ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်

ကျွန်မငယ်ငယ်တုန်းက တော်တော့်ကို ဆိုးခဲ့ ပါတယ်။ နို့ အခုတော့ရောလို့ မေးလာခဲ့ရင်လည်း လူဆိုးစာရင်းထဲထည့်လို့ ရသေးတာပါပဲ။ ဒါပေမဲ့ အသက်အရွယ်၊ အလေ့အထ၊ အတွေ့အကြုံတို့ရဲ့ ထုထောင်းဖိသိပ် နှိပ်စက်မှုကြောင့် အနည်းငယ် လောက်ပဲဖြစ်ဖြစ် လိမ္မာရေးခြားရှိလာပါပြီလို့ ပြော နိုင်ပါတယ်။

ပထမဆုံး ပြောင်းလဲလာတဲ့ အခြေအနေ တွေကို ပြောပြချင်ပါတယ်။ ငယ်ငယ်ကလေး ကတည်းက မိကောင်း ဖကောင်း ဆရာကောင်းတို့ရဲ့ သွန်သင်ခြင်းကို တစေခံယူခဲ့ရတဲ့အတွက် သညာသိ ကတော့ သိပ်မဆိုးလှပါဘူး။ သူများတကာ ပြော တာဆိုတာကို အမီလိုက်နိုင်လောက်အောင်လောက် တော့ တတ်ပါရဲ့လို့ ပြောရမယ် ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါသကလည်း ကြီး၊ မောဟက လည်း ဆီးတာကြောင့် မပြောတန်ရာ ပြော၊ မဆို တန်ရာ ဆိုနဲ့ ၀စီဘေဓ ထိထိုင်းရှတွေ ဖြစ်ကုန်ခဲ့တာ အခါခါ အလီလီပါပဲ။

အဲဒီလိုအခြေအနေမှာ မာန်မာနကလည်း ကြီးလေတော့ မိမိရဲ့အထက်က လူကြီးတွေပေမယ့် “ငါက မှန်နေတာပဲလေ၊ ငါ့အလုပ်ကို ငါကျေပွန် အောင် လုပ်နေတာပဲလေ” ဆိုတဲ့ အခုအခံနဲ့ ဆည်း ကပ်သင့်သလောက်တောင်မှ မဆည်းကပ်မိပါဘူး။ ဒါတွေကို ပြောပြနေတာက ကျွန်မကိုယ်ကျွန်မ အကောင်း ထင်နေသေးလို့ ပြောပြနေတာ မဟုတ်ပါဘူး။ ကျွန်မ တင်ပြချင်တဲ့အကြောင်းအရာများ ပုံပေါ်လာအောင် စကားအဆက်အစပ်မိအောင် ပြောပြနေတာ ဖြစ် ပါတယ်။

အဲသည်လိုနဲ့ နေလာလိုက်တဲ့နှစ်တွေ မနည်း ပါပဲကလား။ ကံကောင်းထောက်မတယ်လို့ ဆိုရမယ့် အချက်တစ်ချက်ကတော့ သတိတရား မရခင် မသေ သေးဘဲ ရှင်သန်နေဆဲဖြစ်တဲ့ အသက်ပါပဲ။

အသက်သာ သေသွားရင်တော့ ရင်းစားမှ ပြန်ရပါ့မလား မသိ။ အခုရော ရနိုင်ပြီလားလို့မေးရင် ရအောင် ကြိုးစားနေပြီလို့ ဆိုရမယ်ဖြစ်ပါတယ်။

ကျွန်မ အခုတင်ပြလိုတာကတော့ ကျေးဇူး ရှင်စစ်စစ် ဖြစ်တော်မူကြသော ရတနာသုံးပါးနဲ့ ဆရာ မိဘတို့ရဲ့အကြောင်း မဟုတ်ပါဘူး။ သို့သော် အဲဒီ ကျေးဇူးတင်ထိုက်တဲ့ ဂုဏ်ကျေးဇူးအထူးရှိတဲ့သူများရဲ့ အဆုံးအမကြောင့် သိလာရတဲ့၊ သာမန်ကြည့်ရင် ကျေးဇူးတင်စရာ လားလားမှမထိုက်ဘူးလို့ ထင်စရာ ရှိတဲ့သူများရဲ့ ကျေးဇူးဂုဏ်ကို ဖော်ထုတ်တင်ပြလို ပါတယ်။

ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကျွန်မအပေါ် စေတနာထားတဲ့ ကလျာဏ မိတ္တများ ရှိကြပါတယ်။ သူတို့ကတော့ မကောင်းတာလုပ်တော့မယ်ဆိုရင် တားပါတယ်။ ကောင်းတာကို လုပ်တော့မယ်ဆိုရင် တော့ မလုပ် လုပ်ဖြစ်အောင် တိုက်တွန်းကြပါတယ်။ အဲသည်လို ကလျာဏမိတ္တများရဲ့အကြောင်းကိုလည်း ကျွန်မ ဒီမှာ မတင်ပြချင်ပါဘူး။ တင်ပြခဲ့ဖူးတာတွေ လည်း ရှိနေလို့ပါပဲ။

ပထမ ကျေးဇူးတင်ထိုက်တဲ့ သူတွေကတော့ ကျွန်မတို့ကို အမြဲတစေ အပြစ်ရှာနေတတ်တဲ့ ပတ် ၀န်းကလူများ ဖြစ်ပါတယ်။

အသက်ကြီးလာလေလေ များလေလေပါပဲ။ တကယ်လို့ ပတ်ဝန်းကျင် အသိုက်အ၀န်းက တစ်ခုမျှ မကတော့ဘူးဆိုရင်တော့ အပြစ်ပြောတဲ့သူ အရေ အတွက်က ပိုပိုများလာတတ်ပါတယ်။

စာပေလောက ကဆိုရင် အပြစ်တင်တဲ့အခါ စာနဲ့လည်းရေးပြီး တင်တတ်ကြပါတယ်။ ကိုယ့်အုပ်စု သူ့အုပ်စုများ တီးတိုးပြောတတ်ကြတာလည်း ရှိပါ တယ်။ ကျွန်မက ပြောပါပကော၊ အစောပိုင်းက အတော်ဆိုးခဲ့တော့ ထိတာနဲ့ ဆတ်ခနဲ နာတတ်ပါ တယ်။ ဒါပေမဲ့ ကံကောင်းတာက အသက်အတန် ကြီးမှ စာပေလောကထဲကို ရောက်လာတာပါပဲ။ အဲဒီတော့ စာနဲ့ပေနဲ့ အပြစ်ပြောတာကို ကျေးဇူး တင်စရာကောင်းတယ်လို့ ခံယူတတ်တာ အတော်ကြီး စောပါတယ်။ အဲဒီလို ပြောနိုင်တာက ဒီလိုပါ။ ကိုယ့်စာကို စိတ်ဝင်စားစွာ ဖတ်တဲ့သူမရှိဘူးဆိုရင် ဒီလို ဘယ်ဝေဖန်မလဲ။ စိတ်ဝင်စားလို့သာ အချိန် ကုန်ခံပြီး ဝေဖန်တာပေါ့။

အဲသည်လို ဝေဖန်ရင် ဘယ်တော့မှ အကာ ချည်းပဲ၊ ဘာအနှစ်မှမပါဘူးလို့ ပြောနိုင်တဲ့စာ မရှိ သလောက်ပါပဲ။ ဝေဖန်သုံးသပ်မှုကိုလိုက်ပြီး သြော် ဒါကို ငါအစောက မစဉ်းစားခဲ့ပါပဲကလား၊ အခုတော့ အဲဒီအချက်ကို စဉ်းစားရမယ်၊ သုံးသပ်ရမယ်၊ အ ထောက်အထား ရှာရမယ်။ ပေါ့ပေါ့လေးရေးဖို့ မသင့် ပေဘူးလို့ မိမိကိုယ်ကို သတိပေးလိုက်နိုင်ပါတယ်။

အဲဒီလိုဝေဖန်တာကို သ တိပေးလိုက်နိုင်ခြင်းဟာ တကယ် တော့ မိမိကို ပိုပြီးတိုးတက်အောင် လုပ်ပေးတာပဲလို့ အကောင်းဘက် ကကြည့်ပြီး ကျေးဇူး တင်ထိုက် ပါတယ်။ အဲဒါကြောင့် မိမိကို အ ပြစ်တင်ဝေဖန်တဲ့စာကို ရေးတဲ့သူ များရှိခဲ့ရင်လည်း ကျေးဇူးတင်ဖို့ သာ ပြင်ဆင်ထားသင့်ပါတယ်။

