ကျွန်ုပ်နှင့် အနှိပ်သည်များ

ကျွန်ုပ်သည် အသည်းယားတတ်သူဖြစ်သည်။ ကျွန်ုပ်ငယ်စဉ်အခါက ကျွန်ုပ်ကို အသားထိ ၍ ကလိထိုး ကျီစယ်လျှင် မနေနိုင်မထိုင်နိုင် အောင်ပင် အူတက်အောင် ရယ်မောခံစားရ၏။ နောင်တွင် အသားကိုမထိဘဲ ကျွန်ုပ်၏ရှေ့မှ ကလိ ထိုးမည့် အမူအရာပြရုံဖြင့်ပင် ကျွန်ုပ်မှာ အနေခက်လှ သည်။ လူရွယ် လူလတ်ပိုင်းသို့ ရောက်လာသော အခါ အားကစားနည်း ပေါင်းစုံကို အပျော်အပါး အဖြစ်လည်းကောင်း၊ ကိုယ်စားပြုအနေဖြင့်သော် လည်းကောင်း ကစားသောအခါ ကိုယ်လက်နာကျင် ကိုက်ခဲမှုများ ရှိခဲ့သော်လည်း နင်းနှိပ်အကြောဖြေ အညောင်းဖြေရသည်ဟူ၍ မရှိ။ ဆရာများ၏ သွေးပူလေ့ကျင့်ခန်း၊ သွေးအေး လေ့ကျင့်ခန်းများ ဖြင့်သာ ပြီးစီးသွားခဲ့သည်။ သွေးသားလည်ပတ်အား ကောင်းသည့်အရွယ်လည်းဖြစ်၊ တက်ြွကလန်းဆန်း သည့် အရွယ်လည်းဖြစ်သောကြောင့် ညောင်းသည် လည်း မရှိ၊ ညာသည်လည်း မရှိခဲ့။ နဂိုကတည်းက အသားထိလျှင် ယားတတ်သူဖြစ်သဖြင့် အနင်းအနှိပ် ခံရမှာကို ကြောက်၍ ကျွန်ုပ်တို့ ငယ်ရွယ်စဉ်အခါက လူကြီးမိဘများက အနင်းအနှိပ် ခိုင်းစေသောအခါ ကျွန်ုပ်သည် စိတ်မပါ လက်မပါနှင့် လုပ်ပေးခဲ့ရလေ သည်။ သူတို့သည် အဘယ်ကြောင့် ညောင်းညာ နေရပါသနည်းဟု ငြိုငြင်မိ၏။ ကြောက်၍သာ နင်းနှိပ်ပေးခဲ့ရသော်လည်း မနင်းချင်၊ မနှိပ်ချင်ခဲ့ပါ။ ချို့ယွင်းချက်အနေဖြင့် ကျွန်ုပ်၏ ဦးကြီးတော်သူ တစ်ဦးမှာ လုံးဝ အနင်းအနှိပ်မခံသူဖြစ်သောကြောင့် သူ့ကို စိတ်ဝင်တစား မေးကြည့်ခဲ့ဘူး၏။

“ဦးကြီး အခြား အသက်အရွယ်ရလာတဲ့ လူကြီးတွေက အနင်းအနှိပ်ခံပြီး ဦးကြီးကျတော့ ဘာဖြစ်လို့ အနင်းအနှိပ်မခံတာလဲ”

“ဟကောင်ရ ကျန်းမာရေးဂရုစိုက်၊ စားတာ အိပ်တာ၊ ရေချိုးတာ အချိန်မှန်အောင်နေ၊ လမ်း များများ လျှောက်ရင် ဘယ်အနှိပ်ခံရလိမ့်မှာတုန်း။ အချိန်ကုန်သက်သာတယ်။ ငွေကုန်သက်သာတယ် ကွ၊ အနင်းအနှိပ်ခံတဲ့ အလုပ်ဆိုတာ ဇိမ်ခံတဲ့အလုပ် ကွ”

