ဝိညာဉ်များနှင့် တွေ့ဆုံခြင်း

ကျွန်မတို့ ဌာနသည် ကိုလိုနီခေတ် နှစ်ပေါင်း တစ်ရာကျော်က တည်ဆောက်ခဲ့သောသစ်ကြီး၊ ဝါး ကြီးများအုပ်ဆိုင်း၍ မှုန်မှိုင်းနေသော ခြံဝင်းကျယ်ကြီး အတွင်းရှိ ရှေးဟောင်းအဆောက်အအုံ အိမ်နီကြီး ပင်ဖြစ်ပါသည်။

ကျွန်မ နေရသည့် အိမ်နေရာမှာ ပင်မရုံး၊ အဆောက်အအုံကြီး၏ မြောက်ဘက်အစွန်ဆုံး နေရာ၊ အဆောင်အအုံငယ်၏ အပေါ်ထပ် အခန်း ငယ် တစ်ခု၌ ဖြစ်ပါသည်။ အဆောက်အအုံအနီး၌ ကြီးမား တုတ်ခိုင်သော ညောင်မုတ်ဆိတ်ပင်ကြီး ရှိပါသည်။

ညဥ့်အခါတွင် တစ်ခြံလုံး တိတ်ဆိတ်ငြိမ် သက်၍နေပြီး ညဥ့်ငှက်အော်သံများ၊ ခိုညည်းသံများ ကိုသာ ကြားနေရသဖြင့် စိတ်ခြောက်ခြားစရာ ကောင်းလှပါသည်။

အိပ်ရာဝင် အိပ်ရာထအချိန်တိုင်း ကျွန်မ ဘုရားဝတ်တက်၍ ပရိတ်တရားတော်များနှင့် ဂါထာ တော်များကို ရွတ်ဖတ်ပူဇော်ပါသည်။ ဘုရား ဝတ် တက်ပြီးလျှင် မေတ္တာဘာဝနာ တရားများပွားများ၍ ကြေးစည်ထုကာ သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြ ကုန်သော ဝေနေများစွာ သတ္တဝါအားလုံးနှင့် ဘဝ အဆက်ဆက်မှ တော်စပ်ခဲ့ဖူးပါသော မိဘ၊ ဆွေမျိုး များ၊ မကျွတ်မလွတ်သေးသည့် ပုဂ္ဂိုလ်များ၊  အစောင့်အရှောက်များက အမျှအတမ်းများ ပေးဝေ ပါသည်။

ကျွန်မ ဘုရားဝတ်တက်နေစဉ် အချိန်များ၌ ကျွန်မ အခန်းရှေ့ လှေကားရှည်ကြီးမှ လူအများ တက်လာသကဲ့သို့ ခြေသံများကို သဲ့သဲ့ကြားရပါ သည်။ တစ်ခါတစ်ရံ ကျွန်မ ဘုရားဝတ်ပြုနေစဉ် နောက်ကျောဘက်၌ လူအများလာရောက်၍ ထိုင်နေ ကြသလို နားနေကြသလို ကျွန်မ၏ မနောအာရုံထဲ တွင် တွေ့ကြုံခံစားရပါသည်။

ရုံးပိတ်ရက်တစ်ရက်၌ ကျွန်မ၏ မိတ်ဆွေ အကြားအမြင်ရ ပုဂ္ဂိုလ်တစ်ဦး အလည်ရောက်ရှိ လာပြီး ဘေးပတ်ဝန်းကျင် အကဲခတ်သလိုမျိုး လှည့် ပတ်ကြည့်၍ ထူးဆန်းသောစကားများ ပြောပါသည်။

“ဒီနေရာမှာ အစ်မကြီးမို့ နေနိုင်တာ၊ တော်ရုံ တန်ရုံလူဆိုရင် ရူးသွားနိုင်တယ်”

“ဒီညောင်ပင်ကြီးမှာ ရုက္ခစိုးအပြင် ပရ ညီ နောင် ရှိနေတယ်။ မနေ့ညက အစ်မကြီး ဘုရား ဝတ်တတ်ပြီး အမျှဝေတာ ကြေးစည်သံ နှစ်ချက်ပဲ ကြားလိုက်ရတယ်လို့ ပြောတယ်ဗျ”ဟု ပြောပြရာ ကျွန်မနားကိုပင် မယုံနိုင်လောက်အောင် အံ့ဩမိ ပါသည်။

မှန်ပါသည်။ ကျွန်မအမျှပေးဝေပြီး ကြေး စည်ထုတာ တစ်ချက် အမှတ်မဲ့ အနည်းငယ် လွဲ ချော်သွားခြင်း ဖြစ်ပါသည်။

နောက်တစ်နေ့ ညနေရုံးဆင်းချိန်နေဝင် ရီရောအချိန်၌ ကျွန်မတို့ အရာရှိသုံးဦး ရုံးပိတ်၊ ငွေ သိမ်းပြီး ပြန်လာချိန် ရုံးရှေ့တွင်ရပ်၍ စကားပြောနေ ကြစဉ် ရုံးရှေ့ပန်းခုံအဝိုင်းဘက်မှ အင်္ကျီအဖြူရောင် လက်ရှည်ဆင်တူ ဝတ်ဆင်ထားသော အမျိုးသား နှစ်ဦး ဝင်လာသည်ကို ကျွန်မ ထင်ထင်ရှားရှား တွေ့ လိုက်ရကာ –

“ဟိုမှာ လူနှစ်ယောက်ဝင်လာနေတယ်။ ဧည့်သည်တွေလား မသိဘူး”ဟု ကျွန်မပြော၍ အားလုံးလှည့်အကြည့်တွင် ရုံး၏ နောက်ကျောဘက်   ညောင်ပင်ကြီးဘက်ဆီသို့ဝင်ပြီး ရုတ်တရက် ပျောက် ကွယ်သွားပါသည်။

