ကြီးပွားရေး လမ်းညွှန်

လူ့လောက၌ များစွာသောလူတို့သည် တိုး တက်ကြီးပွားချင်ကြ၏။ ပတ်ဝန်းကျင်နှင့် လူနေမှု အဆင့်အတန်းအရသာ တိုးတက်ကြီးပွားလိုသော အတိုင်းအတာ ကွာခြားချင် ကွာခြားမည်။ တိုးတက် ကြီးပွားလိုသော ဆန္ဒရှိပုံခြင်းကား အတူတူပင်ဖြစ်၏။

အချို့ပုဂ္ဂိုလ်များဆိုလျင် အရွယ်နှင့်မမျှအောင် ဥာဏ်ရည်မြင့်မားသည့်အလျှောက် ခုနစ်နှစ် ရှစ်နှစ် အရွယ် အလွန်ငယ်လွန်းပါလျက် ဘယ်လိုလုပ်လျှင် တိုးတက်ကြီးပွားနိုင်မည်ကို သိလို၏။ ဤသို့ ငယ် ငယ်ရွယ်ရွယ်နှင့် သိလိုစိတ်ရှိခြင်းသည် အတိတ် ဘဝဟောင်းက အကြောင်း(အထုံ)ဟု ဆိုနိုင်၏။ အချို့ အသက်အရွယ်သာ ကြီးသွားသည် ဘယ်လိုကြီးပွား အောင် လုပ်ရမည်ကို စူးစမ်းရကောင်းမှန်းမသိသူများ လည်းရှိသေး၏။

ဘုရားလက်ထက်တော်က သာဝတ္ထိပြည်၌ နေထိုင်သော အလွန်ချမ်းသာသည့် သူဌေးတစ် ယောက်၌ ခုနစ်နှစ်အရွယ် သားတစ်ယောက်ရှိ၏။ ထိုကလေးသည် အရွယ်နှင့်မမျှအောင် ဥာဏ်ပညာ ကြီး၏။ တစ်နေ့ သူ၏ ဖခင်အား “ဖခင် … ချမ်း သာအောင် ဘယ်လိုလုပ်ရပါသလဲ” မေး၏။ ဖခင် ဖြစ်တဲ့ သူဌေးက “ငါ့သားမေးတဲ့ မေးခွန်း ပြဿနာ ဟာ သိပ်သိမ်မွေ့ခက်ခဲတယ်၊ မြတ်စွာဘုရားရှင်မှ တစ်ပါး အထက်ဘဝဂ်၊ အောက်အဝီစိ အတွင်း  ရှိရှိ သမျှ သတ္တဝါတွေဟာ ဒီမေးခွန်းပြဿနာကို ဖြေဆို နိုင်တဲ့သူ ရှိမှာမဟုတ်ဘူး” ဟု ကြံစည်မိ၏။

အဖေသည် သားကိုခေါ်ကာ ပန်း၊ နံ့သာ၊ နံ့သာရည်တို့ကိုယူလျက် ဇေတဝန်ကျောင်းတော်ကို သွားပြီး  မြတ်စွာဘုရားကိုပူဇော်ရှိခိုး၍ သင့်တင့် လျှောက်ပတ်သောအရပ်မှာနေလျက် မြတ်စွာဘုရားကို “အရှင်ဘုရား … ဒီကလေးဟာ ပညာရှိပါ တယ်။ အကျိုးရှိအောင်လည်း ပြုတတ်ပါတယ်၊ ဘုရားတပည့်တော်ကို အကျိုးစီးပွားရဲ့ အကြောင်း ဖြစ်တဲ့ ပုစ္ဆာပြဿနာကို မေးပါတယ်။ ဘုရား တပည့်တော်ဟာ အဲဒီပုစ္ဆာပြဿနာရဲ့ အဖြေကိုမသိ ပါဘူး၊ ဒါ့ကြောင့် ဘုရားရှင်ထံ တပည့်တော် လာပါ တယ်၊ အရှင်ဘုရား …ဘုရားတပည့်တော် တောင်း ပန်ပါတယ်။ ဘုရားတပည့်တော်ကို အဲဒီပုစ္ဆာပြဿနာ ရဲ့ အဖြေကို ဟောတော်မူပါ”ဟု လျှောက်ထား တောင်းပန်၏။