ဒါဖြင့်ရင် ထားပါတော့။ စာပေလောက မဟုတ်တဲ့ တခြား ပတ်ဝန်းကျင်က လူတွေမဟုတ် တမ်းတရား ပြောတတ်တာကျ တော့ရောလို့ မေးစရာ ရှိပါတယ်။ လောကဓံဆိုး လေးပါးထဲမှာပါတဲ့ ကဲ့ရဲ့ခံရခြင်းဟာ တကယ်တော့ နှစ်လိုဝမ်းမြောက်စရာ မဟုတ်ပါ ဘူး။ ပုထုဇဉ်ဆိုရင် အလွယ်တ ကူ ပြုံးပြီးခံနိုင်တဲ့ ကဲ့ရဲ့ခံရခြင်း ဆိုတဲ့ လောကဓံမရှိပါဘူး။ အဲဒါ ကြောင့် ကမ္ဘာ့စာနယ်ဇင်းများမှာ အလွန်နာမည် ကျော်ကြားထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးများ ရဲ့ မဲ့သော ရွဲ့သော မျက်နှာထားနဲ့ ပုံကြီးများကို အရအမိရိုက်ထားတဲ့ ဓာတ်ပုံဆရာများရဲ့ ပုံတွေကို တွေ့ရတတ်ပါတယ်။ ကျွန်မဖြင့် အဲဒီပုံတွေကို တွေ့ တိုင်း ပြုံးရွှင် တက်ကြွတဲ့ပုံတွေ အများကြီးကြားက သတိကလေး တစ်ချက်လွတ်လိုက်တာနဲ့ ဖော်ပြ ထားတဲ့ပုံမျိုးလို ပုံဆိုးပန်းဆိုးတွေ ထွက်လာတတ် ပါကလားလို့ တွေးမိပါတယ်။

ကျွန်မ ပြောချင်တာက စူးခနဲ ရဲခနဲဖြစ် အောင် ပစ်ပေါက်နှိပ်စက်တတ်တဲ့ ကဲ့ရဲ့စကားများ၊ အပြစ်တင် ကြိမ်းမောင်းတဲ့စကားများဟာ ခံရရင် ခံရချင်း ခံရချက် မသက်သာသလို ခံရပြီးရင်လည်း စပ်ဖျဉ်းဖျဉ်းနဲ့ နေတာပါပဲ။ တကယ်တော့ အတော် အခံရဆိုးပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ငယ်ငယ်က ခံထားရတာတွေမပါဘဲနဲ့ အလုပ်ခွင်ဝင်ပြီးမှ ခံရတဲ့ အကြိမ်းအမောင်းတွေဟာ မနည်းလှပါဘူး။

ကျွန်မအနေနဲ့ အဲသည်လို ပြစ်တင် မောင်း မဲခြင်းကို ယေဘုယျကျကျ နှစ်မျိုးနှစ်စား ခွဲခြားပြီး တင်ပြချင်ပါတယ်။ တစ်မျိုးက ကိုယ်ကိုယ်တိုင်က အပြစ်ရှိလို့ အပြောခံရတာနဲ့ နောက်တစ်မျိုးက အပြစ်မရှိဘဲ အပြစ်ရှာပြီး တင်တာ ခံရတာပါပဲ။

အသက်ကြီးလာတဲ့အခါမှာ အပြစ်ကို သိသိ ကြီးနဲ့ ကျူးလွန်တာကတော့ နည်းပါတယ်။ ဒါပေမဲ့ သိသင့်သိထိုက်၊ နားလည်သင့် နားလည်ထိုက်တဲ့ အနေအထားမှာ မသိဘူး၊ နားမလည်ဘူး ဆိုတာ လည်း အပြစ်ပဲဖြစ်ပါတယ်။ အဲဒီတော့ တစ်ခါတုန်း က ကျွန်မရဲ့အထက်လူကြီးက ကျွန်မကို ဆူပါတယ်။ သူ့ကိုကျော်ပြီး လုပ်သလိုဖြစ်နေတဲ့ ကျွန်မရဲ့ အပြု အမူအတွက် ကျွန်မရဲ့အထက်က ဆရာကိုရော ကျွန်မကိုရော ဆူပါတယ်။

