ဓမ္မာရုံစောင့် ဘီလူးကြီး

ကိုအောင်စိန်သည် ပုတီးအလွန်စိပ်သူဖြစ် သည်။ ကျွန်တော်သိသမျှ သူသည် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်ပုတီးစိပ်သူဖြစ်၏။ သူ၏လုပ်ငန်း ကိစ္စ၊ သူ၏အိမ်တွင်းရေးကိစ္စနှင့်သူ၏ ကျန်းမာရေး ကိစ္စများ အဆင်မပြေဖြစ်သည့်အခါများတွင် ပုတီးကို  အဓိဋ္ဌာန်ဝင်၍ စိပ်လေသည်။ ထိုအခါမျိုးတွင် အောင် စိန်သည် သူ၏အိမ်မှ ဘုရားစင်ရှေ့တွင် ပုတီးစိပ်ခြင်း မပြုမူဘဲ ရွာစွန်ရှိ ဓမ္မာရုံအပျက်ကြီးအတွင်းရှိ ရှေး ဟောင်းရုပ်ပွားတော်ကြီးရှေ့တွင် သွားရောက် ပုတီး စိပ်လေ့ရှိသည်။

ကျွန်တော်တို့ ဥသျှစ်ပင်ကုန်းရွာထိပ်၊ ရွာစွန် တွင် ရှေးဟောင်းဓမ္မာရုံ အဆောက်အအုံပျက်ကြီး နှင့် ထိုဓမ္မာရုံပျက်ကြီးအတွင်း ရှေးဟောင်းဗုဒ္ဓ ဆင်း တုရုပ်ပွားတော်ကြီးတစ်ဆူ ရှိလေသည်။ ဓမ္မာရုံပတ် ချာလည်တွင် လယ်ကွင်းပြင်ကြီးများသာရှိသဖြင့် ဓမ္မာရုံပျက်ကြီးမှာ လယ်ကွင်းများ၏ အလယ်တွင် လူအိုကြီးတစ်ဦး တောင်ဝှေးထောက်၍ ကုံးကွနေသ ယောင် ပုံသဏ္ဌာန်ရှိနေ၏။ ရွာ၏စီးပွားရေးအခြေ အနေမှာလည်း မဖွံ့ဖြိုး၊ မကောင်းမွန်သဖြင့် ထိုဓမ္မာ ရုံအဟောင်းကြီးကိုလည်း မပြုပြင်နိုင်ကြချေ။ သီးခြား အလှူရှင်၊ အလှူဒကာ မပေါ်ပေါက်သေးသဖြင့် ဓမ္မာရုံအိုကြီးမှာ ပြိုကျမလိုဖြစ်နေသည်။ လင်းနို့ငှက် များ၊ တောက်တဲ့များ၊ စာကလေးများ၏ အသိုက် များဖြင့် ညစ်ပတ်ရှုပ်ပွေနေပြီး တစ်ခါတစ်ရံ မြွေတွန်သံ၊ ခိုညည်းသံများပင် ကြားရတတ်၏။ လူကြီး သူမများ အဆိုအရ ထိုဓမ္မာရုံပျက်ကြီးတွင် ဘီလူး ရှိသည်ဟု ဆိုကြသည်။ သို့သော်ယခုအချိန်ထိ ထို ဘီလူးကို မည်သူမျှ မြင်တွေ့ခဲ့ကြရသည်ဟုပြော ဆိုသံမကြားမိ။ နွားကျောင်းသားကလေးများသည် တစ်ခါတစ်ရံ၊ မိုးခို၊ နေခိုနေတတ်ကြ၏။ သို့သော် သူတို့သည် တစ်ဦးတစ်ယောက်တည်းမသွားကြဝံ့ကြ။

ကိုအောင်စိန်သည် ဓမ္မာရုံပျက်ကြီးဆီသို့ သွား ရောက်၍ အဓိဋ္ဌာန်ပုတီးစိပ်သည့်အခါ တစ်ကိုယ် တည်း နေ့နေ့ ညည သွားဝံ့သူဖြစ်လေသည်။ အကြောက်အလန့်မရှိ။ ကိုအောင်စိန်နှင့် ကျွန်တော် သည် စကားစပ်မိတိုင်း ကျွန်တော်က –

“ကိုအောင်စိန် ခင်ဗျားဓမ္မာရုံကြီးထဲ ပုတီး သွားစိပ်တော့ ဘီလူးတွေ ဘာတွေများ တစ်ခါမှ မတွေ့မိဘူးလား”

“ဟေ့အေး မတွေ့မိပါဘူး။ ငှက်သိုက်တွေ၊ ငှက်ချေးတွေ၊ တောက်တဲ့ချေးတွေ၊ ဖုန်တွေ အမှိုက် တွေပဲရှိတယ်။ ရှင်းလို့မနိုင်ဘူး။ ဟေ့ကောင် ရှုပ်ပွနံ စော်နေတာပဲ”

