ကမ္ဘာတစ်ဖက်ခြမ်း ခြားနေသောသူ

တစ်နေ့သ၌ သူငယ်ချင်းဖြစ်သူ မျိုးသန့်မှ ငပလီ ကမ်းခြေသို့ ခရီးထွက်ကြရန် အဖော်ညှိလေသည်။ ကျွန်တော်က အင်းမလုပ်၊ အဲမလုပ်၊ ခေါင်းလည်းမခါ၊ ခေါင်းလည်းမညိတ်ခဲ့။ အဘယ်ကြောင့်ဟူမူ ကျွန်တော်သည် ၁၉၉၄-၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တာဝန် ထမ်းဆောင်ဖူးသောကြောင့် ကမ်းခြေများဖြစ်သော လက်ခုပ်ကုန်းကမ်းခြေ၊ ချောင်းသာကမ်းခြေ၊  စက်စဲကမ်းခြေ၊ မောင်းမကန်ကမ်းခြေ၊ မြင်းခွာကမ်းခြေ၊ ကဗျာဝကမ်းခြေ စသည်ဖြင့် ပင်လယ်ကမ်းခြေတော် တော်များများကို အလည်အပတ်ခရီး ရောက်ဖူးခဲ့ပြီးဖြစ်ရာ ပင်လယ်ကမ်းခြေခရီးများကို သွားလိုသော ဆန္ဒနည်းပါးနေခြင်းကြောင့် ဖြစ်လေသည်။

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်စဉ်အခါကလည်း မာန်အောင်ကျွန်းကမ်းခြေ၊ ရမ်းဗြဲကျွန်းကမ်းခြေ၊ စစ်တွေ(ပွိုင့်)ကမ်းခြေ၊ ကစ္စပနဒီ၊ မြောက်ဦးကျောက်တော်ကြီး မြတ်မုနိဘုရားဖူးမကျန် အလည်အပတ် ရောက်ရှိဖူးခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ လွန်စွာမှ နာမည်ကြီးသည့် ငပလီကမ်းခြေကိုဖြင့် မရောက်ဘူးသေးချေ။ သို့ဖြစ်၍ မျိုးသန့် အဖော်စပ်သောအခါ အင်းမလုပ်၊ အဲမလုပ်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်သည် ကျောက်ဖြူမြို့တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်အခါကလည်း ကျွန်တော်တို့ဌာန၏ ရုံးစိုက်ရာနှင့် ဝန်ထမ်းအိမ်ရာများသည် ပင်လယ်ကမ်းခြေတွင် ဖြစ်သောကြောင့် ပင်လယ်ကမ်းခြေသည် ကျွန်တော့၏ အိမ်ယာခြံဝင်းသဖွယ် နေခဲ့ဖူး၏။ တစ်ခါတစ်ရံ သံတွဲမြို့မှ လုပ်ဖော်ကိုင်ဖက်များမှ ငပလီသို့ အလည်အပတ် ဖိတ်ကြားသဖြင့် သွားရောက်လည်ပတ်မည် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ယွင်းခဲ့ရဖန်များခဲ့သည်။

ကျွန်တော့်ကို ခင်မင်ချစ်ခင်သော ကျောက်ဖြူမြို့ခံများကလည်း “ဦးစီး ငပလီကမ်းခြေ သွားမလို့ဆို သွားမနေပါနဲ့ ဦးစီးရာ၊ ကမ်းခြေတွေထဲမှာ ကျွန်တော်တို့ ကျောက်ဖြူကမ်းခြေလောက် လှတာမရှိဘူး။ ပြန့်ပြူးပြီး ကျယ်လည်းကျယ်တယ်။ ရှည်လည်းရှည်တယ်။ ကျောက်ဆောင်၊ ကျောက်စွန်းအလှအပကလည်း ကမ်းခြေနဲ့ သီးသန့်သပ်သပ်စီ ဖြစ်တော့ ရေကူးရတာလည်း ကောင်းတယ်။ ပင်လယ်စာကလည်း ပေါမှပေါ။ ဦးစီးလည်းသိတာပဲ။ ရေကြက်၊ ရေဝက်၊ ရေမျောက်၊ ကဏန်းပျော့၊ ကဏန်းမာ၊ ဗောင်း၊ ခရု၊ မျော့၊ လိပ်၊ ငါးလိပ်စွန် အိုး ပေါမှပေါ။ ငပလီမှာ ဒီလောက်မစုံဘူး။ ပေါလည်းမပေါဘူး။ ဦးစီးက တောကောင်သားလည်း ကြိုက်တော့ ဒီမှာ ဆတ်သား၊ မျောက်သား၊ တောကြက် အကုန်ရတာ ဦးစီးလည်း အသိ၊ ပင်လယ်ငါးအမျိုးမျိုး၊ ပုစွန်အမျိုး မျိုးလည်း ဒီမှာစုံတယ်။ သွားမနေနဲ့ ဒီမှာဦးစီးကြိုက်တဲ့ အစာသာပြော ချက်ပေးမယ်”ဟုတ်လည်းဟုတ်ပေသည်။