ကျွန်မက ရုံးလုပ်ငန်း၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို နားမလည်ဘူးဆိုရင် မဖြစ်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ တစ်နေ့ကျရင် ရုံးလုပ်ငန်းကို ပါ တွဲဖက်ဆောင်ရွက်ရမယ့် တာဝန်ကို ယူကြရမှာ ကြောင့်ပါပဲတဲ့။

ကျွန်မဟာ တ၀ကြီး (မကြိုက်ဆိုတော့ မြန် မြန်ဝတယ်လေ) အဆူခံပြီးတဲ့နောက် အဲဒီကျွန်မရဲ့ အထက်လူကြီးနဲ့ပတ်သက်ရင် တစ်သက်စာ မှတ် သွားတော့တာပါပဲ။ ရုံးလုပ်ငန်းနဲ့ ပတ်သက်ရင်လည်း မှတ်သွားတာပါပဲ။ ဘာကြောင့်လဲဆိုရင် အဲဒီလူကြီးက စည်းမျဉ်းစည်းကမ်း တကယ်ရှိတဲ့သူဖြစ်တာကြောင့် မျက်နှာမလိုက်တတ်ပါဘူး။ အထူးကျေးဇူးတင်စရာ ကောင်းလှပါတယ်။ အဝေးကပင် ကြည်ညိုနိုင်ပါ တယ်။ အနီးတော့ ကိုယ်ကလည်း သွားမှာမဟုတ် သလို သူကလည်း အလာခံမှာ မဟုတ်ပါဘူး။

နောက်တစ်မျိုးက ကိုယ့်မှာအပြစ်မရှိလည်း ရှိအောင်ရှာနေတတ်တဲ့ လူမျိုးတွေနဲ့ တွေ့ရတတ် ပါတယ်။ သူတို့က ပိုဆိုးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကျေးဇူးလည်း ရှာတတ်ရင် ရတာပါပဲ။

အဲသည်လိုလူမျိုးတွေနဲ့ ပတ်သက်ပြီး ရှေ့မှာ ရော ကွယ်ရာမှာရော သတိဝီရိယကြီးစွာထားပြီး နေ ထိုင်ရတတ်ပါတယ်။ သတိထားတတ်တယ်၊ ၀ီရိယ ထားပြီး အလုပ်လုပ်ရတယ်ဆိုတာတွေက တွေးကြည့် တော့ မကောင်းတာ ဘာမှမပါပါဘူး။ ကောင်းတာ တွေချည်းပါပဲ။ အဲသည်လိုနဲ့ မိမိရဲ့ကိုယ်ရည် ကိုယ် သွေးတွေ တက်လာနိုင်ပါတယ်။ ကျွန်မကတော့ ဒုက္ခကြီးစွာရောက်ပြီးတိုင်း အလုပ်တွေတစ်ပုံကြီး ပြီးစီးတတ်တာကြောင့် မိမိကို အပြစ်ပြောသူများ ဟာ တကယ်တော့ ကျေးဇူးတင်စရာကောင်းသူများ ပါတကားလို့ တွေးကျင့်ရှိလာတာ ကြာခဲ့ပါပြီ။

နောက်ကျေးဇူးတင်စရာကောင်းတဲ့သူများက တော့ အ၀တ်အဆင် အနေအထိုင် အပြောအဆိုက အစ ကျွန်မတို့ မကြိုက်နိုင်တဲ့ပုံစံနဲ့ ကျွန်မတို့ရှေ့မှာ လာရောက်ကြတဲ့သူများ ဒါမှမဟုတ် ကြုံကြဆုံကြရ တဲ့သူများ ဖြစ်ပါတယ်။

