ ဝိုင်းရှိ တိရစ္ဆာန်ကလေးများမှ အစ လူအမျိုးမျိုးကို စိတ် ကောင်းစေတနာဖြင့် ကောင်း စေလိုသောဆန္ဒဖြင့် ပြုမူဆောင် ရွက်ပေးသော်လည်း တစ်ဖက်မှ လိုက်နာ၍ နားလည်လက် ခံမပေး သောအခါ ဒေါမနသများ ဖြစ်ပေါ်လာ ပြီး ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်ပင် ရန်မူ သော ပုံသဏ္ဌာန် များဖြစ်ပေါ်ကြရလေ သည်။

ကျွန်ုပ်တို့၏ လောကကြီးတွင် ပြော ရိုးပြော စဉ်များရှိကြ၏။ သူကဖြင့် စနေသား ဖြစ်၍ စိတ်ကြီးသည်၊ သူကဖြင့် ဗုဒ္ဓဟူးသားဖြစ် ၍ ရှူးရှူးဒိုင်းဒိုင်း ရှိသည်။ သူကဖြင့် တနင်္ဂနွေ သားဖြစ်၍ ပူပူဆူဆူ ကြိုက်သည်။ သူက တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး  သောကြာ၊ ရာဟု စသည်ဖြင့် ဖြစ်နေသောကြောင့် မဟုတ်မခံဖြစ်ကြသည်။ နေ တက်၊ ရေတက်ဖွား သောကြောင့် စိတ်မြန်သည်။ ဘီလူးနက္ခတ်ဖြစ်သော ကြောင့် ဘီလူးကဲ့သို့ ကြမ်း တမ်းသည် စသည်ဖြင့် ပြောရိုးပြောစဉ်အရ ပြော နေကြသော်လည်း မူလအကြောင်းတရားမှာ ဒေါသ တရားကြောင့်သာ ရန်လိုကြခြင်း၊ ရန်ဖြစ်ခြင်းများ ဖြစ်ရပါသည်။ ဒေါသကြောင့် ရန်ဖြစ်ကြသည့်အခါ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့ကို ရိုင်းပြစွာ ထင်ရှား ဖြစ်လေတော့သည်။

ဒေါမနသကြောင့် ဖြစ်သော ရန်များမှာမူ အများအားဖြင့် ဒေါသအလျောက်ဖြစ်သော ရန်များ ကဲ့သို့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူ အရာ မထင်ရှားသော်လည်း ရန်ဖြစ်သည့် သဏ္ဌာန် များကိုဖြင့် ဖျောက်ဖျက်မထားနိုင်ကြချေ။ ဒေါမန သနှင့် ဒေါသတို့ ပူးပေါင်းရောထွေးသွားလျှင်ဖြင့် ကြမ်းတမ်းရိုင်းစိုင်းကုန်ကြလေတော့သည်။

“ငါ့မှာဖြင့် သူ့အပေါ် မေတ္တာ၊ ကရုဏာ၊ စေတနာနဲ့ လုပ်ပေးတာ …၊ ခုတော့ ဒင်းကများ” စသည်ဖြင့် အနည်းဆုံး မကျေမနပ်ဖြစ်ရလေသည်။ ဥပမာအားဖြင့် ဗိုက်ဆာမှာစိုးရိမ်သဖြင့် အစာရေစာ ကျွေးမွေးခြင်းကို မစား၊ မသောက်စို့ခြင်း၊ ချမ်းအေး၊ ပူ လောင်အိုက်စပ်မှာ စိုးရိမ်သဖြင့် သင့်လျော်ရာ အဝတ်တန်ဆာ ဆင်မြန်းပေးသော်လည်း ငြင်းဆန် ခြင်း၊ ရာသီဥတုမမျှသဖြင့် မျှတစေရန် အမိုးအကာ ဆောက်ထားသော်လည်း မနေခြင်း၊ ကျန်းမာရေး မကောင်းသဖြင့် ဆေးဝါးတိုက်ကျွေးကုသသော် လည်း မလိုက်နာခြင်း၊ အဆင့်အတန်းမြင့်မားစေရန် ပညာသင်ကြားစေသော်လည်း ကောင်းမွန်စွာ သင် ယူမှုမရှိခြင်း၊ နီတိများဖြင့် ပြောဆိုဆုံးမသော်လည်း မနာယူခြင်းများ ဖြစ်သည့်အခါ ဒေါမနသ ဖြစ်ကြရလေသည်။ ထိုအခါ တစ်ဖက်သားကို ရန်ပြုချင် စိတ်များ တနုံ့နုံ့ ဖြစ်ပေါ်လာ၏။

