အပါယ်မကျရလေအောင်

အပါယ်လေးဘုံဆိုတာ အင်မတန် ကြောက် စရာကောင်းတဲ့နေရာတစ်ခုပါ။
ကျွန်မတို့ လူသားတွေဟာ ကိုယ်ရနေတဲ့လူ့ ဘဝမှာ ကောင်းသောအကျင့်၊ ကောင်းသော အကြံ တွေနဲ့အတူ အကုသိုလ်ကင်းတဲ့ ဘဝရှင်သန်နေထိုင် ခြင်းတွေ ရယူပြီး အပါယ်မကျဖို့ ကြိုးစားကြရမှာ ဧကန်မုချပါပဲ။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံ ဆိုတဲ့ အဲဒီအပါယ်လေးဘုံကို ရောက်သွားတဲ့သူတိုင်း ဟာ ကုသိုလ်ကောင်းမှုတွေကို လုပ်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။
အဲဒီလိုမလွယ်တဲ့အတွက် ကောင်းတဲ့ဘုံဌာန ကို ရောက်ဖို့ဆိုတာလည်း မျှော်မှန်းလို့ မရတော့ ပါဘူး။ အပါယ်ဆိုတာ အပါယဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတာ ဖြစ်ပြီး အပ = ကင်းခြင်း၊ အယ= ကုသိုလ်တရား အဲဒီနှစ်ခုပေါင်းလိုက်တော့ ကုသိုလ်မှ ကင်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဆိုတဲ့အတိုင်းပါပဲ။ အပါယ်လေးဘုံသားတွေဟာ ကုသိုလ်မှကင်းဝေးပြီး ကုသိုလ်တရားတို့ကို ပြုလုပ်နိုင်စွမ်း မရှိတော့ပါဘူး။ အဲဒီအတွက် ချမ်းသာခြင်းတရား ကင်းရတာပါပဲ။

ဘဝမှာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်အဟုန် တွေ ကုန်သွားမှသာ ကောင်းရာဘုံကို ရောက်ရပါ တယ်။
အဲဒီတော့ ဒီလို အပါယ်လေးပါးကနေ လွတ် မြောက်နိုင်အောင် ကျွန်မတို့ ကုသိုလ်လေးတွေ လုပ် ကြဖို့ လိုပါတယ်။ ဘယ်လိုကုသိုလ်မျိုးက အပါယ် လေးပါးကနေ လွတ်မြောက်နိုင်မှာလဲဆိုတာ အရှင် ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) ဟောကြားတဲ့ တရားလေးထဲကနေ ထုတ်နုတ်ပြောပြချင်ပါတယ်။

(၁) သရဏဂုံ ကုသိုလ်

ဘုရား၊ တရား၊ သံဃာတော်များရဲ့ ဂုဏ် များကို မိရိုးဖလာ ဗုဒ္ဓဘာသာလို မကိုးကွယ် မဆည်း ကပ်ဘဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ ပညာ ဦးစီးတဲ့ စိတ်ထားနဲ့ ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံ ကုသိုလ်)။ အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ (သောတာ ပန် ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွန်မြောက်သလို ဒီကုသိုလ်လေး ရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့ အဆင့်ချင်းတူပါတယ်တဲ့)

(၂) ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)

ငါးပါးသီလမြဲတဲ့ ပုဂ္ဂိုလ်ဟာလည်း အပါယ် လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန် ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွတ်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့ အဆင့်ချင်းတူပါတယ်)