မိမိရဲ့ အသက်အရွယ်နဲ့ မလိုက်အောင် အလွန်အမင်း ပြင်ဆင်ဝတ်စားကြသူများ၊ အခြေ အနေ အချိန်အခါနဲ့ မလိုက်အောင် ပြင်ဆင်ဝတ် စားကြသူများ၊ သေသေသပ်သပ်မရှိလို့ ကြည့်ရတာ သိပ်အဆင်မပြေကြသူများကို ကျွန်မ ကျေးဇူးတင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘာသာကိုယ် ၀တ်မကြည့်ရဘဲ သူတို့ ၀တ်စားဆင်ယင်ပြတာကို မြင်ရုံနဲ့ အဆင်မပြေမှန်း သိပြီး ကိုယ့်ဘာသာကိုယ် ဆင်ခြင်နိုင်လို့ ဖြစ်ပါတယ်။

အနေအထိုင်လည်း ထိုနည်းလည်းကောင်း ပါပကဲ။ ကျွန်မဟာ ဒေါသဖြစ်တဲ့အခါ မထိန်းနိုင် အောင် စောင်းစောင်းတက် ပြုမူပြောဆိုခဲ့တာ အကြိမ် အကြိမ်ပါပဲ။ ဆင်ခြင်ဉာဏ်ကို ဒေါသခိုးများ လွှမ်း ထားလို့ ကိုယ့်ကိုယ်ကို မမြင်နိုင် မဆင်ခြင်နိုင်ဘဲ လွန်စွာရှက်ဖို့ ကောင်းခဲ့တာ အကြိမ်ကြိမ်ပဲ ဖြစ် ပါတယ်။

ကိုယ့်ရှေ့မှာ သူများက အဲသည်လို အနေ အထိုင် အပြောအဆိုမျိုးနဲ့ လုပ်ပြနေပြတာ မြင်တော့ ]သြော် ကြည့်စမ်းပါဦးတော့ကွယ်၊ ငါဟာ ဘယ် လောက်များ ရှက်စရာကောင်းခဲ့ပါလိမ့်မလဲ}လို့ အမြင်ကို ကြည့်ပြီး ဆင်ခြင်နိုင်ခဲ့ပါတယ်။

အပြောအဆိုဆိုတာကလည်း အဲသည်လိုပါ ပဲ။ သူတစ်ပါးကို နှိမ့်ချပြီး မိမိနဲ့ မိမိပတ်ဝန်း ကျင်ကိုတော့ ကောင်းစွာ ချီးကျူးပြောဆိုတတ်တာ၊ စီးစီးပိုးပိုး ဘက်လိုက်ပြီး ပြောဆိုတတ်တာတွေဟာ တကယ်တော့ မနှစ်မြို့စရာတွေပါပဲ။  ကိုယ်လည်း ဒါမျိုးတွေမကြိုက်ပါဘူး။ အဲဒီတော့ သူများလည်း ကြိုက်မှာမဟုတ်ဘူး။ သူများပြောတာကို ကိုယ် ကြား ရတာတောင်မှ မသက်သာရင် ကိုယ့်အလှည့်ကျရင် ဆင်ခြင်ပေရော့လားလို့ တွေးတောမှတ်သားရင်း ကိုယ့်ရှေ့မှာ မတော်တာ လာပြောတဲ့သူကိုတောင်မှ ကျေးဇူးတင်ရပါသေးတယ်။

နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ဖို့ အကောင်း ဆုံးလို့ ကျွန်မမှတ်ယူမိသူများကတော့ ရန်သူမဟုတ် ဘဲ မိမိကို အလွန်နှိပ်စက်ကြသူများပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်မက အလွန်တွယ်တာရသူများ ဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ သား သမီးကဲ့သို့ ချစ်ခင်တွယ်တာရသူများ ဖြစ်ပါတယ်။ သူတို့ကလည်း အထိုက်အလျောက် ကျွန်မကို ချစ်ခင်တွယ်တာတယ်လို့ ကျွန်မယုံကြည်ခဲ့ပါတယ်။

ဒါပေမဲ့ လူဆိုတာ သံသရာဘ၀ အဆက် ဆက်က အမျိုးမျိုးသော အကြောင်းရင်းခံများနဲ့ ကြုံ ကြဆုံကြရပြီး အခုဘ၀မှာ ပြန်လည်တွေ့ဆုံကြတဲ့ အခါ သိသိသာသာ ပါရမီဖက်များဖြစ်တယ်လို့ သိကြရသူများ ရှိပါတယ်။ ထို့အတူ ၀ဋ်ဖက်များ လည်း ရှိမှာပါပဲ။