မြတ်စွာဘုရားရှင်က “ဒါယကာ … ရှေးက လည်း ငါ့ကို ဒီကလေးဟာ အဲဒီပုစ္ဆာပြဿနာကို မေးဖူးတယ်။ ငါလည်း အဲဒီသူငယ်ကို ပြောဖူးတယ်။ ဒီတုန်းက ဒီသူငယ် ဒီပြဿနာရဲ့ အဖြေကို သိတယ်။ အခုအခါမှာတော့ ဘဝဖုံးလွှမ်းထားတဲ့အတွက် မမှတ်မိနိုင်တော့ဘူး” ဟု မိန့်ကြားတော်မူ၏။

ထိုအခါ သူဌေးက ဘုရားရှင်အား “အရှင်ဘုရား …အတိတ်ကဖြစ်ရပ်တွေကို ဘုန်းတော်ကြီး သော အရှင်ဘုရား မိန့်ကြားတော်မူမှသာ ဘုရား တပည့်တော်များ သိရှိရပါမယ်။ ဘုရားတပည့်တော် များ သိရှိနိုင်ရန်အတွက် မိန့်ကြားတော်မူပါဘုရား” ဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အတိတ်က အကြောင်းအရာတို့ကို ဤသို့ဟောတော် မူလေသည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် အလွန် ချမ်းသာသော သူဌေးဖြစ်၏။ သူ၏ အသက်ခုနစ်နှစ် သာရှိသေးသော သားသည် အလွန်ဥာဏ်ပညာ ကြီး၏။ အကျိုးရှိအောင်လည်း ပြုတတ်၏။ ထိုသူဌေး သားသည် တစ်နေ့ သူ၏ဖခင်အား “ဖခင် … ချမ်းသာအောင် ဘယ်လို လုပ်ရပါသလဲ” ဟု မေး၏။

ထိုကဲ့သို့မေးသောအခါ ဘုရားလောင်းဖြစ် သော ဖခင်က သားအား –

“သားမောင် ..

ကျန်းမာခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်ကို အလိုရှိရမယ် (ကျန်းမာရေးကောင်းရမယ်)။

ကိုယ်ကျင့်သီလလည်း အလိုရှိရမယ် (ကိုယ်ကျင့်တရား ကောင်းရမယ်)။

ပညာရှိတို့ရဲ့ ဩဝါဒကိုလည်း အလိုရှိရမယ် (နာခံမှတ်သားရမယ်)။

အမြင်အကြားကိုလည်း အလိုရှိရမယ် (ဆည်းပူး ရှာဖွေရမယ်)။

သုစရိုက်သုံးပါးကိုလည်း အလိုရှိရမယ် (ကုသိုလ်အမြဲပြုနေရမယ်)။

မပျင်းမရိခြင်းကိုလည်း အလိုရှိရမယ် (မပျင်းရိရဘူး)။

ဒီတရားခြောက်ပါးဟာ စီးပွားဖြစ်ခြင်းရဲ့ အလွန်မွန်မြတ်တဲ့ အကြောင်းပဲ”ဟု ဖြေကြား၏။ သူဌေးသားသည် ထိုအခါမှစ၍ စီးပွားဖြစ်ကြောင်း တိုးတက်ကြီးပွားကြောင်းတရားများကို ကျင့်၏။ ထို မိသားစုသည် တစ်သက်လုံး ချမ်းသာစွာဖြင့် ဒါန သီလ ဘာဝနာကောင်းမှုများကိုပြုကာ သုဂတိဘုံဘဝ များသို့ လားရောက်ရ၏။ ယခု ဘုရားရှင်လက်ထက် တော်၌ ထိုသူဌေးသားသည် အတိတ်ဘဝက သူဌေး သားဖြစ်ဖူး၏။ ဘုရားရှင်သည် ထိုအခါက သူဌေး ဖြစ်ဖူးပြီဟု ဇာတ်တော်ကိုပေါင်း၏။