အချို့မှာမူ မုဒိတာ မထားနိုင်၍ ရန်လိုကြ သည်။ အခြားသူတစ်ပါး ဝတ်နိုင်၊ စားနိုင်၊ နေနိုင်၊ သွားနိုင်၊ လာနိုင်၊ သုံးနိုင်၊ စွဲနိုင်ခြင်းများအပေါ်၌ လည်းကောင်း၊ အောင်မြင်ခြင်း၊ အခွင့်အရေးရရှိ ခြင်းများအပေါ် မနာလိုမရှုစိမ့်နိုင်သဖြင့် မိမိ၏အတွင်း စိတ်၌ ကြိတ်၍ ရန်ဖြစ်နေတတ်ကြ၏။ အချို့မှာမူ မိမိအတွင်းစိတ်တွင်၌ပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ သောအခါ နီးစပ်ရာ၊ နိုင်ရာလူ၊ နိုင်ရာတိရစ္ဆာန်တို့ အပေါ် မဲ၍ ပုံအောချလိုက်ကြလေတော့သည်။ သာမန် ပုထုဇဉ်များအဖို့ရာ၌ စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့၏ အတိမ်အနက်ကို မသိရှိကြ သောကြောင့် ဒေါသအလျောက်လည်းကောင်း၊ ဒေါမနသအလျောက်၎င်း ရန်များလို၍ ရန်ဖြစ်နေ ကြဦးမည်မှာ ငြင်း ၍ မရပေ။ ဗုဒ္ဓ၏ တရားတော်များအရ ဒေါသအားလုံးကင်း၍ ရန်မလိုတော့သည့် ပုဂ္ဂိုလ်မှာ အနာဂမ်အဆင့်တရား ရရှိပြီးသည့် ပုဂ္ဂိုလ်များသာ ဖြစ်ကြောင်း ဖတ်မှတ်ကြားနာခဲ့ဖူးလေ၏။ အနာ ဂမ်ပုဂ္ဂိုလ်၏ အောက်အဆင့်များ၌ရှိသော သကဒါ ဂမ်၊ သောတပန်၊ ပုထုဇဉ်များအဖို့မှာမူ ဒေါသတရား များကို မပါယ်သတ်နိုင်သေးသောကြောင့် ထိုပုဂ္ဂိုလ် တိုင်း၏ နှလုံးအိမ်တွင် ဒေါသများ ရှိနေသဖြင့် ရန် များလည်း ရှိကြပေလိမ့်ဦးမည်။

ကျွန်ုပ်သည် ဇရာထောင်းနေသည့် အရွယ် ရောက်ရှိနေသော်လည်း ဒေါသတရားများသည် ရင် ထဲ၌ကိန်းအောင်း တည်ရှိနေသဖြင့် တစ်ခါတစ်ရံ အလိုမကျသည့်အခါ ရန်လိုသည့် အမူအရာများ ထွက်ပေါ်လာသည်။ တနုံ့နုံ့မကျေမနပ်ဖြင့် ရင်ထဲတွင် တင်းကျန်နေသည့် အခါမျိုးများလည်း ရှိလေသည်။  ငယ်စဉ်အခါကများဆိုလျှင် စိတ်မထိန်းသိမ်းနိုင်ဖြစ် ပြီး ရန်များလည်း ဖြစ်ခဲ့ဖူး၏။ ဒေါသအကြီး၊ အသေး အလျောက် ရန်အကြီးအသေးဖြစ်ခဲ့ဖူးသည့် နည်းတူ၊ ဒေါသ၏ အစွယ်အပွား ဒေါမနသကြောင့်လည်း ဆွေမျိုး၊ အသိုင်းအဝိုင်း၊ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုအချို့နှင့်လည်း မခေါ်မပြောဖြစ်ခဲ့ဖူး၏။ ယခု အခါ လောဘအခြေခံသော ဒေါသကြောင့် ရန်ဖြစ် ရခြင်းထက် ဒေါသ၏အစွယ်အပွား ဒေါမနသကြောင့် ရန်ဖြစ်ရတာ များလေသည်။ အထက်ဖော် ပြပါသကဲ့ သို့ ဒေါသနှင့် ဒေါမနသပေါင်းမိသွားလျှင်ဖြင့် ကျွန်ုပ် ကို ကျွန်ုပ်လောင်မြိုက်လေတော့၏။