ကဏန်းများ၊ ကဏန်းလက်မများဆိုလျှင် အပုံလိုက်၊ အပင်လိုက်၊ ငါးကျပ်ဖိုး၊ တစ်ဆယ်ဖိုးဆိုလျှင် ငြီးငွေ့အောင် စားရသည်။ ပင်လယ်ကမ်းခြေမြင်ကွင်းကလည်း တမျှော်တခေါ် ကျယ်ပြောလှသည်။ သုံးလေးမိုင်လောက် သွားလျှင် ကျောက်စွန်၊ ကျောက်ကမ်းပါးယံအလှများက ရင်သပ်ရှုမောဖွယ်အထိ၊ အချို့ကျောက် ဆောင်ကြီးများသည် ပင်လယ်ထဲမှနေ၍ ဝေလငါးကြီးများ၊ ဆင်ကြီးများ ပေါ်လာသကဲ့သို့ ထီးထီးကြီးများလည်းရှိ၏။ ရေလှိုင်းကလေးများ ရိုက်ခတ်၍ ရေမှုန်ရေမွှားအလှကလေးများကို မွေးဖွားပေးရာ ကျောက်ဆောင်ကျောက်စွန် ကလေးများမှာဖြင့် အနတက္မ၊ ထုနဲ့ထေးရှိလှသည်။ သို့ဖြစ်၍ သူတို့ စကားကြောင့် တစ်ကြောင်းပါ၍လည်း ငပလီခရီးစဉ်ကို ဖျက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ကျွန်တော်သည် အငြိမ်းစားယူခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သဖြင့် တစ်ခါတစ်ရံ ရခိုင်ကမ်း ခြေများကိုဖြင့် လွမ်းဆွတ်သတိရမိတတ်လေသည်။  ယခုတွင် မျိုးသန့်၏ ငပလီချဉ်ခြင်းကို ကျွန်တော်လည်း စိတ်ဝင်တစားဖြစ်မိ၏။ သို့ဖြင့် -“မျိုးသန့် ငါ့ကို ပြည်ကနေပြီး နှစ်စဉ် ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့၊ ပြည်ခရိုင် လက်ရွေးစဉ် ဘောလုံးသမားဟောင်းများ၊ ဘောလုံး ကန်ပွဲနဲ့ ညစာစားပွဲက ဖိတ်တယ်။ မနှစ်ကလည်း ငါရောက်ခဲ့ပြီးပြီ၊ ဒီနှစ်လည်း သွားမလားလို့ နောက်မင်းပြောတဲ့ ငပလီကို ခရီးဆက်ကြတာပေါ့ ဘယ်လိုလဲ”

“ဟာ ကောင်းတာပေါ့ အောင်စိန်ရယ် အိုကေချီတက်ကြမယ်”

ဤသို့ဖြင့် ကျွန်တော်နှင့် မျိုးသန့်သည် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေး ဂိတ်ဝန်းမှ နံနက် ၆း၃၀ ကားလက်မှတ်ဖြတ်၍ ရန်ကုန်မှပြည်သို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထွက်ခွာလာခဲ့ကြသည်။ နေ့လည် ၁၂းဝ၀ ခန့်တွင် လက်ပံတန်း တာဆုံ၌ နေ့လည်စာ စားသောက်ကြပြီး ပြည်သို့ နေ့လည် ၂းဝ၀ သာသာခန့်တွင် ရောက်ရှိ၏။ ပြည် အဝေးပြေးကားဂိတ်ဝန်းအတွင်း ရောက်လျှင်ရောက်ချင်း ငပလီသို့ ညထွက်ခွာမည့်ကားဂိတ် စုံစမ်း၍ ငပလီ ကားလက်မှတ် နှစ်စောင်အား ညနေ ၆း၃၀ ခရီးစဉ်အတွက် ဖြတ်လိုက်သည်။ ထို့နောက် ဆိုင်ကယ်၊ ကယ်ရီနှစ်စီးဖြင့် တစ်ယောက်တစ်စီး၊ စီးနှင်း၍ ပြည်မြို့ ခေတ္တရာ ဘောလုံးကွင်းသို့ ချီ တက်လာခဲ့ကြလေသည်။ ဘောလုံးကွင်းသို့ ရောက်လျှင် ဆိုင်ကယ်ကယ်ရီ သမားများအား ဖုန်းနံပါတ် တောင်းယူ၍ ညနေ ဘောလုံးပွဲအပြီး ပြန်လာကြိုရန် မှာလိုက်သည်။