(၃) စာရေးတံမဲချခြင်းကုသိုလ်။

စာရေးတံမဲချခြင်းကုသိုလ်ဆိုတာ ဗုဒ္ဓ ဘာသာဝင်တွေ သီတင်းကျွတ်ကာလမှာ ဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်း စတဲ့ လှူဖွယ်ပစ္စည်းများကို ပေးလှူတဲ့ ကုသိုလ်မျိုးပါ။ ကထိန်ရာသီမှာဆိုရင် ပဒေသာပင်များ လှူဒါန်းတဲ့ ကုသိုလ်ပါ။ မိမိလှူ လိုက်တဲ့ ပစ္စည်းဝတ္ထုများကို မဲပေါက်တဲ့ ကျောင်း တိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါ တယ်။
မိမိ လှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကို မငဲ့ ကွက်ဘဲ (ဆိုလိုတာက ငါနဲ့ သိတဲ့ ဦးဇင်းအတွက်၊ ငါတို့ ကိုးကွယ်နေတဲ့ ကျောင်းအတွက်) ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ဘဲ ကျရာ သံဃာတော်တွေ ချမ်းချမ်း သာသာ သုံးဆောင်မှီဝဲစေလိုတဲ့အတွက် သံဃာ့ဂုဏ် ကို ရည်မှန်းပြီး လှူဒါန်းတဲ့အလှူမျိုးကို ခေါ်မယ် ဆိုရင် ခေါ်လို့ရပါတယ်။
ဒါကို စာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။ အလွယ် မှတ်ချင်ရင် စာရေးတံမဲချတဲ့ ကုသိုလ်လို့မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာ အင်မတန်မှ ပြုရလွယ်ပြီး အကုန် အကျနည်းပေမယ့် ရလိုက်တဲ့ အကျိုးတရားကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်တယ်ဆို တော့ အင်မတန်ကိုမှ အကျိုးကျေးဇူးများပါတယ်။
ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင် ကံရှင် များဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန် ကျေနပ် စရာ ကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွန်မြောက်သလို ဒီကုသိုလ်လေး ရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့ အဆင့်ချင်းတူပါ တယ်)

(၄) ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်

ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ် နေတဲ့ ကျောင်းတိုက်များကို တစ်လဆွမ်းတစ်ချိုင့် ဖြစ်စေ၊ တစ်လဆွမ်းနှစ်ချိုင့်ဖြစ်စေ လှူတဲ့အလှူကို ခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်း ပေါ့။ လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ ခေါ် တာပါ။ အဲဒီလို တစ်လကို နှစ်ကြိမ်ဖြစ်စေ၊ တစ်ကြိမ် ဖြစ်စေ လှူတဲ့ အလှူဒါနမျိုးကို (ပက္ခိယဘတ္တ) ကုသိုလ်လို့ ခေါ်ပါတယ်။
ဒီကုသိုလ်လေးက ငွေကုန်ကြေးကျလည်း နည်းပါတယ်။ ပင်ပန်းမှုလည်းမကြီးလေးဘဲ ရလိုက် တဲ့ ကုသိုလ်က အပါယ်လေးပါးလွတ်မြောက်တဲ့အထိ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံး ပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွန် မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန် ပုဂ္ဂိုလ်နဲ့ အဆင့်ချင်းတူပါတယ်။

(၅) ဝေဿဝါသိက ကုသိုလ်

မြန်မာလို ရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ် လှူတဲ့ ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်း ဝါဆို ဝါကပ် တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်စဉ် နှစ်တိုင်းဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင် (မှတ်ချက် မိမိ တတ်နိုင်သလောက်ပေါ့နော် …တစ်စုံတတ် နိုင်ရင်တစ်စုံ။ နှစ်စုံတတ်နိုင်ရင် နှစ်စုံပေါ့) အဲဒီ ကုသိုလ်ဟာလည်း ပြုလုပ်လိုက်တဲ့ ကုသိုလ်လေးက သေးပေမယ့် ရလိုက်တဲ့အကျိုးက အပါယ်လေးပါးက တောင် လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးမျိုးကို ခံစား ရတာပါ။ သောတာပန်ပုဂ္ဂိုလ်နဲ့ အလားသဏ္ဌာန် တူ တယ်လို့ ဆိုပါတယ်။
သောတာပန်ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးက လွတ်မြောက်သလို ဒီကုသိုလ်ကို နှစ်စဉ်နှစ်တိုင်း လုပ်သွားမယ်ဆိုရင် စိတ်သာချပါ။ အပါယ်လေးပါးက လွတ်မြောက်ပါတယ်။

