အဖေ

ကာလတစ်ခုတုန်းက ကျွန်တော်နေသည့်ရပ်ကွက်လေးက သန့်သည်။ ဘိလိယက်ခုံမရှိ။ အရက်ဆိုင် မရှိ။ မူးယစ်ရမ်းကားသူမရှိ။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၊ စာအုပ်အငှားဆိုင်တစ်ဆိုင်နှင့် စတိုးဆိုင်လေး တစ်ဆိုင်သာ ရှိသည်။ သိုသော် ကံကြမ္မာ၏ မသမာမှုကြောင့် ကျွန်တော်တို့လိပ်စာလေးလည်း မြို့သစ်လေးသို့ ရောက်ခဲ့ရသည်။

ရောက်စမှာ ကျွန်တော်နှင့် မြို့သစ်လေးက မည်သို့မျှ ညီမျှခြင်းဆွဲလို့မရခဲ့ပေ။ ကျွန်တော်က မြို့သစ်လေး၏ လက်ရေးကို မဖတ် တတ်တာလား၊ မြို့သစ်လေးကပဲ သတ်ပုံမှားနေတာလား။ ကာလအတန်ကြာ လွဲချော်နေခဲ့သည်။

နောက်ဆုံးတွင် လက်ဖက် ရည်ကြိုက်သူကျွန်တော်က အရက်ဆိုင်နှင့် ဘိလိယက်ခုံများကိုကျော်ကာ လက်ဖက်ရည်ဆိုင်ကိုသာ ရွေးချယ်ခဲ့သည်။

သည်လိုနှင့် ရက်ပေါင်းတစ်ရာလောက် ရှိလာသောအခါ ထိုဆိုင်လေး၏မိသားစုနှင့် ရင်းနှီးလာသလို ဆိုင်သို့ ပုံမှန်လာရောက်အားပေးသူတချို့၏ ကိုယ်ရေးမှတ်တမ်းကိုလည်း အနည်းငယ် သိလာခဲ့လေသည်။

တနင်္ဂနွေတစ်ရက် ထိုဆိုင်လေးမှာ တစ်ယောက်တည်းရှိနေစဉ် အသက် ၃၀ ဝန်းကျင် အရက်သမား တစ်ယောက် ဆိုင်ထဲရောက်လာခဲ၏။ ထို့နောက် အသက် ၆၀ ကျော် ဦးလှအောင်ဆိုသည့် အဘိုးကြီးကို ပြဿနာရှာလေသည်။ ဆဲဆိုသည်။ ကိုယ်ထိလက်ရောက် စော်ကားသည်။ နောက်ဆုံးတွင် ဘေးကလူတွေ ဝိုင်းဆွဲမှ တစ်ခန်းရပ်သွားလေသည်။ တကယ်တော့ ထိုဖြစ်စဉ်တွင် ဦးလှအောင်က ကျူးကျော်ခံလိုက်ရခြင်း သာဖြစ်၏။ မကြာခင် ဦးလှအောင် ဆိုင်ထဲက ပြန်ထွက်သွား၏။ ထို့နောက် ဆိုင်ရှင်ဦးလေးကြီးက ကျွန်တော့်ဝိုင်းသို့ လာထိုင်ရtင်း ဦးလှအောင်အကြောင်းကို ပြောပြလေသည်။

“မောင်ရင်က ရောက်တာမကြာသေးတော့ ဦးလှအောင်အကြောင်းကို သိမှာမဟုတ်ဘူး …၊ သူက လူအေး တစ်ယောက်ပါ …၊ ဒါပေမဲ့ သူ့သားနှစ်ယောက်က ဆိုးတယ် …၊ ရိုက်မှုနဲ့ မကြာခဏ အချုပ်ထဲရောက်တယ် …၊ အဲဒီကောင်တွေက လက်မရွံ့တွေ …၊ စောစောကကိစ္စ သူ့သားတွေ သိသွားလို့ ကတော့ မလွယ်ဘူး …”

ကျွန်တော် စိတ်ဝင်စားသွားပြီး မည်သည့်ဇာတ်ဝင်ခန်းတွေ ဆက်ဖြစ်ဦးမှာလဲဟု တွေးရင်းဆိုင် ထဲမှာ အချိန်ဖြုန်းနေမိသည်။ သို့သော် ဦးလှအောင် ပြန်ရောက်မလာသလို သူ့သားနှစ်ယောက်လည်း ရောက်မလာခဲ့ပေ။ နောက်တစ်လလောက်အကြာတွင် ဆိုင်မှာ သူနှင့်ဆုံဖြစ်သည်။

“ဟိုလက အရက်သမားတစ်ယောက် ဦးလေးကို ပြဿနာရှာတာ ကျနော်သိတယ် …၊ ဒီလူ တော်တော် လွန်တယ် ကျနော်ထင်တာက ဦးလေးသားနှစ်ယောက်ထွက်လာပြီး လာရှင်းမယ်လို့ထင်တာ သူတို့မသိဘူးလား ..”

“မသိဘူး …၊ ဦးလေးလည်း မပြောဘူး …”

“ကျနော်သိရသလောက် ဦးလေးသားတွေက လက်သွက်တယ်ဆို …၊ ကျွန်တော်သာ ဦးလေးလို အစော်ကားခံရရင် သားနှစ်ယောက်ကိုပြန်ပြောမှာ …၊ ဒါနဲ့ သူတို့ကို ဘာဖြစ်လို့ မပြောတာလဲ …”

ဦးလှအောင်က ဘာမျှမပြောပေ။ ခဏကြာမှ လေးလေးပင်ပင်နှင့် ပြောလိုက်သည်။

“အခုဆို သားနှစ်ယောက်လည်း သားသမီးကိုယ်စီနဲ့ ဖြစ်နေပြီလေ …”

 

မောင်မြင့်အောင်

Comments

comments

Post Author: manawmaya