ချစ်၍ကွမ်းယာလာလာကျွေးတဲ့ သရဲမလေး

စာရေးသူငယ်စဉ်က ဧရာဝတီတိုင်း ဧရာ ဝတီ မြစ်ကမ်းဘေးက မြို့ကြီးတစ်မြို့ကို ဖခင်ဖြစ်သူ ပြောင်းရွှေ့၍ လိုက်ပါသွားခဲ့ပါသည်။ မြစ်ဆိပ်နှင့် လည်းနီး၊ ဆေးရုံနဲ့လည်းနီးသည့် နေခြည်မြောက်  အရပ်မှာ နေခဲ့ပါတယ်။ တိုက်ခံပျဉ်ထောင်အိမ်အကြီး ကြီးမှာ ရှေ့တစ်ခြမ်းရုံး။ နောက်ပိုင်းနှင့် အပေါ်ထပ် လူနေပါတယ်။

သည်အိမ်ကြီးက သရဲခြောက်တဲ့အိမ်ကြီးဟု နာမည်ကြီးပါသည်။ မူလအိမ်ရှင်က သင်္ဘောဆိပ်  မှာလည်း နောက်တစ်အိမ်ရှိ၍ ပြောင်းသွားပါသည်။

သည်အိမ်ကြီးမှာ ဘယ်ဘက်ခြမ်းက “ကောက်သီးနှံထောက်ပံ့ရေးရုံး”၊ ညာဘက်ခြမ်းက “မြို့နယ် သမဝါယမရုံး”ဟူ၍ ရုံးနှစ်ရုံးအဖြစ် ငှားထားပါသည်။ နေ့မှာ ရုံးသူရုံးသားတွေရှိပေမယ့် ည လူမရှိပါ။ ဟိုစဉ် က စာရေးသူအဖေက သမဝါယမ မြို့အုပ်ပါ။ သီးခြား အိမ်မငှားတော့ဘဲ ရုံးနောက်တစ်ခြမ်းနှင့် အပေါ်ထပ်မှာ လူနေပါတယ်။ သရဲခြောက်တယ်လို့ ပြောကြပေမယ့် အဖေနှင့် အမေက မယုံကြည်ပါ။ ကြောက်လည်း မကြောက်တတ်ပါ။ စာရေးသူ ကိုလည်း မကြောက်အောင် ပြောထားပါသည်။

စာရေးသူက မကြောက်တတ်ပေမယ့် အစ်မ ဖြစ်သူ ဘေဘီ(ခေါ်) နွယ်နွယ်ဦးက တစ္ဆေကြောက် တတ်ပါသည်။ တစ်ယောက်တည်း အိမ်ပေါ်ထပ် မတက်ရဲပါ။ ဆန်းသစ်ဦး ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွား ကြည့်ပြီးအပြန် တာဘောင်ဘက်က လေသန့်ရှူ၍ လမ်းလျှောက်ပြန်မှာ။ အပြန် လေတိုက်၍ အေးလိမ့် မယ်။ အနွေးထည်ကို လိုရမယ်ရယူခဲ့ကြဟုဆိုလျှင် အိမ်အပေါ်ထပ်တက်ယူရလျှင် ဘေဘီတစ်ယောက် တည်း မတက်ရဲပါ။

သည်လိုနှင့် စာရေးသူတို့ သရဲခြောက်တဲ့ အိမ်ကြီးမှာ နေခဲ့ပါတယ်။ ကိုဘအောင်(အသက် ၁၆-၁၇နှစ်ခန့်)ကိုလည်း လှေကားနဲ့ကပ်လျက် အခန်းမှာ အိပ်စေပါတယ်။ ညခိုင်းရန် လိုက နီးနီး ခေါ်ရရန်ဖြစ်ပါသည်။

