ကျွန်ုပ်နှင့် သူခိုးများ

မိတ်ဆွေတို့သည် သူတစ်ပါး၏ ရွှေငွေ၊ ပစ္စည်းဥစ္စာ၊ သတ္တ၀ါတို့အား ခိုးယူခဲ့ဖူးပါသလား။ သို့တည်းမဟုတ် အခိုးခံရဖူးပါသလား။ ကျွန်ုပ်၏ဘ၀တွင်မူ သူခိုးများနှင့် မကြာခဏကြုံတွေ့ခဲ့ရလေသည်။

သူခိုးဟုဆိုရာတွင် သူတစ်ပါး၏ ငွေတစ်မတ် တန်ဖိုးနှင့် ငွေတမတ်တန်ဖိုးအထက်ရှိသော ရွှေငွေ၊ ပစ္စည်းဥစ္စာ၊ သတ္တ၀ါတို့ကို ပိုင်ရှင်မသိလိုက်ရဘဲ ရွေ့ပြောင်း သယ်ယူ အသုံးချသောသူဟုဆိုကြ၏။ ဤသို့ဆိုလျှင် ကျွန်ုပ်ကိုယ်တိုင်ပင် တစ်ခါတစ်ရံ၌ သူခိုးတစ်ယောက် လုံးလုံးဖြစ်ခဲ့ဖူးပေလိမ့်မည်။

တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့သည် သူတစ်ပါး၏ ပစ္စည်းဥစ္စာတို့ကို ပိုင်ရှင်မသိမရှိဘဲလျက် ရွှေ့ပြောင်း သယ်ဆောင်၍ အသုံးချမိကောင်းမိပေလိမ့်မည်။ သို့သော် ပိုင်ရှင်အနေဖြင့် ကျွန်ုပ်အပေါ် ယုံကြည်မှု ရှိခြင်း၊ ကျွန်ုပ်အနေဖြင့် ပိုင်ရှင်၏အကျိုး၊ ကျွန်ုပ်၏ အကျိုး၊ ပတ်ဝန်းကျင်၏ အကျိုး၊ အများ၏ ကောင်း ကျိုးအတွက် ကျွန်ုပ်ကိုယ်တိုင်က သံသယ ကင်းရှင်းခဲ့လျှင်လည်းကောင်း ကျွန်ုပ်တို့သည် သူခိုးဟူ၍ မယူဆနိုင်ကောင်းပါ။

