ကျွန်ုပ်နှင့် အလိုရမ္မက်ကြီးသူများ

ယခုတလောတွင် ကျွန်ုပ်သည် ထီသိန်း တစ်သောင်းဆုကြီး ပေါက်ချင်နေသည်။ အောင် ဘာလေ ထီသိန်းတစ်သောင်းဆုကြီး တိုးမြှင့်ဖွင့်လှစ် သည့်အကြိမ်မှ စတင်၍ အကြိမ်ရေမပျက်ထိုးဖြစ် အောင်ထိုးခဲ့၏။ ရှင်းရှင်းပြောရလျှင် ကျွန်ုပ်၏ လက် ရှိအခြေအနေသည် စားစရာ ဝတ်စရာ၊ နေစရာ၊ လှူတန်းစရာ အပူအပင်တပြားသားမှ မရှိသော ပုဂ္ဂိုလ်ဖြစ်ည်။ ဤသို့ဆိုလျှင် ကျွန်ုပ်သည် အဘယ် ကြောင့် ထီသိန်းတစ်သောင်းဆုကြီးကို ပေါက်ချင်နေ မိပါသနည်း။ အမှန်တွင်မူ ကျွန်ုပ်သည် ကိုယ်တိုင် ပင် အလိုရမ္မက်ကြီးနေသူ ဖြစ်လေတော့သည်။

တစ်နေ့သ၌ အသက်အရွယ်ကြီးရင့်သူ မိတ် ဆွေတစ်ဦးမှ သူသည် အိမ်ြပင်မထွက်နိုင်၍ ကျွန်ုပ် အား ထီထိုးခိုင်းစေသည်။ သူသည် ချမ်းသာသည့် အခြေအနေတွင် ရှိသည်ဟု ကျွန်ုပ်ထင်မြင်၏။ သူ သည် ကျွန်ုပ်ကိုပြောသည် “ကျုပ် ထီသိန်းတစ် သောင်းဆုပေါက်မှဖြစ်မယ်။ ခင်ဗျားကတော့ ဟန်ကျ တယ်ဗျာ။ ငွေရေးကြေးရေး မပူပင်ရဘူး”ဟုဆိုလေ သည်။ ကျွန်ုပ်သည် သူ့ကိုဘာမျှပြန်မပြောဆိုတော့ ဘဲ သူလိုချင်သော ထီကို ထိုးပေးလိုက်၏။ သူ့ကို အလိုရမက်ကြီးသူပါလားဟူ၍ ကျွန်ုပ်မှတ်ယူလိုက် မိလေသည်။ သူ၏ အခက်အခဲကို ကျွန်ုပ်မသိ။

“သူငယ်ချင်း ငါထီသိန်းတစ်သောင်းပေါက် ချင်တယ်ဟာ”ဟူ၍ ကျွန်တော်၏ သူငယ်ချင်းက ဆိုလာပြန်သည်။ ကျွန်ုပ်၏ သူငယ်ချင်း၏အခြေအ နေကိုကြည့်လိုက်သောအခါ တည်းခိုခန်းဖွင့်လှစ် ထားသော အိမ်အဆောက်အုံကလေးများပိုင်ဆိုင် ဖွင့်လှစ်ထားပြီး ကျွန်ုပ်သွားရောက်တိုင်း သူတစ်ဦး တည်း အလုပ်ရှုပ်နေတာတွေ့ရသည်။ အခြားမိသား စုဝင်များလည်း မတွေ့ရ။ ကျွန်ုပ်ကိုဧည့်ခံကျွေးမွေး ရာတွင်လည်း အဆင့်မြင့်မြင့် အစားအသောက် အသုံးအဆောင်များဖြင့် တခမ်းအနား ဧည့်ခံကျွေး မွေးလေ့ရှိသည်။ သူက ပြောပြန်သည်။ “နင်ကတော့ ဟန် ကျတယ်။ ငွေရေးကြေးရေး ပူစရာမလိုဘူး။ ငါကတော့ သိန်းတစ်သောင်းဆုထီ အရမ်းပေါက် ချင်တယ် သိလား” ထိုသူငယ်ချင်း၏ အကြောင်းကို အခြား သူငယ်ချင်းများ၏ အဆိုအရ သူ၏တည်း ခိုခန်းလုပ်ငန်းအပြင် အခြားဝင်ငွေရရှိနိုင်သော အလုပ်များကိုလည်း ထွက်လုပ်လိုက်သေးသည်ဟု ဆိုကြပြန်သည်။ ကျွန်ုပ်သည် သူငယ်ချင်းကို အလို ရမ္မက်ကြီးသူပါလားဟုဟူ၍ မှတ်ယူလိုက်လေသည်။ သူ၏ အခက်အခဲကို ကျွန်ုပ် လျစ်လျူရှုလိုက်သည်။