မိုးတစ်ည သန်းခေါင်ယံမှာ ကိုဘအောင် အခန်းထဲက ပြေးထွက်လာပြီး –

“အစ်ကိုလေး မမလေး … သရဲ သရဲ သရဲမ သရဲမလေး”ဟုအော်ပြီး သတိလစ် လဲသွား ပါတော့သည်။

အမေက “ဟဲ့ကောင် ဘာဖြစ်တာလဲ။ အလကား ကြောက်စရာမရှိတာ ကြောက်နေတယ် ထထ”ဟု ဆိုပေမယ့် သရဲကြောက်ပြီး လန့်သတိ လစ်သွားသူက မထနိုင်ပါ။

အဖေကနေ …နေဆိုပြီး ရေနဲ့ တောက်ပေ မယ့် သတိမရပါ။ မနက်လင်းမှ အိမ်နီးချင်းအကူ အညီနှင့် ဆေးဆရာပင့်၍ ကုသရပါတယ်။

တော်တော်နှင့် နာလန်မထပါ။ တစ်လ ကိုးသီတင်းကြာ၍ “ခိုင်းဖို့ခေါ်လာတာ သူ့မခိုင်းရဘဲ ကိုယ်ကပဲ သူ့ကိုပြန်ကျန်းမာဖို့ လုပ်ပေးခဲ့ရတယ်”ဟု အဖေက မကြာခဏ ပြန်ပြောပြပါသည်။  သေသေ ချာချာ မေးကြည့်တော့ –

မိုးတစ်ညမှာ ဆံပင်တွေ တကောက်ကွေး ထိအောင် ဖြန့်ချထားတဲ့ မိန်းမချောကလေးက လက်ဆန့်တန်းပြီး သူ့ကို နှိုးလိုက်တယ်။ သူလည်း လန့်နိုးသွားတယ်။ စူးရှတဲ့ အမွှေးနံ့တစ်ခုနှာခေါင်းမှာ ရှုမိတယ်။ နောက်မိန်းကလေးက ကွမ်းယာလို့ ထင် ရတဲ့အရာကိုစားဖို့ လှမ်းအပေးမှာ သူ့လည်း သရဲမ   ကိုသတိရပြီး လန့်အော်ပြီး အခန်းထဲက ထွက်ပြေး  လာခဲ့တာ နောက်ကို လုံးဝ လှည့်မကြည့်ဘူးဟု ပြောပါသည်။

သည်အိမ်ကြီးမှာ တစ်ချိန်က အိမ်ရှင်သမီး အသက်ဆယ့်ခြောက်နှစ် လောက်ပဲရှိသေးတဲ့ မိန်းကလေးကို သူ့အဖေထက် ကြီးတဲ့ အဘိုးကြီးနဲ့ လက်ထက်ပေးဖို့ အတင်းအ ကျပ်လုပ်ခဲ့တယ်။ ကုလားအဘိုးကြီးက သူဋ္ဌေးကြီး။ သူတို့မိန်းကလေး ဘက်ကလည်း ပစ္စည်းရှိပါတယ်။ မိန်းကလေးက ချစ်သူရည်းစားရှိ၍ လက်မခံပါ။ မိဘ တွေက မင်္ဂလာပွဲမတိုင်ခင် ခိုးရာလိုက်ပြေးမည်စိုး၍ ယခု ကိုဘအောင် အိပ်နေတဲ့အခန်းထဲမှာ သော့ ပိတ်ပြီး လှောင်ထားခဲ့တာပါ။

မင်္ဂလာဆောင်မယ့် နံနက်မှာ မိန်းကလေးက ပြေးမလွတ်မယ့်အတူတူ အိပ်ခန်းပြတင်းပေါက်က နေ အောက်ခုန်ချပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့ပါ တယ်။

မင်္ဂလာပွဲအတွက်ကပ်ထားတဲ့အလှစက္ကူတွေ သည်အိမ်ကြီးထဲမှာ ရှိနေပါသေးတယ်။ မင်္ဂလာပွဲက ဈာပနပွဲဖြစ်သွားခဲ့ရပါတော့တယ်။