(၆) ဧကောအာဝါသော ကုသိုလ်

ဆိုလိုတာက ကျောင်းတစ်ဆောင်ဖြစ်စေ၊ ဇရပ်တစ်ဆောင်ဖြစ်စေ လှူဒါန်းတဲ့ အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့ မတတ်နိုင်ပါဘူးဘုရား ဆိုရင်တော့ တစ်ဆောင်လုံး မတတ်နိုင်ရင် တတ်နိုင်သလောက် လှူပါလို့ ပြောချင်ပါတယ်။
အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ ဒါနပါဖို့သာ အရေးကြီးပါတယ်။ အဲဒီ ကုသိုလ် ဟာလည်း ကျန်တဲ့ ကောင်းကျိုးချမ်းသာကို မပြော လိုတော့ပါဘူး။ အပါယ်လေးပါးက လွတ်မြောက်ခြင်း ဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲ ပြောချင်ပါတယ်။
အဲလို ကျောင်းတစ်ဆောင်၊ ဒါမှမဟုတ် တတ် နိုင်သလောက် လှူဒါန်းလိုက်မယ်ဆိုရင် အပါယ် လေးပါးက လွတ်မြောက်ပါတယ်။ သောတာပန် ပုဂ္ဂိုလ်နဲ့ အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်း တတ်နိုင်သလောက် လှူဒါန်းကြစေလိုပါတယ်။

(၇) ဧကာပေါက္ခရဏီ

ဆိုလိုတာက ရေတွင်းရေကန်များကို တူးဖော် ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန်အဟောင်း များကို ပြုပြင်လှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်မျိုးပါ။ အဲဒီ လောက်ထိ မလုပ်နိုင်သေးဘူး ဘုရား ဆိုရင် မိမိ အိမ်ရှေ့မှာဖြစ်စေ၊ လမ်းထောင့်တစ်နေရာရာမှာ ဖြစ် စေ ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင်လည်း ရပါတယ်။
အဲဒီလောက်ထိ မလုပ်နိုင်ဘူးဆိုရင် အောက် ထစ်ဆုံး ရေသန့်ဘူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ ရှင်၊ လူများ သောက်သုံးဖို့ တည်ထားပေး မယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့ တိုင်းတာ မယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးက အပါယ်လေးပါး လွတ်မြောက်တဲ့အထိ တန်ဖိုးလည်း ကြီး အကျိုးလည်း များပါတယ်။ သောတာပန် ပုဂ္ဂိုလ် များနဲ့ အလားတူဖြစ်တာပါ …လို့ ဆရာတော် အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) ဟောကြား ထားတဲ့ထဲက ထုတ်နုတ် ဖော်ပြပေးလိုက်ရပါတယ်။ အဲဒီလို ဆရာတော်ပြောခဲ့တဲ့ ကုသိုလ်ခုနစ်မျိုးထဲက တစ်မျိုးနှစ်မျိုးကိုပဲ ဖြစ်ဖြစ် အမြဲတမ်း ဝတ်ထား ပြီး ပြုလုပ်မယ်ဆိုရင် အပါယ်လေးပါးက လွတ် မြောက်ပါတယ်လို့လည်း ဆရာတော်က ပြောထား ပါတယ်။

ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ကုသိုလ်ကို ကိုယ် တတ်နိုင်သလောက် အမြဲမပြတ်ပြုလုပ်ရင်း မိမိ ပတ်ဝန်းကျင်က သူတွေကိုလည်း လုပ်ဖို့ တိုက် တွန်းပေးပါ။
နောက်ထပ် အထူးသတိပေးချင်တာကတော့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို မပြတ်တမ်း ရွတ်ဆိုနေဖို့ ပါပဲ။
ဘာကြောင့်ဆို ဆုတ်ကပ်ဘက်ကို ရောက် လာနေပြီဖြစ်တဲ့အတွက် ဘုရားပဲ ကယ်နိုင်မှာ ဖြစ်နေလို့ပါပဲ။ ကျွန်မတို့မှာ ဘုရားမှတစ်ပါး ကိုးကွယ်ရာ မရှိဘူး မဟုတ်လား။
မနက်မိုးလင်း အိပ်ရာထလို့ မျက်နှာသစ်မယ် ဆိုတာနဲ့ မျက်နှာသစ်မယ့်ရေခွက်ကို ကိုင်ပြီး “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သုံးကြိမ်ရွတ်ဆိုပြီး သစ်ပါ။ လူတိုင်း ကို မေတ္တာပို့အမျှဝေပါ။
ထူးထူးခြားခြား စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်း သာခြင်းတွေ တွေ့ကြုံရမယ်ဆိုတာ လက်တွေ့မို့ ယုံကြည်စွာ လုပ်ကြပါလို့ တိုက်တွန်းပြောကြားလိုပါ တယ်။

ဆုအေးအောင်

Comments

comments

Post Author: manawmaya