“အဘ ကျွန်တော် သိန်းတစ်သောင်းဆုထီ ကြီးပေါက်ချင်တယ်ဗျာ။ ကျွန်တော်ပေါက်မှာပါဗျာ။ ဒီတစ်ပတ်ပေါက်မှာ ကျွန်တော် သေသေချာချာထိုး ထားတယ်”ဟူ၍ ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက် တူ ကလေးက ဆိုပြန်သည်။ သူ့ကို ကြည့်ရသည်မှာ ခေတ်လူငယ်ကလေးဖြစ်ပြီး ဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းနေသည်ဟု ကျွန်ုပ်မြင်ခဲ့၏။ သူ၏ လက်ရှိ လုပ်ကိုင်နေသော လုပ်ငန်းခွင်တွင် စားရေး၊ သောက် ရေး၊ နေရေး၊ ထိုင်ရေးပူပင်စရာမရှိ သူရရှိသည့် လစာနှင့် အခြားအကျိုးခံစားခွင်တို့မှာလည်း စနစ် တကျ  သုံးစွဲတတ်လျှင် စုနိုင်၊ ဆောင်းနိုင်သည့် အနေအထားရှိလေသည်။ သူက ပြောပြန်၏။

“အဘကတော့ ကံကောင်းတယ်ဗျာ …ငွေ ရေးကြေးရေးအတွက် မပူရဘူး။ ကျွန်တော်ကတော့ သိန်းထီတစ်သောင်းဆုပဲ ပေါက်ချင်တော့တယ်” ကျွန်ုပ်သည် ထိုကလေးကို ဘာမျှပြန်မပြောတော့ဘဲ လျက် ပြုံးရယ်၍သာ နေမိလေတော့သည်။ စိတ်ထဲ မှာဖြင့် သူကလေးကလည်း အလိုရမ္မက်ကြီးနေသူ ကလေးပါလားဟူ၍ ထင်မှတ်မိလိုက်ပြန်သည်။

ကျွန်ုပ်အပါအဝင် ကျွန်ုပ်၏ မိတ်ဆွေ သူငယ်ချင်းနှင့်တူ ကလေးတို့အတွက် သိန်းတစ် သောင်းတန်ဖိုးရှိငွေကြေးကို အဘယ်ကြောင့် အလိုရှိ နေကြပါသနည်း။ ငွေကို အချို့ပညာရှိများသည် ဒုတိယ ဘုရားသခင်ဟူ၍ တင်စားကြ၏။ ကျွန်ုပ် တို့သည် ဘုရားသခင်ကဲ့သို့ ကိုးကွယ်လိုနေကြလို ခြင်းကြောင့်လား။ သို့မဟုတ် အခြားမမြင်နိုင်သည့် အခက်အခဲများကို ဖြေရှင်းရန်အတွက်ကြောင့်လား ဟူ၍ ကျွန်ုပ်စဉ်းစားမိလေသည်။ သို့သော် ကျွန်ုပ် အနေဖြင့် သူတို့ငသည် ငွေကြေးအထူးအခက်အခဲ ရှိနေကြသူများ မဟုတ်ဟူ၍လည်းကောင်း၊ သူတို့ အားလုံးကလည်း ကျွန်ုပ်သည် ငွေရေးကြေးရေး လိုအပ်သူ မဟုတ်ဟူ၍လည်းကောင်း၊ တစ်ဦးအပေါ် တစ်ဦး ကိုယ်ထင်ရာ ကိုယ်ထင်မှတ်နေကြသူများ ဖြစ်ကြလေတော့သည်။

လူသားတို့သည် မိမိတို့တွင် မရရှိ မခံစား ဖူးသော ဥစ္စာ၊ ရွှေ၊ ငွေ၊ ပစ္စည်းစည်းစိမ်၊ အြွေခအ ရံ၊ အာဏာတို့ကို အလိုရှိကြလေသည်။ တိုက်ရှိပြီး သူများက ကားလိုချင်သည်။ ကားရှိပြီးသူများက ဟိုတယ် ကုမ္ပဏီပိုင်ချင်သည်။ သားသမီးမရှိသူများ က သားသမီးလိုချင်သည်။ ဥစ္စာ၊ ရွှေ၊ ငွေ၊ ပစ္စည်း၊ စည်းစိမ်၊ အြွေခအရံပြည့်စုံပြီးသားသူများက အာဏာ လိုချင်ပြန်သည်မှာ ဓမ္မတာကြီးပင်ဖြစ်နေလေတော့ သည်။ ထီမပေါက်ဖူးသေးသူများကလည်း ထီပေါက် ချင်သည်မှာ မဆန်းပြားပေ။