ကျွန်ုပ်၏အသိတစ်ခုတွင် စိုးမိုးထားနိုင်ခဲ့သော ရာဇ၀င်သူခိုးကြီး ငတက်ပြား၏ သာဓကတစ်ခုက အမြဲကိန်းအောင်းနေလျက် ရှိနေပါသည်။ သူခိုးကြီး ငတက်ပြားသည် ဘုရင်၏ဘဏ္ဌာများကိုခိုးယူ၍ ထို တိုင်းပြည်အတွင်း နေထိုင်ကြသော မရှိဆင်းရဲနွမ်း ပါးသူများကို ခွဲဝေပေးခဲ့သည်ဟူ၍ သိခဲ့ရပါသည်။ တစ်နေ့တွင် သူခိုးကြီးငတက်ပြားအား ဘုရင်၏ အမှုထမ်းများက ဖမ်းမိသွားခဲ့ပြီး ဘုရင်၏ ရှေ့တော် မှောက်သွင်းခဲ့လေ၏။ ထိုအခါ ဘုရင်ကြီးက ငတက်ပြားသူခိုးသည် မင်း၏ ဘဏ္ဌာအား အကြိမ် ကြိမ် ခိုးယူခဲ့သော ပြစ်မှုများဖြင့်  သေဒဏ် ပြစ်မိန့် ချရမည်ဖြစ်ပြီး သေဒဏ်ပြစ်မိန့် မချမီ လိုရာဆု တောင်းစေခဲ့ရာ သူခိုးကြီးငတက်ပြားသည် ဘုရင် ကြီး၏ မိဖုရားခေါင်ကြီးအား အလိုရှိကြောင်း ဆုတော်အဖြစ်ပေးသနားပါရန် ရဲဝံ့စွာ လျှောက်တင် တောင်းခံလေသည်။ ထိုသို့လျှောက်တင်သောအခါ အမှုကို လာရောက်ကြည့်ရှုနေသော ပရိသတ် အပေါင်းမှာ အံ့အားသင့်လျက် ဘုရင်ကြီးသည် ပြင်းထန်စွာ အမျက်တော်စူးရှပြီး ငတက်ပြားအား သေဒဏ်သေမိန့် အမြန်ဆုံးချပေမည်ဟု ထင်ကြလေ သည်။ သို့သော် ဘုရင်ကြီး၏ အသိဥာဏ်တွင် လွန်စွာ သတ္တိကောင်းသော ငတက်ပြားပါတကား၊ သူ၏ ရပိုင်ခွင့်ကို အချိန်အခါနှင့်အညီ ထုတ်ဖော်၍ ရဲဝံ့စွာ တောင်းခံဆုံးဖြတ်နိုင်စွမ်းရှိသော ယောက်ျား ကောင်းပါတကား။ ဤကဲ့သို့ သတ္တိနှင့်ပြည့်စုံသော မကြောက်မရွံ့ ယောက်ျားတစ်ဦးအား မိမိ၏လက် ထက်တွင် အချည်းနှီးမသေစိမ့်ခြင်းငှာလည်းကောင်း၊ ငတက်ပြား၏ ခိုးမှုကျူးလွန်ခဲ့ခြင်း၏ နောက်ခံသမိုင်း များမှလည်း သူ၏ကိုယ်ကျိုးတစ်စုံတစ်ရာအတွက် မဟုတ်၊ အများအကျိုးအတွက်ဟူ၍ ဖြစ်ကြောင်းသိ နေခဲ့သဖြင့်လည်းကောင်း သေမိန့်သေဒဏ်မချမှတ် သည့်အပြင် ဘဏ္ဍာထိန်း၊ ငွေတိုက်စိုးအဖြစ် ခန့်အပ် ချီးမြှင့်ခဲ့ကြောင်းများကိုလည်း ကျွန်ုပ်ဖတ်ရှုလေ့လာ မှတ်သားခဲ့ရဖူးလေ၏။ ထိုအခါ ကျွန်ုပ်၏ ဇာတ်လိုက် သူခိုးကြီးငတက်ပြားမှာ ဘဏ္ဍာစိုးကြီး(ဘဏ္ဍာရေး ၀န်ကြီး)တစ်ပါး ဖြစ်သွားခဲ့ရလေတော့သည်။

ကျွန်ုပ်သည် မိမိ၏သက်တမ်း ခြောက်ဆယ် အတွင်း၌ သူခိုး ခိုးခြင်းကို အကြိမ်ကြိမ်ခံခဲ့ရဖူးသူ ဖြစ်လေသည်။ ဘ၀၏ တစ်ကြိမ်သောအခါတွင် သူခိုးခိုးခံရခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်အဖို့ နောင် သံသရာအထိ အသိတရား ကိန်းဖွယ်ရာအဖြစ် အပျက် တစ်ခု ရှိခဲ့ဖူးပါသည်။