ဦးကြီးပြောတာသည် သဘာဝကျလေသည်။ ကျွန်ုပ်တို့ ငယ်ရွယ်စဉ်အခါတွင် ကလိထိုးမှာကို ကြောက်ခြင်း၊ လူငယ်လူရွယ်တွင် ကိုယ်လက်လှုပ် ရှားမှုများရှိခြင်းကြောင့် အနင်းအနှိပ်ခံရန် မလိုခဲ့ကြ။  သို့သော် လူကြီးပိုင်းအရွယ်သို့ ရောက်လာခဲ့သောအခါ  ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာကြသည်။ “လျောင်း၍ အိပ်စက်ခြင်းများလျှင် များမည်။ ထိုင်၍ နေခြင်းများလျှင်များမည်။ မတ်တပ်ရပ်၍ အလုပ် လုပ်ရခြင်းလည်း များနိုင်သည်။ ဟိုပြေးသည်လွှား မနားမနေ သွားလာလုပ်ကိုင်နေရသည်များလည်း ရှိပေမည်။ လိုရင်းကိုသာဆိုရလျှင် ‘လျောင်း၊ ထိုင်၊ ရပ်၊ သွား’ ဣရိယာပုတ် မမျှတနိုင် ဖြစ်ကြရလေ သည်။ လိုတိုးပိုလျော့ ညှိယူ၍ရနိုင်သော အရွယ် များလည်း မဟုတ်သောအခါ တစ်စုံတစ်ရာ အစွန်း ရောက်သွားသည်နှင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် သွေး၊ လေ၊ ဆီး၊ ဝမ်း မမှန်ခြင်းဖြစ်ရလေတော့ သည်။ အပူအောင်းမည်။ အအေးခဲမည်။ ‘ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော’မဟာဘုတ်ဓာတ်ကြီး လေးပါး မမျှမတဖောက်ပြန်ခြင်း ခံရလေတော့၏။

ငယ်ရွယ်နုပျိုစဉ်အခါတုန်းကကဲ့သို့လည်း မလွတ်လပ်၊ မပေါ့ပါးနိုင်တော့ပါ။ စားဝတ်နေရေး အတွက် သင့်ရာလုပ်ငန်းခွင်ဝင်ရတော့၏။ အေးလွန်း   သည့်နေရာတွင်လည်း ဖြစ်နိုင်သည်။ ပူလွန်းသည့် နေရာတွင်လည်း ဖြစ်နိုင်သည်။ အချိန်မှန် အိပ်၊ စား၊ ရေချိုးခြင်း ဖြစ်ချင်မှလည်း ဖြစ်ပေမည်။ လျောင်းခြင်း၊ ထိုင်ခြင်း၊ ရပ်ခြင်း၊ သွားခြင်းများလည်း လွန်ကျူးသည့် လုပ်ငန်းခွင်တွင်မှာလည်း သက် မွေးဝမ်းကျောင်းရနိုင်သည်ဖြစ်သောကြောင့် ကျွန်ုပ် တို့ ခန္ဓာကိုယ်အတွက် သွေးသားလည်ပတ်စေရန် ပထဝီကြောနားလည်သူ တေဇောခေါ် အပူအအေး မျှတအောင် ပြုပြင်ပေးနိုင်သူ၊ အာပေါခေါ် ခဲနေ သည့် မလိုလားအပ်သော အရည်အကြည်ဓာတ်များ ပျော်ဝင်စီးမျောစေနိုင်သူ၊ ဝါယောခေါ် မလိုလားအပ် သော လေများ အောင်းနေခြင်းမှ ခန္ဓာကိုယ်ပြင်ပသို့ အကြောပြင်၍ ထုတ်ပေးနိုင်သူ ပညာရှင် သို့မဟုတ် အနှိပ်သည်တို့၏ အကူအညီလိုအပ်လေတော့သည်။