 

ကြီးပွားကြောင်းတရားခြောက်ပါးကို လေ့လာသောအခါ –

 

(၁) ကျန်းမာရေးကောင်းရမည်ဟု ဆိုရာ၌ ကျန်းမာရေးသည် အလွန်အရေးကြီး၏။ ကျန်းမာရေး ကောင်းမှသာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး အားလုံးကို ရည်မှန်းသလောက် ခရီး ရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၏။ ကျန်းမာ ရေး ထိခိုက်လောက်အောင် လုံးဝမလုပ်သင့်ချေ။ အလုပ်အလွန်လုပ်ပြီးမှ ကျန်းမာရေး ထိခိုက်သွား လျှင်လည်း မိမိလုပ်ဆောင် ကြိုးစားရကျိုးနပ်တော့ မည်မဟုတ်ချေ။ သို့ဖြစ်၍ ဘုရားရှင်သည် ကျန်းမာ ရေးကို နံပါတ် (၁) ဟောတော်မူသည်။

 

(၂) ကိုယ်ကျင့်သီလပြည့်စုံရမည် ဟုဆိုရာ၌ ကိုယ်ကျင့်တရား မကောင်းလျှင် မည်သူမျှ ယုံကြည် မည် မဟုတ်၊ သူတစ်ပါး၏ ယုံကြည်မှုကို မရလျှင် လုံးဝ အလုပ်မဖြစ်နိုင်၊ ကံငါးပါးလုံးကို မဆိုထားဘိ၊ အဒိန္နာဒါနနှင့် မုသာဝါဒ တစ်ခုခု ပျက်ယွင်းနေ လျှင်ပင် အလုပ်လုပ်၍ မဖြစ် တော့။ သုရာမေရယ လွန်ကဲလာ လျင် ရောက်နေသည့် အခြေအ နေမှ ပြန်ကျရန်မှာ သေချာနေ တော့၏။ သုရာမေရယကြောင့် ဘဝပျက်ခဲ့သူများကား အများ အပြားပါပေ။

 

(၃) ပညာရှိတို့၏ ဩဝါဒ ကို နာခံမှတ်သားရ မည်ဟုဆိုရာ ၌သက်ဆိုင်ရာဘာသာရပ်၊ သက် ဆိုင်ရာလုပ်ငန်းကို ထူးထူးချွန် ချွန်တက်မြောက်ကျွမ်းကျင်သော ပုဂ္ဂိုလ်သည် ပညာရှိသာဖြစ်၏။

မိမိ လေ့လာနေသော ဘာသာရပ်၊ လုပ်ငန်းအတွက် ကျွမ်းကျင် သောပညာရှင်နှင့် လက်တွဲကာ လမ်းညွှန်မှု၊ အကြံဥာဏ်ပေးမှုကို ရယူကာ လိုက်နာဆောင်ရွက်ရန် လိုအပ်လေသည်။

(၄) အကြားအမြင် များ အောင် ရှာဖွေဆည်းပူးထား ရမည်ဟု ဆိုရာ၌ ခေတ်နှင့်တပြေးညီ အရာရာကို သိထားရန် လိုသည်။ အိုင်တီနည်းပညာများ အလွန်ထွန်းကားကာ ကမ္ဘာကို ရွာလောက် မှတ်နေသည့် ဤခေတ် ဤကာလကြီး၌ လွန်ခဲ့သည့် အနှစ် ၃၀ လောက်က ဗဟုသုတဖြင့် စီးပွားရေး လုပ်၍ မရတော့၊ မျက်မှောက်ခေတ် မျက် မှောက်အချိန်၏ ဖြစ်ပေါ်လာမှုကို အချိန်နှင့်တပြေး ညီ သိနေရန်လိုသည်။