ကျွန်ုပ်သည် ကျွန်ုပ်၏မိသားစုပြဿနာများ၊ အိမ်တွင်းရေးပြဿနာများရှိ၍ စိတ်ပျက်၊ စိတ်ညစ် ဖွယ်ရာများ ပေါ်ပေါက်လာခဲ့လျှင် ကျွန်ုပ်ကိုးကွယ် ဆည်းကပ်လျက်ရှိသော ဘုန်းကြီးကျောင်းသို့ သွား ရောက်၍ စိတ်ညစ်ဖြေဖျောက်လေ့ရှိခဲ့သည်။ တစ်နေ့ သ၌ ကျွန်ုပ်၏ အိမ်တွင် နံနက်တိုင်း ထမင်းဟင်းများ ထည့်ပေးနေကြဖြစ်သော စတီးလ်ငါးဆင့်ချိုင့်ကြီး မှာ ပျောက်ခြင်းမလှ ပျောက်သွားလေ၏။ ထိုနေ့ မတိုင်ခင်ညတွင် ကျွန်ုပ်၏ ဇနီးဖြစ်သူ၏ တစ်ချိန် တစ်ခါက တပည့်မလေးသည် သူ၏အိမ်နှင့် စိတ်ဆိုး လာသည်ဟုဆိုပြီး သူမ၏အိမ်မှဆင်းလာ၍ ကျွန်ုပ်တို့ ၏အိမ်တွင် ညအိပ်ညနေ နေခဲ့သည်။ နံနက်စော စောတွင် ကျွန်ုပ်တို့မိသားစု အိပ်ရာမှ မနိုးမီ သူမ သည် သူမ အလုပ်ဆင်းရာဌာနသို့ ထွက်သွားနှင့်လေ သည်။ ယခင်ကလည်း သွားနေကျ လာနေကျဖြစ် ခဲ့ပြီး ပစ္စည်းပစ္စယျများ ပျောက်ခဲ့ဖူးခြင်းမရှိသဖြင့် သူမအား အိမ်သား အားလုံးကပင် သံသယမရှိခဲ့။ သို့သော် ယခုဖြစ်ရပ်အပေါ်တွင် ကျွန်ုပ်အဖို့ သူမ အပေါ် သံသယရှိနေသဖြင့် ဇနီးသည်အား ပြောဆို ရာ၌ ဇနီးသည်မှာ သူမ၏တပည့်ဘက်မှ ခါးခါးသီး သီး မဖြစ်နိုင်ကြောင်း ငြင်းဆိုသဖြင့် ကျွန်ုပ်နှင့် ဇနီးသည်တို့ အချင်းချင်း အကြီးအကျယ် စကားများ ကြလေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည် လွန်စွာစိတ်  ငြီးငြူလျက် စိတ်ညစ်ပြေပျောက်မှုအလို့ငှာ ထုံးစံ အတိုင်းပင် ကျွန်ုပ် ကိုးကွယ်ဆည်းကပ်သော ဘုန်း ကြီးကျောင်းသို့ သွားရောက်၍ ပိန္နဲပင်အောက်ရှိ ကွပ်ပျစ်တွင် ပက်လက်လှန်ပြီး စိတ်ညစ်ဖြေနေမိလေ တော့သည်။

ဆရာတော်ကြီးသည် ကျောင်းပေါ်မှဆင်း လာသောအခါ ကျွန်ုပ်ကို တွေ့ရှိသွားပြီး ကျွန်ုပ်စိတ် ညစ်ငြီးငြူလာခဲ့မှန်း ရိပ်မိသဖြင့် အကျိုးအကြောင်း မေးမြန်းလေသည်။ ကျွန်ုပ်သည်လည်း ဖြစ်ကြောင်း ကုန်စင် အစအဆုံး လျှောက်တင်မိလေ၏။ ထိုအခါ ဆရာတော်ကြီးထံမှ မထင်မှတ်သော အသိသံဝေဂ ရစရာ တရားစကားများကို ဓမဒိဋ္ဌာန်ကျကျ ကြားနာ ရလေတော့သည်။ ဆရာတော်ကြီးထံမှ –