ကျွန်ုပ်၏ အသက်လေးဆယ်ကျော်ရောက် သောအခါ ကျွန်တော်မုန်းခဲ့သော အနင်းအနှိပ်ခံခြင်း ကိစ္စကို ကျွန်တော် လုပ်ရလေတော့သည်။ ကျွန်တော် ၏ မုန်းခဲ့သော ထိုင်အလုပ်ဖြစ်သောကြောင့်လည်း ကောင်း၊ စာရင်းဇယားများပြုလုပ်ရာတွင် မျက်လုံး အားစိုက်ရသောကြောင့်လည်းကောင်း၊ အလုပ်ကို အာရုံစူးစိုက်ရသဖြင့် အာရုံကြောများ အလုပ်များ သဖြင့်လည်းကောင်း၊ မျက်စိမှာ အနီးမှုန်ခြင်းစတင် လာပြီဖြစ်၍လည်းကောင်း၊ သွေးတိုးနှုန်းမမှန်၍ သွေး တိုးရောဂါ အစပြုပြီဖြစ်၍လည်းကောင်း၊ အင်္ဂလိပ် ဆေး၊ မြန်မာတိုင်းရင်းဆေးများ မှီဝဲခဲ့သော်လည်း ခေတ္တမျှသာ ပျောက်ကင်းပြီး ခဏခဏ ပြန်လည် ထိုင်းမှိုင်းညောင်းညာမူးဝေနေလေသည်။ သို့ဖြစ်၍ ခင်မင် ရင်းနှီးသူတို့၏ အကြံပေးချက်အရ ကျွန်ုပ် သည် အနင်းအနှိပ်ကို စမ်း၍ ခံကြည့်မိသည်။

ကျွန်ုပ်သည် ကံကောင်းသည်ဟုဆိုရပေ မည်။ ကျွန်ုပ်စတင်စမ်းသပ်၍ အနင်းအနှိပ်ခံစဉ် နင်း နှိပ်ပေးသူမှာ ရှေးဆရာ လက်နှိပ်ပညာသည်တို့ထံမှ စနစ်တကျ သင်ယူထားသူများဖြစ်သဖြင့် ပထဝီ ကြော၊ ဝါယောကြော၊ အာပေါကြော(နင်းနှိပ်နေစဉ် ဆီးခဏခဏ သွားစေခြင်း)၊ တေဇောကြော(အပူ ထုတ်ပေးခြင်း)စသည်များကို ရှင်းလည်းပြသည်။ ကျွမ်းကျင်သည့် လက်နှိပ်ပညာအစွမ်းကိုလည်း ပြသ ခဲ့သဖြင့် မထင်မှတ်စွာ လူတစ်ကိုယ်လုံး ပေါ့ပါး လန်းဆန်းခဲ့ရဖူးလေသည်။

ကျွန်ုပ်သည် ဌာနဆိုင်ရာ ဝန်ထမ်းလုပ်ခဲ့ဖူး သဖြင့် နေရာ၊ ဒေသအစုံ၊ သွားလာတာဝန်ထမ်း ဆောင်ခဲ့ရလေသည်။ အနင်းအနှိပ်ကိုလည်း နေရာ ဒေသအစုံမှ အနှိပ်သည်များနှင့် ကြုံဆုံခဲ့ရ၏။ အချို့က ကျွန်ုပ်မခံစားနိုင်သည့် နေရာများကိုဖိနင်း၍ အဲဒါမှ အကြောပြေတာ၊ အဲဒီအကြောတွေ တင်း နေတာ ဟူ၍ဆိုသည်။ အချို့မှာ ညင်ညာပျော့ပျောင်း စွာ နင်းနှိပ်၍ ကျွန်တော်အား အိပ်မွေ့ချသကဲ့သို့ အိပ်စေ၍ သူတို့က ဆေးလိပ်သောက်၊ ရေနွေး ကြမ်းသောက်နေတတ်လေသည်။ သို့သော် အနှိပ် ပညာကို အမှန်တကယ် လက်ကွက်ဖြင့် သင်ကြား တတ်မြောက်ထားသူများကို ကျွန်ုပ် စပ်စုကြည့်ရာ လူတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအတွက် အချိန် တစ်နာရီခွဲမျှ အချိန်ပေး၍ အနင်းအနှိပ်ခံလျှင် ပြည့်စုံ ပါသည်ဟုဆိုကြလေသည်။ နေ့စဉ်ရက်ဆက် အနင်း အနှိပ်ခံလျှင်လည်း အသားများ နာကျင်၍ ရောဂါ တိုးနိုင်သည်ဟု ဆို၏။