ဘယ်လိုပဲ တွေ့ကြ ဆုံကြသည်ဖြစ်စေ ပါရမီ ဖက်များဖြစ်အောင်တော့ ကြိုးစားသင့်ကြပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကျွန်မကို စိတ် ဒုက္ခကြီးစွာရောက်အောင် လုပ်ကြသူများ ရှိတတ် ပါတယ်။ ဒါမှမဟုတ် သူတို့ဘာသာဘာဝ နေရင်း ထိုင်ရင်းက ကျွန်မအနေနဲ့ စိတ်လက်မချမ်းမသာ ဖြစ်တတ်တဲ့ သဘာဝအရ စိတ်ဆင်းရဲတာလည်း ဖြစ်နိုင်ပါရဲ့။

အဲသည်လို လူများနဲ့ပတ်သက်ရင် အစော ပိုင်းတော့ အလွန်စိတ်မချမ်း မသာဖြစ်ရတာပါပဲ။ ကိုယ်က သံယောဇဉ်သိပ်မထားတဲ့သူ ဒါမှမဟုတ် အလွယ်တကူ ဖြတ်တောက်နိုင်တဲ့သူများနဲ့ ပတ် သက်လို့ကတော့ အထိုက်အလျောက် ခံစားပြီးရင် ပြီးပြေ ပြတ်တောက်သွားတာပါပဲ။ ဒါပေမဲ့ ကိုယ်က အလွန် ချစ်ခင်သူ၊ အလွန်ကောင်းလာမယ်လို့ မျှော် လင့်ထားသူတွေဟာ ကိုယ့်ရဲ့မေတ္တာ စေတနာများနဲ့ မထိုက်တန်တဲ့ အနေအထား မျှော်လင့်သလို ကောင်း မလာတဲ့ အနေအထားမှာ ရောက်သွားတာကို ကြုံရ ရင် အလွန့်အလွန် စိတ်ဆင်းရဲရပါတယ်။ နင့်နင့်နဲနဲ ခံစားရပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ လုပ်စရာ အလုပ်က တစ်ပုံတစ်ပင်နဲ့ အသက်အရွယ်အရ အချိန်ခွင့်ပြုချက်က မရှိပါဘူး။ အဲဒီတော့ စိတ် ဆင်းရဲမှုကြီးကို ရင်ခွင်ပိုက်ကာ အလုပ်ကို စံချိန်မီ အောင်၊ အရည်အသွေးမီအောင် လုပ်နေရတဲ့အခါမှာ အလွန်ပင်ပန်းပါတယ်။

အဲဒီလို ကိုယ်ရောစိတ်ပါ လွန်စွာညှိုးနွမ်း မချမ်းမသာဖြစ်လာပြီလို့ ဆိုတဲ့အခါမှာ (နေမကောင်း ရင် သင့်တဲ့ဆေးရှာသောက်သလို) စိတ်အေးချမ်းသာ ရှိမယ့် အလုပ်များကို ရှာပြီးလုပ်ရပါတယ်။

အလုပ်တကာ့ အလုပ်တွေထဲမှာ စိတ်အေး ချမ်းသာအရှိအဆုံး အလုပ်ကတော့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးနဲ့ စပ်လျဉ်းတဲ့ အလုပ်များ ပဲဖြစ်ပါတယ်။ ဘုရားဟော တရားတော်များကို ကောင်းစွာ နှလုံးသွင်းနိုင်အောင် ကြိုးစားရင်းနဲ့ စိတ်ထဲမှာ ကိုယ့်စေတနာ မေတ္တာများကို မလေးစား တဲ့၊ ကိုယ့်ကို စိတ်ဆင်းရဲအောင် ပြုမူတဲ့သူများကို ကျေးဇူးတင်တဲ့စိတ်တွေ ပေါ်လာတာကို တွေ့ရပါ တယ်။ တော်ပါသေးရဲ့၊ ငါ့ကို စိတ်ချမ်းသာအောင် များ ပြောဆို ပြုမူဆက်ဆံခဲ့ရင် ငါ့စိတ်တိုင်းကျ နေခဲ့ထိုင်ခဲ့ကြမယ်ဆိုရင် ငါဟာ သူတို့အပေါ်မှာ သံယောဇဉ်တွေ တစ်ပုံတစ်ပင်ထားပြီး လွတ် မြောက်ရာလမ်း၊ အေးချမ်းရာ လမ်းစတွေကို လုပ်နိုင် မယ်မဟုတ်ပါဘူး။