“ကဲ ဒကာကြီး အောင်စိန်ရေ ကျုပ်ဒီနေ့ပဲ ကျောင်းက ကပ္ပိယကြီးဦးကောင်းကို အာမခံနဲ့ ရဲစ ခန်းက ပြန်ထုတ်လာခဲ့ရတယ်။ အဖြစ်က ဒီလိုကွယ့်။ ဟိုးတမြန်နေ့ ဥပုသ်နေ့က ဦးဇင်းကျောင်းမှာ သီလ ယူတရားနာ ဥပုသ်စောင့်ကြတဲ့ ဒကာ၊ ဒကာမတွေ ထဲက ဒကာမကြီးတစ်ဦးရဲ့ ဆွမ်းချိုင့်ပျောက်သွား တယ်ကွယ့်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆွမ်းချိုင့် ပျောက်တဲ့ ဒကာမကြီးက ကပ္ပိယကြီးဦးကောင်းကို သူခိုးလို့ စွပ်စွဲတယ်” “မရှိခိုးခိုး၊ မလှစုန်းယိုး” ဆိုခဲ့ကြသလိုမျိုးပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဇင်းနဲ့ ကျန်တဲ့ ဒကာ၊ ဒကာမတွေက ဆွမ်းချိုင့်ပျောက် သွားခဲ့တဲ့ ဒကာမကြီးကို ကိစ္စ၀ိစ္စပြေငြိမ်းစေဖို့ ဖျောင်းဖျကြတယ်။ အလျော်ပြန်ပေးပါ့မယ်လို့ ၀ိုင်း ပြောဆိုကြတာကို လက်မခံဘဲ ရဲစခန်းသွားတိုင်ပါ ရောလားကွယ်။ ရဲတွေရောက်လာပြီး ကပ္ပိယကြီး ဦးကောင်းကို ဖမ်းသွားတာပေါ့ကွယ်။ ဒီလိုနဲ့ ကပ္ပိယကြီး ဦးကောင်းခင်ဗျာ ရဲစခန်းမှာ အချုပ်ခံ နေရတယ်။ ဦးဇင်းလည်း မနေသာတော့ဘဲ ရုံး ရောက်၊ ဂတ်ရောက်နဲ့ ဒီနေ့တော့ ကပ္ပိယကြီး ဦးကောင်းကို အာမခံနဲ့ ရဲစခန်းကနေ ကျောင်းကို ပြန်ခေါ်လာခဲ့ရတယ်။ ဦးဇင်းတို့ မြို့တွင်း ကျောင်း ထိုင် ဘုန်းကြီးတွေဟာ ရပ်ရွာထဲက ဒကာ၊ ဒကာမ တွေနဲ့ ကျောင်းထဲမှာရှိတဲ့ ကပ္ပိယ၊ ဦးဇင်း၊ ကိုရင်၊ ကျောင်းသားတွေနဲ့ သိုင်းဝိုင်းနေရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ခုဒီလို အဖြစ်အပျက်တွေ ဖြစ်ကြပြီ ဆိုတော့ ဦးဇင်းရဲ့ နေရာမှာ ဒကာကြီး အစားဝင် စဉ်းစားကြည့်ပါဦး။ ဘယ်လောက်တောင်မှ ဆုံးဖြတ် ဖို့ရန် ခက်ခဲလိမ့်မယ်ဆိုတာကို။ ဒါပေမဲ့ အကောင်း ဆုံးကိုပဲ ရွေးချယ်ဆောင်ရွက်ရတာပေါ့။ မှားလည်း ခံရမှာပေါ့။ အဲဒါကို သေသေချာချာ စဉ်းစားကြည့်ရင် ၀ဋ်ကြွေးပဲကွယ့်။ ဒကာမကြီးကလည်း အတိတ် တစ်ချိန်က သူတစ်ပါးရဲ့ ဆွမ်းချိုင့်ကို ပျောက်ဆုံး အောင်လုပ်ခဲ့သလို ကပ္ပိယကြီး ဦးကောင်းကလည်း အတိတ်တစ်ချိန်က သူတစ်ပါးကို မဟုတ်မမှန် စွပ်စွဲခဲ့လို့ ယခု သူ့ကို ပြန်လည်စွပ်စွဲခံရတာပဲ။ ဦးဇင်းမှာလည်း တစ်ချိန်က သူတစ်ပါးရဲ့ ဘုန်းတန် ခိုးနဲ့ ဂုဏ်သိက္ခာတို့ကို ကျဆင်းစေရန်နှင့် စိတ်အ နှောင့်အယှက် တစ်စုံတစ်ရာပေးမိခဲ့တဲ့အတွက် ယခု လို စိတ်အနှောင့်အယှက်တွေနဲ့ ၀ဋ်လည်ခံရတာ ပဲကွယ့်။ ဒါလည်း ဘုရားဟောကျမ်းဂန်ပါပဲ။ ကံ၊ ကံ၏အကျိုးတဲ့ကွယ့်။ ခုဒကာကြီးရဲ့ စတီးလ်ငါးဆင့် ချိုင့်ကြီး အခိုးခံရတာဟာလည်း အတိတ်တစ်ချိန်က ဒကာကြီးဟာ သူတစ်ပါးချိုင့်ကို ခိုးယူခဲ့မိလို့ပဲကွယ်”