မသင်္ကာ၍ ရုံးစောင့်ကိုခေါ်ပြီး ရုံးဝင်းအတွင်း အနှံ့အပြား လိုက်ကြည့်စေရသည်။ မည်သူတစ်ဦး တစ်ယောက်မျှ မတွေ့ကြောင်း ပြောသဖြင့် ကျွန်မ တို့အားလုံး ရင်ခုန်စွာဖြင့် အံ့ဩစွာ စကားမပြောနိုင် ဘဲ ကိုယ့်အိမ်ခန်းဆီသို့ သွက်လက်သော ခြေလှမ်း များဖြင့် အသီးသီး ပြန်ခဲ့ကြပါသည်။

ဤရုံးသို့ ကျွန်မစရောက်သည့် ညတစ်ည ၌ ညဂျူတီကျသော ဝန်ထမ်းတစ်ဦး တစ္ဆေအ ခြောက်ခံရကြောင်းလည်း သိရှိရပါသည်။ ဤဝန် ထမ်း ပြောပြချက်အရ ရုံး၏ နောက်ဘက်အစွန် လှေကားဟောင်းကြီးထိပ်တွင် လူတစ်ယောက်ထိုင် ပြီး ဆေးလိပ်မီးများကို ရဲခနဲနေအောင် ဖွာရှိုက်နေ သည်ကို တွေ့ရှိရကြောင်းနှင့် မကြာခင် ပျောက် ကွယ်သွားကြောင်း ထိတ်လန့်ဖွယ်ရာ သိရှိခဲ့ရပါ သည်။

မည်သို့ပင်ဖြစ်စေ တစ္ဆေ သရဲမကြောက် တတ်သော ကျွန်မအဖို့ ထိတ်လန့်တုန်လှုပ်ခြင်း ကြောက်စိတ်များ မရှိခဲ့သော်လည်း ကျွန်မဘဝ၏ အမှတ်တရအဖြစ် တည်ရှိနေခဲ့ပါ၏။

 

မေမိုးမြင့်ပန်း(ဘဏ်)

 

မနောမယဝိုင်းတော်သား ဆရာဒိဗ္ဗာန် (ဂမ္ဘီရ) ၏  ပြန်လည် သုံးသပ် တင်ပြချက် . .

ဆရာမ မေမိုးမြင့်ပန်း(ဘဏ်)၏ ဝိညာဉ်များ နှင့် တွေ့ဆုံခြင်းစာမူမှာ ထူးခြားမှုရှိသော စာမူပင်ဖြစ် ပါသည်။ ဆရာမတို့၏ ရုံးအဆောက်အအုံမှာကိုလိုနီ ခေတ် ရှေး နှစ်ပေါင်း ၁၀ဝ ကျော်က တည်ဆောက်ခဲ့သော အဆောက် အအုံအဟောင်းကြီး ဖြစ်သည်ဟု ဆိုပါသည်။ ခြံအကျယ် ကြီးထဲတွင် ညောင်မုတ်ဆိတ် ပင်ကြီး အုပ်အုပ်ဆိုင်းဆိုင်းဖြင့် တိတ်ဆိတ်ငြိမ်သက် လျက်ရှိရာမှ ခိုညည်းသံများကြောင့် ချောက်ချားစရာ ကောင်းလှသည်ဟု ဆို၏။

ကာယကံရှင်ဖြစ်သော ဆရာမမှာ တစ္ဆေ ကြောက် တတ်သူမဟုတ်၍သာ တော်ပေသေးတော့သည်။ ဆရာမ သည် ဘုရားတရားမြဲသူဖြစ်၏။ နေ့စဉ် အိပ်ရာဝင် အိပ် ရာထ တရားဘာဝနာများ ပွားများ၏။ ပရိတ်တော်ဂါ ထာတော်များ ရွတ်ဖတ်၍ ၃၁ ဘုံကျင်လည်ကုန်သော သတ္တဝါအပေါင်းကို မေတ္တာပို့ အမျှအတန်းပေးဝေ၏။

ဆရာမဘုရားရှိခိုးချိန် အနားမှာ လာစောင့် ၍ သာဓုအနုမောဒနာခေါ်ဆိုကြခြင်းဖြင့် ကျွတ်လွတ် သွား သူများလည်း ရှိလိမ့်မည်ဟု ထင်ရပေသည်။ ကိုယ်ကျင့် တရားကောင်း၍ မေတ္တာတရားကြီးမား သူအား မည်ကဲ့ သို့သော အမှောင့်ပယောဂမျှ ဝင် ရောင်ပူးကပ်ခြင်း၊ နှောင့် ယှက်ခြင်းများမပြုနိုင် ကြောင်း ဆရာမက နမူနာပြုခြင်း ဖြစ်ပေသည်။ ဆရာမ၏ ပတ်ဝန်းကျင်တွင် မကောင်း ဆိုးဝါး နာနာဘာဝ ဝိညာဉ်များ ကျင်လည်ကျက်စားနေ သော်လည်း ဆရာမအား တစ်စုံတစ်ရာ ထိတ်အောင် လန့်အောင်၊ ကြောက်ရွံ့တုန်လှုပ်အောင် မလုပ်သည်မှာ ဆရာမ၏ ကျင့်ကြံအားထုတ်မှု စရဏအားကြောင့်ပင် ဖြစ်နိုင်သည်ဟု ဆိုရမည်ပင်။

 

ဒိဗ္ဗာန်(ဂမ္ဘီရ)

Comments

comments

Post Author: manawmaya