“ဒါဆို ကိုအောင်စိန် ပုတီးဖြောင့်ဖြောင့်ဘယ် စိပ်လို့ရမှာတုန်း”

“အေးကွ၊ ဒီလိုပဲ ငါ့ပုတီးစိပ်ဖို့ လုံလောက်တဲ့ တစ်နေရာစာတော့ သန့်ရှင်းရေးလုပ်ပြီး ပုတီးစိပ်ရ တာပေါ့ကွာ”

“မကြောက်ဘူးလား”

“မကြောက်ပါဘူး။ ဘာကြောက်စရာလိုလို့ လဲ။ အဓိဋ္ဌာန်ပုတီးစိပ်တာ ကောင်းတဲ့အလုပ်ပဲကွ”

ထိုသို့ဖြင့် ကိုအောင်စိန်သည် နှစ်ရှည်လများ အကြိမ်ကြိမ်သွားရောက်၍ ဓမ္မာရုံပျက်ကြီးအတွင်း အဓိဋ္ဌာန်ပုတီးစိပ်လေ့ရှိသည်။

တစ်နေ့တွင် ကိုအောင်စိန်သည် ကျွန်တော် တစ်ဦးတည်းကိုခေါ်ရင်း ထူးဆန်းသည့်သူ၏အတွေ့ အကြုံကို ကြက်သီးထဖွယ် ပြောပြလေသည်။

“ဒီမယ် ကောင်လေး  …ခုငါပြောပြမယ့် အကြောင်းကို မင်းယုံချင်မှယုံမယ်။ ဒါပေမဲ့ ငါ့မှာ လည်း ပြောပြချင်နေတာ ဘယ်သူ့ကို ပြောပြရမှန်းမ သိဘူး။ နောက်တော့ မင်းကိုသတိရပြီး ပြောပြချင် လို့ခေါ်လိုက်တာ။ ဒီလိုကွ …ရွာစွန်က ရှေးဟောင်း ဓမ္မာရုံအဆောက်အအုံပျက်ကြီးထဲက ဘီလူးကြီးကို မနေ့က ငါမြင်ခဲ့ရတယ် မောင်။ မနေ့က ညနေစောင်း နေဝင်ရီတရောမှာ ငါ ဓမ္မာရုံပျက်ကြီးဆီ ထုံးစံအတိုင်း ပုတီးသွားစိပ်တယ်။ အဲဒီအခါမှာ ထူးခြားတာက အရင်နေ့တွေကလို မဟုတ်ဘူးကွ။ စိမ်းရွှေရွှေအနံ့ တွေ အရင်ဆုံး ငါ့နှာခေါင်းမှာ အနံ့ရခဲ့တယ်။ ငါက လည်း လင်းနို့ချေး၊ တောက်တဲ့ချေး၊ ခိုချေး အနံ့ တွေပဲလို့ ထင်မိတယ်။ ဒါနဲ့ထုံးစံအတိုင်း ငါပုတီးစိပ်ဖို့ နေရာကို သန့်ရှင်းရေးလုပ်တယ်။ ပါလာတဲ့ ဖယောင်း တိုင် အကြီး ငါးတိုင်ကို ဘုရားမှာ မီးပူဇော်ပြီး ဘုရား ရှိခိုး၊ အဓိဋ္ဌာန်ပုတီး စစိပ်လိုက်သည်။ ဆယ်မိနစ် လောက်ကြာတော့ ငါ့ရဲ့နံဘေးမှာ ဒုန်းဒုန်းဒုန်း ဆိုတဲ့ အသံကြီးတွေ ကြားရတော့တာပဲ။ ငါလည်း အဓိဋ္ဌာန် ပုတီးစိပ် ပျက်မှာစိုးလို့ မျက်စိဖွင့်မကြည့်ဘဲ စိပ် လက်စ ပုတီးကိုပဲ သဲကြီးမဲကြီး ကြိတ်မှိတ်စိပ်နေ လိုက်တယ်။ ငါရဲ့ ဘေးပတ်ချာလည်မှာတော့ အချိန် အတော်ကြာအောင်ပဲ ‘ဒုန်းဒုန်းဒုန်း’ဆိုတဲ့ အသံကြီး တွေက ခြေသံ ပြင်းပြင်း နင်းသွားတဲ့ ဆင်ခြေ ထောက်သံတွေလိုပဲ ဆူညံနေတော့တယ်။ ငါလည်း ဂရုမစိုက်ဘူးကွ။ ငါ အဓိဋ္ဌာန်ပုတီးအချိန်စေ့တဲ့အထိ စိပ်နေလိုက်တယ်။ ငါအဓိဋ္ဌာန်ပုတီးပတ် ပြည့်လို့ ပုတီးစိပ်ရပ်နားပြီး ဘုရားကိုဦးချပြီး ဓမ္မာရုံ မျက်နှာ ကြက်ကို ကြည့်မိတဲ့အခါ နဲနဲနောနော ခြေထောက် ကြီးနှစ်ချောင်းမဟုတ်ဘူးကွာ။ မျက်နှာကျက်ပေါက် ထဲကနေ တွဲလောင်းချပြီး ယမ်းပြနေတာ။ ခြေသလုံး မွေးကြီးတွေကလည်း အရှည်ကြီးပဲ၊ ခြေသဲကြီးတွေ ကလည်း လက်ဝါးလောက်ရှိတယ်။ မျက်နှာကျက် တန်းတွေကလည်း တဖျစ်ဖျစ်မည်လို့။ ဒါပေမဲ့ ကျိုး မကျဘူးကွ။ ဒါနဲ့ငါလည်း မေတ္တာပို့ အမျှအတန်း ပေးဝေလိုက်တဲ့အခါ ခြေထောက်ကြီး နှစ်ချောင်းကို မျက်နှာကျက်အပေါက်ကနေ ဆွဲရုတ်သွားလေရဲ့။ ဒါနဲ့ ငါလည်း အိမ်ပြန်ဖို့ ဟိုကြည့်ဒီကြည့်  ကြည့်မိ လိုက်တော့ ငါဘေးပတ်ချာလည်မှာ လူ့ခြေထောက် ရာကြီးတွေ တစ်ဖက် တစ်ဖက်ကို ဆန်ကောလောက် နီးနီး ရှိတယ်ဟ။ ငါလည်း နောက်လှည့်မကြည့် တော့ဘူး။ ဓမ္မာရုံက ပြန်ထွက်ဖို့လုပ်တော့ တောက် ဆိုပြီး တောက်ခေါက်သံအကျယ်ကြီး ခေါက်ပြတယ်။ ငါလည်း သူ့ကို တောက်လျှောက် မေတ္တာပို့ အမျှ ဝေပြီး ပြန်လာခဲ့တယ်။