ကျွန်ုပ်သည် ဆရာတော်ကြီး ပြောပြနေသော  တရားဓမ္မနှင့်ယှဉ်သည့်စကားများအဆုံးတွင် အတွေး များစွာဖြင့် ဆင်ခြင်နေမိ၏။ ဤနေရာဒေသသည်  ပကတိအေးငြိမ်းဖွယ်ရာ ဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင် စိတ်ငြီးငြူလေ့ရှိသည့် အခါတိုင်း အေးချမ်းရာ မှီခို ရာဖြစ်သော ဤသာသနာ့နယ်မြေ ကျောင်းသင်္ခန်း၏ ဘုရားရိပ်၊ တရားရိပ်သို့ မကြာခဏလာရောက်မှီတင်း နေရလေသည်။ သို့သော် ၀ဋ်ကြွေးရှိပါက မည်သည့် နေရာတွင်ဖြစ်စေ အပူအပင်နှင့် မကင်းနိုင်ကြောင်း သိရှိလိုက်ရတော့၏။ အေးငြိမ်းဖွယ်ရာဖြစ်သော ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်တွင်ပင်လျှင် လောက ဓမ္မတာအရ အပူအပင်နှင့်မကင်းသော ၀ဋ် ကြွေး များရှိနေပါသည်ဆိုလျှင် ကျွန်ုပ်တို့ ကျင်လည် ကျက်စားနေသော လူမှုနယ်ပယ်၏ အလွှာစုံများမှာ  ဖြင့် ပြောပြဖွယ်ရာပင် မရှိချေ။

ထိုသို့ ဆင်ခြင်မိသောအခါ ကျွန်ုပ်သည် နောင်သံသရာ ဘ၀၀ဋ်ကြွေးများကို ကြောက်ရွံ့လာမိ လေတော့သည်။ သူတစ်ပါး၏ ရွှေ၊ ငွေ၊ ဥစ္စာပစ္စည်း၊ သတ္တ၀ါတို့အား ငွေတစ်မတ်မျှသာ တန်ဖိုးရှိစေ။ ခိုးယူသုံးစွဲခြင်း အလုပ်ကိုဖြင့် မလုပ်ဝံ့တော့ချေ။ သို့သော် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ် ပိုင်ဆိုင်သော ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာ၊ သတ္တ၀ါ များကိုဖြင့် ကျွန်ုပ်အခိုးခံရဖွယ် ၀ဋ်ကြွေးပါလာခဲ့လျှင် ကျွန်ုပ် ပေးဆပ်ရပေလိမ့်ဦးမည် ဖြစ်သည်။ ကျွန်ုပ် အခိုးခံရဖွယ်ရှိပေဦးမည် ထင်ပါသည်။

အသက်အရွယ် ရလာခဲ့ပြီဖြစ်သော ကျွန်ုပ် သည် ယခုအခါ စိတ်သွားတိုင်း ကိုယ်မပါတော့ချေ။ ကျွန်ုပ်၏ စား၊ ၀တ်၊ နေရေးနှင့် စီးပွားရေး၊ ငွေရေး ကြေးရေးလုပ်ငန်းများကို နီးစပ်ရာ သား၊ သမီး၊ မြေး၊ ဆွေမျိုး၊ တပည့်တပန်း မိတ်ဆွေများ၏ အကူအညီဖြင့် ဆောင်ရွက်နေလေပြီ။