(၅) သုစရိုက်သုံးပါး အလိုရှိရမည်ဟု ဆိုရာ၌ လုပ်ငန်းကြီးလျှင် ကုသိုလ်ကံကြီးဖို့လို၏။ အချို့ရာထူး များ၊ စည်းစိမ်များသည် ပစ္စုပ္ပန်ကံတစ်ခုတည်းနှင့် မရနိုင်၊ အတိတ်က ကြီးမားသောကုသိုလ်ကံပါမှ ရနိုင်၏။

ဆန် ဆုံတော့စား၊ ကံ ကုန်တော့သွား ဟူ သော စကားကဲ့သို့ ကံကုန်လျှင် ရှိသမျှကို စွန့်၍ သွားရမည်။ အတိတ်က ကံက အားနည်းလာသည့် တိုင် ပစ္စုပ္ပန်ကံက အားကောင်းနေလျှင် မော်တော် ယာဉ်ကောင်းကောင်းဖြင့် လမ်းဆိုးဆိုးကို သွားသူ ကဲ့သို့ လမ်းဆိုးနေသည့်တိုင် မော်တော်ယာဉ် ကောင်းနေသောကြောင့် အခက်အခဲမဖြစ်နိုင်။ ထိုဆိုး သောခရီးလမ်းပိုင်းကို ကျော်လွန်နိုင်၏။ မော်တော် ယာဉ်က နဲ့နဲ့၊ လမ်းက အလွန်ဆိုးနေလျှင် မော် တော်ယာဉ် တစ်စစီ ပြုတ်ထွက်ပြီး ထိုဆိုးလှသော ခရီးလမ်းပိုင်းကို ကျော်လွန်နိုင်မည်မဟုတ်ပေ။

လမ်းသည် အတိတ်ကံနှင့်တူ၍ မော်တော် ယာဉ်သည် ပစ္စုပ္ပန်ကံနှင့်တူ၏။ မိမိတို့အတွက် လုံခြုံ စိတ်ချရမည့် ပစ္စုပ္ပန် ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက် ဟူသော ကိုယ်နှုတ်စိတ်တို့ဖြင့် ဒါန သီလ ဘာဝနာ ကုသိုလ်အမျိုးမျိုးကို အမြဲ ပြုလုပ် အားထုတ်နေကြရမည်။ သို့မှသာ ယခုဘဝ၌ ကျန်း မာ၊ ချမ်းသာ၊ အသက်ရှည်ရုံမျှမက အနာဂတ် ဘဝများပါ ထိုအကျိုးတရားများ ရရှိသွားမည်ဖြစ်၏။

(၆) မပျင်းရိရဟု ဆိုရာ၌ ပျင်းရိခြင်းသည် စီးပွားဥစ္စာပျက်စီးခြင်း၏ အကြောင်းတစ်ပါးဖြစ်၏။

သုရာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့ သဘင်၊ ပျော်ရွှင်အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာ၊ ပျက်ကြောင်းသာ တည်း … ဟူသော ဘုရားဟော ဒေသနာတော် နှင့်အညီ ရှေးပညာရှိများ ဆုံးမထားသော စကားရှိ၏။  သို့ဖြစ်၍ ပျင်းရိတတ်ခြင်းကို လူတိုင်းလုံးဝ ရှောင်ရှား ရမည်ဖြစ်၏။

ဤအကြောင်းအင်္ဂါ ခြောက်ပါးနှင့် ပြည့်စုံ လျှင် ဧကန်တိုးတက်ကြီးပွားနိုင်မည်ဖြစ်၏။ ဘုရား ဟောဒေသနာတော်ဖြစ်၍ မမှိတ်မသုန် ယုံကြည်စွာ ကျင့်ကြံသင့်ကြပေသတည်း။    ။

စိရံ တိဋ္ဌတု သဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

Comments

comments

Post Author: manawmaya