အထက်တွင်ဖော်ပြထားသကဲ့သို့ –

“ငါ့မှာဖြင့် သူ့အပေါ် ဒီလိုစေတနာ၊ မေတ္တာ၊ ကရုဏာများထားခဲ့ရတာ သူကဖြင့်”ဟူ၍ သူတစ်ပါး နှင့် အပြင်ပန်းတွင် မဖြစ်သော်လည်း ကျွန်ုပ်၏ အတွင်း အဇ္ဈတ္တနှင့်ဖြင့် ရန်ဖြစ်နေတတ်လေတော့ သည်။ ထိုအခါ ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒ  များကို နှလုံးသွင်းနေလိုက်ရ၏။ “သူသည် ငါ မဟုတ်ပါတကား၊ ငါ၏ကိုယ်ကပင် ငါ၏ဆန္ဒကို အချိန်ပြည့် မလိုက်လျောခဲ့ပါလျှင် တစ်ပါးသူများ သည်လည်း ငါ၏ အလိုဆန္ဒအတိုင်း ဖြစ်နိုင်လိမ့် မည်မဟုတ်၊ ကိုယ့်ခန္ဓာ၏ အကြောင်းကိုပင် ကိုယ် ကိုယ်တိုင် သေသေချာချာ မသိနိုင်စွမ်းလျှင် ငါ၏ အကြောင်းကို သူတစ်ပါးတို့ မသိနိုင်၊ ထို့အတူ သူတို့ ၏ ဒုက္ခသူတို့၏အကြောင်းကိုလည်း ငါမသိနိုင်ပေ။ သို့ဖြစ်၍ တစ်ပါးသူ၏ ဆန္ဒနှင့် ကျွန်ုပ်ဆန္ဒတို့ တူညီ ချင်မှတူညီပေလိမ့်မည်။ ထို့ကြောင့် မလိုမုန်းတီး ရန်ဖြစ်နေရန် ကိစ္စအကြောင်းမရှိ”ဟူ၍ ဖြစ်လေ သည်။

သို့သော် လောကကြီးထဲတွင် ကျင်လည်နေ ရသမျှ ကာလပတ်လုံး ဒေါသတရားအား ပယ်သတ် နိုင်သည့် တရားမရှိသေးသရွေ့ ကျွန်ုပ်နှင့် ရန်ဖြစ် ခြင်း အကြောင်းတရားများသည်လည်း ကင်းလွတ်ကြ ဦးမည် မဟုတ်ချေ။ သူတစ်ပါးသည်လည်း ကိုယ် မဟုတ်သဖြင့် ကိုယ့်လိုအင်ဆန္ဒကို ဖြည့်စွမ်းနိုင်ချင်မှ ဖြည့်စွမ်းပေးနိုင်ပေလိမ့်မည်။ ကိုယ့် လိုအင်ဆန္ဒ မပြည့်လျှင် ဒေါသဖြစ်မည်၊ ရန်ဖြစ်မည်။ သူတစ်ပါး ၏ အကြောင်း မဆိုထားဘိ ကျွန်ုပ်တို့၏ အကြောင်း မိမိကိုယ်၌ပင်  ဂဃနဏ မသိသောကြောင့် မိမိဆန္ဒ ကိုပင် မိမိ မသိနိုင်ကြ။ ထို့ကြောင့် မိမိခန္ဓာကိုယ် အလိုမပြည့်။ သို့ဖြစ်၍ မိမိနှင့် မိမိပင် ရန်ဖြစ်နေ ရလေသည်။ ယခုပဲ စားချင်သည်၊ ယခုပဲ မစားချင်၊ ယခုပဲ အိပ်ချင်သည်၊ ယခုပဲ အိပ်မပျော် စသည်ဖြင့် အသေးအဖွဲ ကလေးများမှအစ မိမိဆန္ဒနှင့် မိမိ မကိုက်ညီကြောင်းကို ကျွန်ုပ်သတိထားမိလာလေ၏။ ရန်ဖြစ်ရခြင်းမှာ ဒေါသကြောင့်ဖြစ်သည်။ ဒေါသ သည် မိမိဆန္ဒကို အလိုမပြည့်စေသောကြောင့် ဖြစ် သည်။ ယခု ကျွန်ုပ်၏ ဆန္ဒ စားလိုခြင်း၊ အိပ်စက် လိုခြင်းကိုပင် ကျွန်ုပ်၏ ခန္ဓာကိုယ်က လိုအင်ဆန္ဒ မဖြည့်ဆည်းပေးနိုင်သောအခါ ကျွန်ုပ်နှင့် ကျွန်ုပ် သည် ရန်ဖြစ်နေရလေတော့သည်။