ကျွန်ုပ် မှတ်မိနေသေး၏။ အတိတ်တစ်ချိန် တစ်ခါက မော်တော်ကားမြောက်မြားစွာ ပိုင်ဆိုင်ပြီး ကားအရောင်းအဝယ်ဖြင့် ကြီးပွားနေသော သူ ငယ်ချင်းတစ်ဦး၏ ဖိတ်ခေါ်မှုအရ သူရှိရာကား အရောင်းစင်တာသို့ ရောက်ရှိသွားခဲ့လေသည်။ ငယ် သူငယ်ချင်းနှစ်ဦး မတွေ့ရသည်မှာ ကြာပြီဖြစ်၍ စကားပြောကြ၊ စားကြ၊ သောက်ကြဖြင့် အချိန်လင့် သွားလေတော့၏။ ကျွန်ုပ်တို့နှစ်ဦး တွေ့ဆုံကြရာ ရန်ကုန်မြို့မှ ကျွန်ုပ်နေထိုင်ရာ တိုက်ကြီးမြို့သို့ ပြန် ရန်အတွက် မိုးချုပ်စပြုနေချေလေပြီ။ ထိုအခါ သူငယ်ချင်းဖြစ်သူမှ သူသည် အလုပ်မအားသဖြင့် လိုက်မပို့နိုင်သောကြောင့် သူ၏ကားကို ယူ၍ ပြန် ရန် ကျွန်ုပ်အား ပြောလေသည်။ သူ၏ကားကြီးမှာ နောက်ဆုံးပေါ် အကောင်းစားကားကြီး ဖြစ်လေ၏။ ထိုအချိန်အခါက ကျွန်ုပ်တွင် စားစရာ၊ ဝတ်စရာ၊ နေစရာ၊ အခြားဇိမ်ခံပစ္စည်းများ ရှိနေသော်လည်း၊ မော်တော်ကားမရှိသဖြင့် ကျွန်ုပ်တွင် မော်တော်ကား များရှိခဲ့လျှင်ဟူ၍ စိတ်ကူးယဉ်ခဲ့ဖူးလေသည်။ ကျွန်ုပ် သည် ကိုယ်ပိုင်ကား အကောင်းစားကြီးဖြင့် ကျွန်ုပ်၏ မြို့သို့ပြန်ရမည် ဖြစ်လေ၏။ သို့သော် ကျွန်ုပ်သည် ကားမမောင်းတတ်ပါ။ ကျွန်ုပ်၏ အလိုရမ္မက်သည် ကျွန်ုပ်တွင်မရှိသော အရာတို့ကိုတောင့်တခဲ့သော် လည်း အမှန်တကယ်လက်ဝယ်ရောက်ရှိလာသော အခါ ကျွန်ုပ်အဖို့ အသုံးပြုရန် အဆင်သင့်မဖြစ် ခဲ့ပါ။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့သည် ဒုတိယဘုရား သခင်ဖြစ်သော သိန်းတစ်သောင်းငွေကြေးကိုအလိုရှိ နေခဲ့ပါသော်လည်း အကယ်၍ ကျွန်ုပ်တို့ထံ လက် ဝယ်ရောက်ရှိချိန်တွင် ကျွန်ုပ်တို့အဖို့ ကိုးကွယ်ရန် သို့မဟုတ် အသုံးပြုရန် အဆင်သင့်ဖြစ်နေကြပါမည် လောဟူ၍ တွေးမိပြန်သည်။ ကျွန်ုပ်ငယ်စဉ်အခါ ကျောင်းသားဘဝတုန်းက ကျပန်းစကားပြောပြိုင် ပွဲတွင် ကျွန်ုပ်ထီပေါက်ခဲ့သော်ဟူသော ခေါင်းစဉ် ကလေးကိုပြေး၍ မြင်ယောင်မိလေတော့သည်။