ဘောလုံးကွင်းအတွင်း ရောက်သောအခါ ညနေ ၃းဝ၀ နာရီ သာသာ ဖြစ်နေလေပြီ။ မိတ်ဆုံ ဘောလုံးကန်ပွဲကို ၃း၃၀ နာရီတွင်စတင်ကစားကြပြီး ၅းဝ၀ နာရီသာသာတွင် ညစာစားပွဲဖြင့် ဧည့်ခံကျွေးမွေးသည်။ ကျွန်တော်တို့နှစ်ဦးသည်လည်း ခရီး ဆက်စရာရှိသဖြင့် စောစောကစား၊ စောစောစားပြီး နှုတ်ဆက်၍ ကယ်ရီသမားများ ခေါ်ယူကာ ပြည်အ ဝေးပြေးဂိတ်သို့ ရောက်ခဲ့ကြလေသည်။

ညနေ ၆း၃၀ တွင် ကျွန်တော်တို့ စီးနင်းလိုက်ပါရမည့် မီနီဘတ် မော်တော်ယာဉ်သည် ပြည်မှ ငပလီသို့ စတင်ထွက်ခွာလေသည်။ ကားတွင်း၌ ခရီးသွားများ ပြည့်ကျပ်မွန်းသိပ်ပြီး ဖုန်များဝင်၍ အသက်ရှူများပင် ကြပ်ခဲ့သည်။ ညမှောင်လာသည် နှင့်အမျှ ရခိုင်ရိုးမတော၏ အအေးဓာတ်က ကဲလာသည်။ ပင်ပန်းလွန်းသဖြင့် တစ်ချက်တစ်ချက် မှေးကနဲ ငိုက်မြည်းသွားသော်လည်း ကားဆောင့်သော လမ်းနေရာများတွင် လန့်လန့်နိုးရလေသည်။ တစ်ကြိမ်တွင် ကားသည် ချိုင့်ဝှမ်းတစ်ခုကြီးအတွင်း ဆောင့်ကျ၍ ကျွန်တော် လန့်ဖျတ်ပြီး တစ်စုံတစ်ခုက ကျွန်တော်၏ မျက်နှာရှေ့တွင်ရောက်နေသည်။ ထို့ နောက်သူက ပြုံးပြနေ၏။ ကားအတွင်း မီးရောင် မှိန်မှိန်အလင်းရောင်ဖြင့် အတိုင်းသားကြီး မြင်နေရသည်။

“Oh! Sorry Sorry”

“ဟင်” သေချာကြည့်မိသောအခါမှ ကျွန်တော့်၏ အိပ်ပျက်ခြင်းကို တောင်းပန်လျက်ရှိနေသော နိုင်ငံ ခြားသူကြီးဖြစ်နေသည်။ ထိုအခါမှ ကျွန်တော်လည်း သတိပြန်ဝင်လာပြီး နိုင်ငံခြားခရီးသွား ဧည့်သည်မကြီးအား –

»»Oh! Not at all” ကိစ္စမရှိပါဘူးဟု ပြန်ဖြေ၍ သက်မချလိုက်ရတော့သည်။

ပြည်မှ ငပလီခရီးစဉ်သည် ညစာအား၊ ညောင်ဂျိုးစခန်းတွင်ကား ရပ်ပေး၍ စားစေလေသည်။ ဂျီသား၊ ဆတ်သားမှစ၍ တောကောင်သားများလည်းရှိ၏။ ရိုးရိုးဟင်းလျာများလည်း မှာယူစားသောက်နိုင်လေသည်။ ကျွန်တော်တို့နှင့် ဘေး ချင်းယှဉ်လျက် နိုင်ငံခြားသူ မိန်းမများ၏ စားဝိုင်းတွင် ကျွန်တော်နှင့် ကားပေါ်တွင် မျက်နှာချင်း ဆုံမိသော ရုပ်ဆိုးဆိုးအဘွားကြီးနှင့်အတူ ခပ်ချောချောလှလှ နိုင်ငံခြားသူလေးလည်း တွေ့ရသည်။ စားသောက် ပြီးစီးသောအခါ ခရီးဆက်ကြပြန်လေသည်။