 

ချမ်းသာခြင်းကို ရကြပါစေ

ဋ္ဌေးအောင်စိန်(အင်းမ)

 

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . .

ဆရာဋ္ဌေးအောင်စိန်(အင်းမ)၏ ဓမ္မာရုံစောင့် ဘီလူးကြီးစာမူမှာ ကြက်သီးမွေးညှင်းထဖွယ်ဖြစ်၏။ ညမဖတ်ရ အမည်ရသော သရဲဝတ္ထုတစ်ပုဒ်ကို ဖတ် ရသကဲ့သို့သော ရသကို ပေးစွမ်းနိုင်ပေသည်။

စင်စစ် အစိမ်းသရဲ သင်းကွဲ ပြိတ္တာ၊ ဘီလူး သဘက် စသည်တို့မှာ မမြင်အပ်သော နာနာဘာဝ များဖြစ်၏။ အတိတ်ဘဝ အကုသိုလ်အကျိုးပေးကြောင့် မျက်မှောက် ဘဝ၌ ဘီလူးသဘက် စသော မကောင်းဆိုးဝါး ဘဝ ရောက်နေရသည့် အပါယ်လေး ဘုံသားဖြစ်၏။

တကယ်တော့မူ ကိုအောင်စိန်ကဲ့သို့သော ပုတီး သမားက ဓမ္မာရုံတွင် ပုတီးလာစိပ်တိုင်း ဘုရားရှိ ခိုး အမျှအတန်းပေးဝေ မေတ္တာပို့သလျက် ကောင်း ရာကောင်းကြောင်းအလုပ်များကို စွမ်းစွမ်းတမံဆောင် ရွက်နေသည်ကို အကူအညီပေးခြင်းဖြင့် ကုသိုလ်ရှာ သင့်၏။ သို့မှသာ လက်ရှိ ဘီလူးဘဝမှ ကျွတ်လွတ် နိုင်သော ဘဝသို့ ရောက်ရှိမည်ဖြစ်၏။

ယခု ဖော်ပြခဲ့သော ဓမ္မာရုံစောင့်ဘီလူးသည်  မကောင်းဆိုးဝါး အပါယ်ဘုံသားဘဝ ရောက်နေရ သည်ကိုပင် နောင်တမရ။ ပုတီးစိပ်နေသူအား အာရုံ ပျက်အောင် ခြောက်လှန့်ခြင်းမှာ အကုသိုလ်ကြောင့် ဘီလူးဘဝ ရောက်နေရသော မကောင်းဆိုးဝါး ဘီလူး အတွက် အကုသိုလ်ထပ်ဆင့်ခြင်းဖြစ်၏။ ဘီလူးဘဝ ဖြင့် မကျွတ်လွတ်ဘဲ နှစ်ပေါင်းမည်မျှ နေရဦးမည် ဆိုတာ မစဉ်းစားရဲလောက်အောင်ပင်။ အသိတရား မရရှာပေ။ ဓမ္မာရုံစောင့်ဘီလူးကြီးအတွက် မည်သူက မည်သို့ လုပ်ပေး နိုင်ပါမည်နည်း။

ဒိဗ္ဗာန်(ဂမ္ဘီရ)

Comments

comments

Post Author: manawmaya