ကျွန်ုပ်အရာရှိဝန်ထမ်းဘဝက ဖြစ်စဉ်လေး တစ်ခုကို အမှတ်ရမိသေးသည်။ ကျွန်ုပ်တွင်နေ့စား ဝန်ထမ်းများစွာရှိ၍ သူတို့နှင့် လက်ပွန်းတတီးအလုပ် လုပ်ကိုင်ဆောင်ရွက်ရလေသည်။ တစ်နေ့သ၌ ကျွန်ုပ်၏ နေ့စားဝန်ထမ်းတစ်ဦးဖြစ်သူ မောင်မူးသည် အောင်ဘာလေထီ ငါးသိန်းဆုပေါက်လေသည်။ ထို စဉ်အခါက နေ့စားဝန်ထမ်းတစ်ဦး၏ နေ့တွက်ခမှာ ခြောက်ကျပ် ပြားငါးဆယ်သာဖြစ်သဖြင့် ကျပ်ငွေ ငါးသိန်းဆိုသည်မှာ သူဋ္ဌေးဖြစ်ခွင့်ရရှိခြင်းပင်ဖြစ် လေတော့သည်။ တပည့်မောင်မူးသည် နဂိုကတည်း ကပင် အရက်သေစာမင်ခြင်း၊ အပျော်အပါးခုံမင်  ခြင်း၊ ဘဝင်မြင့်ခြင်းစိတ်များရှိသောကြောင့် မြင်းကို ချိုတပ်ပေးလိုက်သကဲ့သို့ ဖြစ်ချေလေတော့၏။ မောင်မူးသည် ထိုစဉ်အခါက တိုယိုတာဟိုင်းလပ် ကားကို တစ်သိန်းခွဲတန်ဆိုလျှင် ကောင်းကောင်း ရသဖြင့် ဝယ်ယူခဲ့သည်။ ထို့နောက် သူ၏ မိန်းမနှင့်  သားသမီးများကို ရွှေငွေလက်ဝတ်တန်ဆာများဝယ် ၍ ဆင်ပေးသည်။ ဝယ်ယူထားသော ဟိုင်းလပ်ကား ဖြင့် ခရီးဝေးပါစင်ဂျာဆွဲလေသည်။ သူသည် ကား မမောင်းတတ်။ ဒရိုင်ဘာ၊ စပယ်ရာအငှားခေါ်ယူ၍  သူသည် ကားခေါင်းခန်းတွင် သူဋ္ဌေးပိုင်ရှင်အဖြစ် လိုက်၏။ ကားအကြောင်းကို စိုးစဉ်းမျှ နားလည်သူ မဟုတ်။ ရောက်ရှိဂိတ်တွင် အရက်သေစာ သောက် စားခြင်း၊ မိန်းမရွှင်များဖြင့် ပျော်ပါးခြင်းများပြုလုပ် ခဲ့သဖြင့် တဖြည်းဖြည်းဖြင့် စည်းစိမ်များလုံးပါးပါး ၍ နောက်ဆုံးတွင် ရောဂါရပြီး အသက်ပါဆုံးရှုံးသွား ခဲ့သည့်အဖြစ်ကို ရောက်သွားခဲ့လေတော့သည်။ ဘဝ မေ့သူတစ်ယောက်ဖြစ်ပြီး သူ၏စားဝတ်နေရေး မပြေလည်စဉ်အခါက ကျွန်ုပ်ထံမှ ချေးငှားထားသော  ငွေသုံးရာကျပ်ကိုပင် ပေးဆပ်သွားနိုင်ခဲ့သူမဟုတ်ခဲ့ ပါ။ ထို့ကြောင့် ရှေးလူကြီးသူမများ၏ ဆိုစကားရှိခဲ့ လေသည်။ “ယောကျာ်းများသည် ချမ်းသာသည့် ဒဏ်ကို မခံနိုင်။ မိန်းမတို့သည် ဆင်းရဲသည့် ဒဏ်ကို မခံနိုင်”ဟူ၍ဖြစ်၏။ ထိုဒဏ်များကို မခံနိုင်သူတို့သည်  ဘဝပျက်ရုံတင်သာမက အသက်ပါ ဆုံးရှုံးရလေ တော့သည်။

လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့သည် ကာမ ဂုဏ် အာရုံနှင့် ရွှေငွေ၊ စည်းစိမ်ဥစ္စာ၊ ကျော်စောမှု၊ြွေခရံအာဏာတို့ကို တစ်ဆင့်ထက်တစ်ဆင့် အလို ရမ္မက်ကြီးကြကုန်လေသည်။ ထိုသူတို့သည် မိမိတို့ ကိုယ်ကို မိမိတို့ မြင်အောင်မကြည့်ဘဲလျက် မိမိတို့၏ ပြင်ပ ဗဟိဒ္ဓများကိုသာ ကြည့်ကြကုန်၏။ လူတို့သည် မိမိတို့၏ ပြင်ပအရိပ်အယောင်များကို ပို၍ စိတ် ဝင်စားကြသည်။