နံနက်ဝေလီဝေလင်းတွင် ငပလီသို့ ရောက်သည်။ ကျွန်တော်တို့နှစ်ဦးသည် သက်ခိုင်စားသောက်ဆိုင်နှင့် တည်းခိုခန်းတွင် နေရာယူတည်းခိုဖို့ စီစဉ်လိုက်သည်။ နေရာထိုင်ခင်းချထားပြီးသောအခါ ပင်လယ်ကမ်းခြေသို့သွား၍ ဓာတ်ပုံရိုက်ခြင်း၊ ပင်လယ်စာစားခြင်း၊ ရေကူးခြင်းများ ပြုလုပ်ကြသည်။ တစ်နေကုန်တစ်နေခမ်းပျော်ပါး စားသောက်ခြင်းဖြင့် အချိန်ကုန်ဆုံးစေ၍ ညနေနေမင်းကြီး ပင်လယ်ထဲသို့ ငုပ်ဆင်းသော Sunset ကို တမော့တမော့ အရသာခံကြည့်ပြီးမှ အဆောင်သို့ ပြန်ခဲ့ကြလေသည်။ ထို့နောက် ရေမိုးချိုး ညစာစားသောက်ပြီး အိပ်ရေးပျက်ပျက်၊ ပင်ပင်ပန်းပန်းဖြင့် အိပ်ယာစော စောဝင်ဖြစ်သွားလေသည်။

မျိုးသန့်မှာ မည်သို့ အိပ်ပျော်သည်မသိ။ ကျွန်တော့်မှာဖြင့် အိပ်မက်အထူးအဆန်းများကို ရင်တလှပ်လှပ်ဖြစ်အောင် အံ့ဩဖွယ် မက်မြင်ခဲ့လေသည်။နံနက်စောစောထ၍ သက်ခိုင်ဆိုင်တွင် နံနက်စာစားပြီးသောအခါ မျိုးသန့်က ငပလီမှ လေးမိုင်ခန့်ဝေးသော သံတွဲသို့ ဘုရားဖူးသွားမည်ဟုဆိုသည်။ ကျွန်တော်က မလိုက်လိုကြောင်း ကမ်းခြေတွင် ပန်းချီ အောက်ဒိုး Outdoor ရေးဆွဲ ကျန်ခဲ့မည်ပြော၍ မျိုးသန့်က သံတွဲဘုရားဖူး၊ ကျွန်တော်က ကမ်းခြေ စသည်ဖြင့် လမ်းခွဲလိုက်ကြ၏။

ကျွန်တော်ကမ်းခြေသို့ ပန်းချီပစ္စည်းပစ္စယများဖြင့် ထွက်လာသော အချိန်သည် စောလွန်း၍ လားမသိ၊ လူတစ်ဦးစ၊ နှစ်ဦးစမှလွဲ၍ လူသူမရှိသ လောက် ကင်းဆိတ်နေသည်။ ကျွန်တော်သည် ရေသူမ ကျောက်ဆောင်အနီး ပန်းချီရေးဆွဲရန် အကွက်အကွင်း လိုက်ရှာနေမိ၏။ ထိုစဉ် ကျောက်ဆောင်တစ်ခု ဂလိုဏ်ခေါင်းအတွင်း၌ မိန်းကလေး ဆံကုတ် (ဘီးကုတ်)တစ်ခုကို မြင်တွေ့လိုက်ရလေသည်။ ဘီးကုတ်မှ အပေါ်ယံ ပန်းကနုတ် အလှအပများ ယိုယွင်းပျက်စီး၍ ခြောက်သယောင်းနေသည်။ ကျွန်တော်သည် ဘီးကုန်မှ သဲမှုန်များကို ဖုန်ခါ၍ ဟိုလှည့်သည်လှည့် ကြည့်နေစဉ် – “ဟယ် အဲဒါ သမီးဆံကုတ်ကလေး၊ ပေး ပေး အဲဒါလိုက်ရှာနေတာ ခုနစ်ရက်လောက်ရှိပြီ ဦးရဲ့ ကျေးဇူးပဲ”

ကျွန်တော်လည်း ဘယ်ကဘယ်လို ပေါ်ပေါက်လာမှန်းမသိ ကားအတူစီးခဲ့သော နိုင်ငံခြားသူ အချောအလှလေး၏ အဝတ်အစား၊ ဆံပင်မှအစ ခြေအဆုံး၊ ခေါင်းအဆုံး တူညီ၍ ရေစိုရွှဲနေသော မိန်းကလေးအား မြင်လိုက်၍ အံ့အားသင့်ပြီး ဘီးကုတ်ကို ထိုးပေးလိုက်မိ၏။

သူမသည် သူ၏ဘီးကုတ်ကိုရသောအခါ ရေစိုနေသော ဆံပင်ကိုသိမ်း၍ တပ်ဆင်လိုက်ပြီး ရေသူမ ကျောက်ဆောင်နောက် အပြေးဝင်ရောက် ပျောက်ကွယ်သွားလေ၏။ ကျွန်တော်လည်း သတိဝင်လာသဖြင့် သူ၏နောက်သို့လိုက်၍ ရှာဖွေကြည့်ရာ ဘာမျှ မရှိ၊ ဘာတစ်ကောင်တမြည်းမှ မတွေ့ရသည်မှာ သေချာလှပေသည်။

ဋ္ဌေးအောင်စိန်(အင်းမ)

Comments

comments

Post Author: manawmaya