သို့သော်လည်း ကျွန်ုပ်၏ မူလဗီဇသည် သံသယအားကြီးသူဖြစ်လေသည်။ အသက်အရွယ် ကြီးရင့်လာပြီဖြစ်၍ သတိနှင့် နေသည့်ကြားမှပင် လောဘစိတ်များမွှန်ပြီး သံသယစိတ်တွေ အားကြီး လာတတ်၏။ တစ်ပါးသူတို့၏ အပေါ်တွင်လည်း စိတ်ချယုံကြည်မှု တဖြည်းဖြည်းနည်းပါလာသည်။ ရှေးပညာရှိတို့၏ ဥစ္စာကံစောင့်၊ ကံကံ၏အကျိုး၊ စေတနာကောင်းလျှင် ကံကောင်းသည်ဆိုသည့် အဆိုအမိန့်များကိုပင် သတိမထားမိအောင်ဖြစ်မိ၏။ တစ်ခါတစ်ရံ မိမိ၏ မှတ်Óာဏ်လျော့နည်းလာခဲ့ပြီး မိမိ၏ဥစ္စာပစ္စည်းများ အထားအသိုနေရာမှားခြင်း၊ ကိန်းဂဏန်း အရေအတွက်မမှတ်မိခြင်း၊ သတိမေ့ လျော့၊ အသိမ်းအဆည်းလွန်၍ ရှာမတွေ့ခြင်းများ ဖြစ်ခဲ့လျှင် မိမိအား အနီးကပ် အကူအညီပေး၍ ၀တ် ကြီးဝတ်ငယ် ပြုနေသူများအပေါ်တွင်ပင် သံသယ အတွေးများ တွေးနေတတ်လေသည်။

စေ့စေ့တွေးကြည့်လျှင် ကျွန်ုပ်၏ရွှေငွေ၊ ဥစ္စာ ပစ္စည်း၊ သတ္တ၀ါတို့သည် အချိန်မရွေး ရန်သူမျိုးငါးပါး တို့ ဖျက်စီးနိုင်ခြင်း၊ သက်တမ်းကုန်ဆုံး၍ ပျက်စီးသွား ခြင်းများ ဖြစ်နိုင်သကဲ့သို့ ကျွန်ုပ်ကိုယ်တိုင်ကပင် ကံကုန်၊ သက်တမ်းကုန်၍ ကွယ်လွန်အနိစ္စရောက်ပြီး ကျွန်ုပ်၏ပစ္စည်းများကို စွန့်ခွာထားခဲ့ရမည် ဖြစ်သည်။

ကျွန်ုပ်သည် အသင့်လျော်ဆုံး ဆုံးဖြတ်ချက် ကို ချလိုက်ပါသည်။ ယခုအချိန်တွင် ကျွန်ုပ်အား အနီးကပ် အကူအညီပေး၍ ၀တ်ကြီးဝတ်ငယ်ပြုနေ သူများအပေါ် သံသယကင်းစွာဖြင့် ယုံကြည် စိတ်ချ ပါတော့မည်။ အကယ်၍ တစ်စုံတစ်ယောက်သော သူသည် ကျွန်ုပ်၏ ပစ္စည်းဥစ္စာတို့ကို ကျွန်ုပ် မသိစေဘဲ ခိုးယူသုံးစွဲပါက ကျွန်ုပ်၏ ပြန်လည် ပေးဆပ်ရန် ကြွေးကို ပေးဆပ်ရခြင်း ဟူ၍ …။

ချမ်းသာခြင်းကို ရကြပါစေ …

ဌေးအောင်စိန်(အင်းမ)

Comments

comments

Post Author: manawmaya