မိန်းမပျိုလေးက ဆံပင်ကောင်းပြီး မျက်ခုံး မျက်လုံးလှ နှာတံပေါ်ပြီး အချောအလှလေး။ သူယူ ရမယ့်သူနှင့် ဘာသာတူပေမယ့် အရွယ်ကွာဟမှုက   မနှိုင်းသာပါ။ ဒါ့အပြင် သူမမှာ ဘာသာမတူ ဆင်းရဲ သား သင်္ဘောဆိပ် ကုန်ထမ်းရတဲ့ သူငယ်လေးနဲ့ ချစ်နေကြတယ်။ ယခုသူ့အခန်းမှာ နေတဲ့သူက လည်း သူမချစ်မိတဲ့လူနဲ့ အရွယ်တူလူငယ်လေးဖြစ် ၍ ချစ်၍ ကွမ်းယာလာကျွေးတာဖြစ်ပါလိမ့်မည်ဟု ထင်ရပါသည်။ ရုံးက စာရေးကြီးတစ်ဦးက –

“ဟေ့ မောင်ဘအောင် …ချစ်၍ခေါ်မည်။ လိုက်တော်မူလှည့်ဆိုပြီး သရဲမလေးက ကွမ်းယာ ပေးတာကို ဘာကြောင့် မယူလိုက်ရတာတုန်း၊ အပါ့။ အညာမြေက အညာသားလေး”လို့ စပါတော့တယ်။

အဲသည်နောက် အဲသည်အခန်းမှာ မနေရဲ တော့၍ အောက်ထပ်မှာဆင်းနေပါတော့သည်။ သူ့ နေရပ်အညာမြေ ပြန်ပါရစေခွင့်တောင်း၍ ပြန်ခွင့်ပေး လိုက်သည် ထင်ပါသည်။ စာရေးသူတို့ သည်မြို့က နေ ရမည်းသင်းမြို့သို့ ပြန်ပြောင်းသောအခါ ကိုဘ အောင် ပြန်မပါလာတော့ပါ။

ထိုစဉ်က ဒီမြို့ကြီးမှာပဲ သာသနာကုန်း ဘက်မှာ ခြံကျယ်ကြီးနှင့် နှစ်ထပ်တိုက်ကြီးတစ်လုံး ငွေလေးထောင်ကျပ်နှင့် ရပါသည်။ ဒီတိုက်ကလည်း သရဲဇာတ်လမ်းရှိသည်ဆိုပဲ။ အဖေတို့ မဝယ်ဖြစ် လိုက်ပါ။ အဖေ၊ အမေတို့ သရဲတစ္ဆေမကြောက်ပါ။ အမေက ရန်ကုန်ဆင်းလျှင် ရထားနှစ်ခါပြောင်းစီးရ၊ ရထားလမ်းမပေါက်တဲ့နေရာသွားလျှင် သင်္ဘောစီး ရနဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်း(လွန်ခဲ့သည့် နှစ်ခြောက်ဆယ်ခန့်က)၍ ဖြစ်ပါသည်။

စာရေးသူအသက် ရှစ်နှစ်ကိုးနှစ် အရွယ် မရမ်းတိုက်ကုန်းရပ် ဗမာ-မွတ်စလင်ကျောင်းမှာ ကျောင်းတက်ရပါတယ်။ ကျောင်းနဲ့အိမ်ကလည်း ဝေးပါတယ်။ ဆိုက်ကားနဲ့ ကျောင်းတက်ရပါတယ်။ ဒုတိယတန်း၊ တတိယတန်းအထိ နေခဲ့ပါတယ်။ မြစ်ဆိပ်သွား အညာဆန်သင်္ဘောကြီးတွေ၊ ဈေး သင်္ဘောကြီးတွေပေါ် ဈေးဝယ်သွားရတာ ပျော်ပါ တယ်။ သင်္ဘော(ဟိုခေတ်က မင်းသားမင်းသမီး၊ ဗေဒါရီ၊ ခေတ္တရာစသည်ဖြင့် နှစ်ထပ်သင်္ဘောကြီး များ)နှင့် ခရီးသွားရတာ ရေကြောက်တဲ့ မိတ္ထီလာသူ စာရေးသူ မပျော်ပါ။ ဟိုတုန်းကဖြစ်ရပ်ကလေးကို အမှတ်ရသရွေ့ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ခင်မေသစ်

(ကျောက်ဆည်)

Comments

comments

Post Author: manawmaya