အခုလို အချိန်ကိုတန်ဖိုးရှိအောင် အသုံးပြုဖို့ နေနေသာသာ သူတို့တစ်တွေရဲ့ ဗာဟီရတွေနဲ့ ငါ့မှာသာ လောဘ၊ ဒေါသ၊ မောဟတရားတွေ ပွား ချင်တိုင်း ပွားနေတော့မှာပဲ။ အခုတော့ သူတို့ ကျေးဇူးကြောင့် သူတို့အပူကြောင့် အေးရာလမ်းစကို ငါရှာနိုင်ခဲ့တယ်။ ကျေးဇူးတင်ဖွယ် ကောင်းလိုက်ပါ ဘိတော့တယ်လို့ ကျွန်မ တွေးမိပါတယ်။

ကျွန်မရဲ့ဆောင်းပါးကို “သြော် ကျေးဇူးတင် စရာများ ရှားရှားပါးပါး အဆန်းတကြယ်တွေကို ရွေးပြီး ကျေးဇူးတင်နေပလေတယ်”လို့ ဆိုရင်လည်း ခံရမှာပါပဲ။

အဲဒီလိုစကားမျိုးကို ပြောတဲ့သူ ရှိမရှိတော့ မသိပါဘူး။ ဒါပေမဲ့ အဲသည်လိုပြောမယ့်သူရှိရင် ကျွန်မကလည်း တင်ပြစရာ ဥပမာကလေးတွေ ရှိနေပါသေးတယ်လို့ ပြောချင်ပါတယ်။

ကျွန်မ အသက် ၂၁၊ ၂၂ လောက်က နိုင်ငံတကာ ပဋိပတ္တိရိပ်သာမှာ တရားဝင်ခဲ့ဖူးပါတယ်။ ဆောက်လုပ်ဆဲ အဆောက်အအုံတွေ ရှိနေတာ ကြောင့် သဲပုံနဲ့ ကျောက်စရစ်ပုံများ ရှိနေပါတယ်။ အဲဒီတော့ အတူတူ တရားထိုင်တဲ့ အစ်မကြီးတစ် ယောက်က ကျောက်စရစ်ခဲတစ်ခဲကို ကောက်ယူပြီး ]၀င်း၊ ဒီကျောက်စရစ်ခဲဟာ ဘာကြောင့်လုံးနေ ချောနေတာလဲ သိလား}လို့ မေးပါတယ်။ သူ့အမေး ကို ကျွန်မက ]မသိပါဘူး}လို့ ဖြေရပါတယ်။

အဲဒီတော့ အစ်မကြီးက ]ပွတ်တိုက်မှု (င်္ျွှုဃွှုဥြှ)များလို့ပေါ့။ လူ့ဘ၀မှာလည်း အဲ သည်လိုပါပဲ။ လောကဓံရဲ့ ပွတ်တိုက်မှု၊ တိုက်စား မှုတွေကြောင့် လူတွေဟာ တဖြည်းဖြည်း ချောမွေ့ လာရတာပါပဲ}လို့ ပြောလိုက်ပါတယ်။

နှစ်ပေါင်း ၃၅ နှစ်ခန့်က စကားကို ကျွန်မ မှတ်ထားရုံမကဘဲ ဆင့်ပွားအတွေးတွေကိုပါ ဆက် ဆက်ပြီး တွေးမိပါတယ်။ တချို့သော ကျောက်စိုင် ကျောက်သားများဟာ ပွတ်တိုက်ပါများတဲ့အခါ ချော မသွားဘဲ ကွဲကြေသွားပြီး သဲဘ၀ကို ရောက်သွား ကြတာလည်း များပါတယ်။ ဒါဖြင့်ရင် ပွတ်တိုက်မှု ကြောင့် ချောမွေ့တယ်လို့ဆိုတဲ့နေရာမှာ မူလ အသား ဓာတ်ခံ မာတာလည်း အရေးကြီးတဲ့အချက် တစ်ချက် အဖြစ် ပါပါတယ်။