ယခုအခါ အသက်အရွယ်အားဖြင့်လည်း ရန်ဖြစ်ရမည့် အရွယ်များလည်း မဟုတ်တော့ချေ။ သို့ဖြစ်က ရန်မဖြစ်စေရန်အတွက် သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ သူ့ဒုက္ခ၊ ကိုယ့်ဒုက္ခတို့ကို သေ သေချာချာ၊ ဂဃနဏ သိရန်လိုလေပြီ။ သူ၏အ ကြောင်း၊ သူ၏ဒုက္ခကို အသာထား၍၊ ကျွန်ုပ်အ ကြောင်းနှင့် ကျွန်ုပ်၏ ဒုက္ခကို အရင်ဦးဆုံး သိအောင် လုပ်ရပေမည်။ ဆရာတော်ကြီးများ၏ အဆိုအမိန့် အရ၊ မိမိ၏ ရှေ့စိတ်ကိုနောက်စိတ်ဖြင့်ကြည့်ရှုခြင်း ဖြင့် တရားအားထုတ်၍ မိမိ၏ ခန္ဓာဖြစ်စဉ်ကိုသိ အောင်လုပ်ရမည်ဟု ဟောကြားထားသဖြင့် အရင် ဆုံး တရားရှုမှတ်ရပေတော့မည်။

ကျွန်ုပ်သည် ကျွန်ုပ်အဖို့ ရန်မီးများ ကင်း ငြိမ်းစေရန်အတွက် တရားစတင် ရှုမှတ်ရလေပြီ။ ကျွန်ုပ်သည် ဘုရားစင်တွင် သောက်ရေချမ်း၊ အမွှေး တိုင်၊ ဆီမီးထွန်းညှိပူဇော်ပြီးလျှင် ဘုရားဝတ်ပြုရှိခိုး ခြင်း၊ သီလခံယူခြင်း၊ ပရိကံများပြုပြီးလျှင် တရား စတင်ရှုမှတ်လေတော့၏။ တရားထိုင်ခြင်း အမှုကို လည်း ၁၅ မိနစ်တာမျှသာ အဓိဋ္ဌာန်ပြုထားလေ သည်။