အခါတစ်ပါး၌ သူခိုးတစ်ယောက်သည် သူခိုး လိုက်သူများ၏ ရန်ကြောင့် ဘုရားပရိဝုဏ်အတွင်းသို့ လွတ်ရာလွတ်ကြောင်း ပြေးဝင်လိုက်လေသည်။ အချိန်မှာလည်း မိုးသောက်ယံဖြစ်သဖြင့် ဘုရားပရိ ဝုဏ်၏ ဘုရားဆင်းတုတော်၏ ရှေ့တွင် တရားရှုမှတ် နေသူ သူတော်စင်တစ်ဦး ရှိနေလေ၏။ သူခိုးသည် လည်း ကြံမိကြံရာကြံစည်၍ သူတော်စင်၏ အနီး အနားတွင်ပင် တရားရှုမှတ်ဟန်ပြု၍ နေလိုက်လေ တော့သည်။ နံနက်မိုးသောက်တရားများ ရှုမှတ်ပြီး စီးသောအခါ သူတော်စင်မှ သူ၏ဘေးမှ တရားရှု မှတ်နေလျက်ရှိသော သူခိုးအားကြည့်ရှုလျက် “ဪ… လည်း သူတော်စင်တစ်ဦးပါလား”ဟူ၍ မှတ်ချက်ချလိုက်လေသည်။ သူစိတ်ကူးဖြင့် သူ၏ ပြင်ပကိစ္စများကို တွေးထင်သွားခြင်းဖြစ်လေသည်။

သူခိုးကလည်း သူတော်စင်အဝေးရောက်ချိန် တွင် တရားရှုမှတ်ခြင်း အယောင်ဆောင်မှုကို ရပ်တန့် ပြီး “ဪ… သူလည်း ငါ့လိုသူခိုးပါလား”ဟူ၍ မှတ် ချက်ချလိုက်လေတော့လေသည်။ သူခိုးသည်လည်း သူ၏ ပြင်ပထင်မြင်ချက်ဖြစ်၏။

ထိုသို့ပင် ကျွန်ုပ်နှင့် ကျွန်ုပ်၏ မိတ်ဆွေ သူငယ်ချင်းနှင့် တူတို့သည်လည်း ကျွန်ုပ်အား အထင် တကြီးဖြင့် ငွေလိုသူမဟုတ်ဟု ထင်သကဲ့သို့ ကျွန်ုပ် ကလည်း ထိုသူတို့မှာ ငွေကြေးလိုအပ်သူများ မဟုတ် ဟု တစ်ဦးကိုတစ်ဦး မိမိ လိုရာဆွဲတွေးနေကြသူများ ဖြစ်ကြလေသည်။ အမှန်မှာမူ ငွေကြေးနှင့် ပတ်သက် ၍ ကျွန်ုပ်အပါဝင် အားလုံးသောသူတို့သည် အလို ရမ္မက်ကြီးနေကြသူများပင် ဖြစ်လေ၏။

ကျွန်ုပ်နှင့် အလိုရမ္မက်ကြီးသူများသည် “မရှိ တောင့်တ ရှိကြောင့်ကြ”ဆိုသော အဆိုအမိန့်တို့အား လျစ်လျူရှုထားကြလေသည်။ တောင့်တခြင်းဖြစ်စေ၊  ကြောင့်ကြခြင်းဖြစ်စေ၊ အလုံးစုံတို့သည် ဒုက္ခများ ပင်ဖြစ်ကြ၏။ ကျွန်ုပ်တို့၏ နဂိုဒုက္ခများဖြစ်သော  အိုနာသေ ကိစ္စများအပြင် အပိုဒုက္ခများဖြစ်ကြသော တောင့်တ၊ ကြောင့်ကြခြင်းများဖြင့်သာလျှင် သတိ မေ့လျော့နေကြလေတော့သည်။ တင်းတိမ်ရောင့်ရဲ ခြင်းသည် ချမ်းသာရာ၏ဟူ၍ သတိမမူကြဘဲလျက် ရလေလိုလေ အိုတစေများအဖြစ် ကျွန်ုပ်တို့သည် အလိုရမ္မက်ကြီးနေသူများဖြစ်နေကြရလေတော့သည်။   သို့ဖြစ်၍ ကျွန်ုပ်တို့၏ အလိုရမ္မက်များအား ထိန်း ကျောင်းနိုင်ရန်အတွက် ကျွန်ုပ်တို့ ရရှိထားသော ခန္ဓာ ကြီးနှင့် ဥစ္စာပစ္စည်းတို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ များပါတကားဟူ၍ ဆင်ခြင်ရင်းဖြင့် …။

 

ချမ်းသာခြင်းကို ရကြပါစေ။

ဋ္ဌေးအောင်စိန်(အင်းမ)

Comments

comments

Post Author: manawmaya