နောက်တစ်ခါ ကျွန်မတို့အိမ်မှာ အိမ်ပြင်ကြ တော့ ကျွန်မ တွေးမိတာ ရှိပါသေးတယ်။ သစ်သား အကြမ်းကြီးကို ချောအောင်လုပ်ဖို့အတွက် ရွေပေါ် ထိုးတယ်ဆိုတာ တကယ်ဆိုရင် အသားကောင်း ကြီးကို စားပစ်တာပါပဲ။

ကျွန်မဟာ သစ်သားအကောင်းကြီးကို ရွေပေါ် နဲ့စားပြီး ရွေပေါ်စာ အလိပ်လိပ်ထွက်လာတာကို ကြည့်ရင်း “သြော်၊ ချောမွေ့ဖို့ဆိုတာ အစားခံရတာ ပါပဲကလား”လို့ တရားကျမိပါတယ်။ နောက်ပြီး လိုအပ်တဲ့ပုံနဲ့ ဗီရိုတို့၊ စားပွဲတို့လုပ်တော့ရော ဖြတ် လိုက်တောက်လိုက် ညှိလိုက်နဲ့ပါပဲ။ လူ့ဘ၀မှာလည်း ဒီလိုပါပဲကလား။ တိုးတက်တယ်၊ ထင်ပေါ်တယ်၊ ထင်ရှားတယ်ဆိုတာ အများထဲက တိုးထွက်လာ အောင် လုပ်ရတာပါပဲ။ အဲဒီလိုဖြစ်အောင် လောကဓံ ကို အံတုရင်း ကိုယ့်ဘက်ကလည်း အစားခံရ၊ အဖြတ် တောက်ခံရရင်း ဒီလိုထင်ရှားတဲ့ပုံ ပေါ်လာရတာ ပါပဲလေ။

နောက်ထပ် စဉ်းစားတာတစ်ခု ရှိပါသေး တယ်။ ကျောက်စရစ်ခဲမဟုတ်ဘဲ တန်ဖိုးကြီးမားတဲ့ တွင်းထွက်ရတနာများကိုလည်း တွင်းထဲကရတဲ့ အတိုင်း ၀တ်ဆင်လို့မှ မရနိုင်ဘဲ။ ရတနာများကို သူ့ခေတ်နဲ့အလိုက် ပုံပေါ်အောင် ပြန်ပြီးသွေးကြရ တာပါပဲ။ အလွန်မာတဲ့စိန်ကိုတောင် အကွက်ပေါ် အောင် စိန်သွားနဲ့ပဲ ပြန်သွေးယူရတယ်လို့ မှတ်သား ခဲ့ရဖူးပါတယ်။

အဲဒီတော့ ကျွန်မတို့ဘ၀ကို ချောမွေ့အောင်၊ အဖိုးတန်သည်ထက် တန်အောင် အခုဘ၀မှာ သာမက နောက်ဘ၀ကို ကူးတဲ့အခါမှာလည်း ဘ၀ ကူးကောင်းအောင် တွန်းတို့တဲ့ကိစ္စတွေထဲမှာ ချော မွေ့အောင် စားပစ်တဲ့လောကဓံ ဆိုးလေးပါးလည်း ပါပါတယ်။

အမြဲတမ်းသာ ကိုယ်လိုသလို ဖြစ်နေစမ်းပါ လား၊ ကျွန်မတို့ဟာ တိုးတက်လာမှာ အောင်မြင် လာမှာ၊ ထင်ရှားလာမှာ မဟုတ်တော့ပါဘူး။ အဲဒါ ကြောင့် ကိုယ့်ကိုစိတ်ဆင်းရဲအောင်၊ ခက်ခဲအောင်၊ နာကျင်အောင် လုပ်တဲ့သူများကို ကျေးဇူးတင်စိတ်ေ မွးတာ မှန်တဲ့အလုပ်တစ်ခုပါပဲလို့ ကျွန်မယူဆပါတယ် ရှင်။

ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)

Comments

comments

Post Author: manawmaya