ကျွန်ုပ်အသက်အရွယ်ကြီးရင့်လာသောအခါ အနှိပ်ခံခြင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်မိလေ သည်။ သဠာယတန ခြောက်ပါးမှ တစ်ပါးဖြစ်သော ကိုယ်အကြည် ဒွါယနှင့် ထိတွေ့ကောင်းသော ဖောဋ္ဌဗ္ဗ အာရုံနှင့် ဆုံဆည်းသောအခါ ဖဿမှတစ် ဆင့် သုခဝေဒနာဖြစ်ပေါ်လာပြီး ထိတွေ့ယားနာ ကောင်းစိတ်ဖြင့် ဇိမ်ခံကြသည်။ ဇိမ်ယူကြသည်ဟု လည်း ဆိုနိုင်ပေသည်။ ကျွန်ုပ်၏ စိတ်ကို ကျွန်ုပ် သည် ထိတွေ့ကောင်းစိတ်ဖြင့် ပြဋ္ဌာန်းမိ၏။ သို့သော် ရုပ်ဝတ္ထုအရဆိုရလျှင် ကျွန်ုပ်တို့ ဈေးမှဝယ်ယူလာ သော အသားများကို အေးလွန်းသော ရေခဲသေတ္တာ   အတွင်း ထည့်ထားပါက မာကြောတောင့်တင်းသွား မည်ဖြစ်ပြီး ပူလွန်းသော မီးကျည်မီးခဲပေါ်တင်လိုက် လျှင် ပထမတွင် ပျော့ပျောင်းပြီး ကြာလာသောအခါ ကော့လန် ခြောက်သွေ့ကြွပ်ရွသွားမည်ဖြစ်သည်။ ဤသည်မှာလည်း ရုပ်၏သဘောကို ပြဋ္ဌာန်းလိုက် ခြင်းပင် ဖြစ်လေတော့သည်။

ကျွန်ုပ်တို့သည် ခန္ဓာငါးပါး ရုပ်၊ နာမ် နှစ်ပါး ဖြင့် ဖွဲ့စည်းထားကြသူများဖြစ်သဖြင့် ရုပ်နှင့်နာမ်တို့ ၏ ပြဋ္ဌာန်းခြင်းကို ခံစားနေရမည်မှာ မလွဲဧကန်ပင် ဖြစ်လေတော့သည်။ သို့ဖြစ်၍ ယေဘုယျအရဆိုရ လျှင် အေးလျှင် မာခံတောင့်တင်း၍ ပူလျှင် ပျော့ ပျောင်းလေးတွဲပေလိမ့်မည်ဖြစ်သည်။

အခြားတစ်ဖက်၌ အနှိပ်သည်တို့၏ ကျွမ်း ကျင်မှု၊ အဖိ အနှိပ် အကိုင် အတွယ်တို့ကြောင့် သဠာယတန ခြောက်ပါးမှ တစ်ပါးဖြစ်သော ကိုယ်၏ အကြည်ဒွါယနှင့် ထိတွေ့ကောင်းသော ဖောဋ္ဌဗ္ဗအာရုံ နှင့် ဆုံဆည်းသောအခါ ဖဿမှတစ်ဆင့် သုခ ဝေဒနာ ထင်ရှားစွာ ဖြစ်ပေါ်လာအကြောင်းများကို စဉ်းစားတွေးတောရင်းဖြင့် …

ချမ်းသာခြင်းကို ရကြပါစေ

ဋ္ဌေးအောင်စိန်

(အင်းမ)

Comments

comments

Post Author: manawmaya