ကျွန်ုပ်သည် ရန်မီးများ ကင်းငြိမ်းစေရန် တရား ရှုမှတ်သောအခါမှ ရန်ဖြစ်နေရလေတော့ သည်။ စလျှင် စခြင်းပင် လည်ချောင်းထဲက ယားသ လို၊ ခန္ဓာကိုယ်ဟိုနေရာ ဒီနေရာက ရွစိရွစိ ဖြစ်နေ သလို၊ နှာချေချင်သလို၊ ချောင်းဆိုးချင်သလိုများ ဖြစ်နေ၏။ တစ်နေကုန် တစ်နေခန်း နေနေစဉ် ထိုကဲ့သို့မဖြစ်။ ကြိတ်မှိတ်၍ မျက်စိမှိတ်ပြီး ဝင်လေ ထွက်လေ မှတ်နေသော်လည်း၊ တယ်လီဖုန်းခေါ်သံ များ လာလေမလား၊ ဧည့်သည်များ ခေါ်လေမလား၊ မိသားစုတစ်ဦးတစ်ယောက်ကများ ခေါ်လေမလား အတွေးများ တန်း စီဝင်လာပြန်၏။ ကျွန်ုပ် ဒေါသ ဖြစ်လာ၏။ ဟိုတုန်းက ဒီလိုအ ချိန်တွင် တစ်ခါမျှ တစ်ဦးတစ် ယောက် ခေါ်သံမကြားခဲ့ရ။ ယခုလည်း မကြားရပါ။ ယခင်နာရီပေါင်းမြောက်မြားစွာ နေနေခဲ့သော်လည်း ထိုအတွေးမျိုးမဝင်၊ ယခု တရားထိုင်မှ ထိုအတွေးတို့က ပေါ်နေသဖြင့် မကျေနပ်၊ ဒေါသထွက်၏။ အချိန်များစွာ ကို မဆိုထားဘိ၊ ၁၅ မိနစ်မျှသောအ ချိန်၌ပင် မိမိနှင့် မိမိအဆင်မပြေဖြစ်နေ လေတော့သည်။ မထူးတော့၍ ဆက် လက်ကြိတ်မှိတ်၍ ရှုမှတ်သောအခါ အလုပ်များ က တန်းစီဝင်လာလေ၏။ လုပ်လက်စအလုပ်များ ဆက်လုပ်ရန်။ နောက်ထပ်လုပ်ဆောင်ရမည့် အ လုပ်စဉ်များ လုပ်ကိုင်ဆောင်ရွက် ပြီးသောအခါ လုပ်ငန်းစာရင်းများ ပြန်လည်စစ်ရန်စသည်ဖြင့် ကျွန်ုပ် ၏ တရားရှုမှတ် လိုသောဆန္ဒကို နှောင့် ယှက်နေလေတော့သည်။ အချိန်ကလေး ၁၅ မိနစ် အတွင်း အနှောင့်အယှက် များလွန်းသည်။ အလိုလို ချွေးများလည်း ထွက်လာပြီး ဟိုစီး၊ ဒီစီး ဟိုအကြို အကြားဝင်၊ ဒီအကြိုအကြားဝင်ဖြင့် စိတ်မကြည်စရာ ဖြစ်ရပြန်သည်။

ဟိုးတစ်ချိန် အားကစားများလုပ်စဉ်၊ အ လုပ်ကြမ်းများ လုပ်စဉ် ချွေးဒီးဒီးကျခဲ့စဉ်တုန်းက ရေချိုးထားသကဲ့သို့ ခွှေးများစိုရွှဲခဲ့တာကိုပင် ဂရု မစိုက်၊ ယခုမှ ဘာကြောင့် မကျေမနပ် ဒေါသထွက် နေရပါသနည်း။ သို့သော် ၁၅ မိနစ်တာမျှကိုဖြင့် ချွေးမသုတ်ဘဲ အောင့်အည်းနေရပါဦးမည်။ ထိုအခါ ခြင်တစ်ကောင်က တဝီဝီ အသံပေး၍ ဟိုးအနား နားသယောင်၊ သည်အနားနားသယောင်ဖြင့် အ သည်းယားစရာ ပြုပြန်လေသည်။

ငယ်စဉ်အခါက ပွဲလမ်းသဘင်များကို တစ်ည လုံး ခြင်ကိုက်၊ ဖြုတ်ကိုက်ခံ၍ ပွဲကြည့်ခဲ့ရာ အမှု မထားခဲ့သော်လည်း ယခု ၁၅ မိနစ် အချိန်ကလေး တစ်လျှောက်လုံးမှာဖြင့် ကျွန်ုပ်နှင့် ကျွန်ုပ်ရန်ဖြစ်နေ ရလေတော့သတည်း။ ကျွန်ုပ်၌ ဒေါသများကင်းရန် လိုပါသေးသည်။

ချမ်းသာခြင်းကို ရကြပါစေ …

ဋ္ဌေးအောင်စိန်(အင်းမ)

Comments

comments

Post Author: manawmaya