ဂြိုဟ်သားနှင့် ပဉ္စမအကြိမ် ဆွေးနွေးရခြင်း

၁၃-၁၀-၂၀၁၈ ရက် မနက် ၃ နာရီ ၄၅ မိနစ်မှာ ကျွန်တော့်ဆီလာနေကြ ဂြိုဟ်သားကြီး ပဉ္စမ အကြိမ် ရောက်လာပါတယ်။ ဒီတစ်ခါတော့ သူတစ် ယောက်တည်း ရောက်လာတာပါ။

ကျွန်ုပ်။ ။ ဂြိုဟ်သားကြီးကြွရောက်လာတာ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ခင်ဗျားကို ကျွန်တော် က ဂြိုဟ်သားကြီးလို့ပဲ ခေါ်နေရတာ အဆင်မပြေ လှပါဘူး။ ခင်ဗျားမှာ နာမည်ရှိရင် ပြောပါဦး။

စတီဖင်။ ။ ကျွန်တော့်နာမည် စတီဖင်လို့ ခေါ်ပါတယ်။

ကျွန်ုပ်။ ။ နာမည်ကလည်း အင်္ဂလိပ်လူမျိုး နာမည်နဲ့တူနေပါလား။ မင်းတို့က အင်္ဂလိပ်စကား၊ အင်္ဂလိပ်လူမျိုးနဲ့ ပတ်သက်မှုရှိပါသလား။

စတီဖင်။ ။ ပတ်သက်မှုမရှိပါဘူး။ တိုက်ဆိုင် တာနေမှာပါ။ ဒီနေ့ ကျွန်တော် အကြောင်းခြင်းရာ သုံးရပ်ကို ပြောချင်ပါတယ်။

– ကျွန်တော်နဲ့ ခင်ဗျား ဆွေးနွေးတဲ့အထဲ  မှာ တတိယကမ္ဘာစစ် အမေရိကန်ကြောင့် ဖြစ်မယ် ဆိုရင် အမေရိကန်ရဲ့ အနုမြူလက်နက်တွေကို စစ်ပွဲ မတိုင်မီ ဖျက်ဆီးပစ်မယ်။ သုံးနာရီအတွင်း အကုန် ဖျက်ဆီးပစ်မယ် ပြောခဲ့တာ ရှိပါတယ်။ အဲဒါ ကျွန်တော်တို့ဘက်က တကယ် ဆောင်ရွက်မှာပါ။ အခုလည်း သူတို့တည်ဆောက်ပြီးသား အဆင့်မြင့် ဒုံးကျည်နှစ်မျိုးကို ပစ်မရအောင် ဖျက်ဆီးပြီးပါပြီ။ အဆင့်မြင့်နည်းပညာနဲ့ နောက်ဆုံး တီထွင်ထားတဲ့ လေယာဉ်တစ်မျိုး၊ အဆင့်မြင့်စက်ရုပ်လူသားတစ်မျိုး ကို လှုပ်ရှားလို့ မရအောင် ဖျက်ဆီးထားပါတယ်။ သူတို့လည်း အံ့အားသင့် တုန်လှုပ်သွားကြပါတယ်။

ရုရှားနိုင်ငံဘက်ကိုလည်း သူတို့နောက်ဆုံး တီထွင်ထားတဲ့ လေယာဉ်တစ်မျိုးနဲ့ နောက်ဆုံး ထုတ် လုပ်ထားတဲ့ လေဆာရောင်ခြည်သုံး လက်နက် တစ်မျိုးကို သုံးလို့မရအောင် ဖျက်ဆီးထားပါတယ်။ သူတို့လည်း အလွန်အံ့အားသင့်နေကြပါတယ်။ သူတို့ ယခုလို လက်နက်ဆန်းတွေ တီထွင်တာကို မလိုလား တဲ့ သူတို့ထက် အဆင့်မြင့်တဲ့ ဂြိုဟ်သားတွေရှိနေ တယ်လို့ ယုံကြည်နေကြပါတယ်။ အဲဒါကြောင့် အနုမြူ လက်နက်ပိုင်ဆိုင်နေကြတဲ့ နိုင်ငံတွေဟာ အနုမြူလက်နက်နဲ့ တိုက်တဲ့ စစ်ပွဲကို မဆင်နွဲဖို့ သတိပေးချင်ပါတယ်။

– ဒုတိယအချက်က ကျွန်တော်တို့ လူသား မျိုးနွယ်တွေကို ဆယ်စုနှစ်အလိုက် အရည်အသွေး ပိုမြင့်တဲ့ လူသားတွေဖြစ်ပေါ်လာအောင် သိပ္ပံပညာ မှာ အဆင့်မြင့်တဲ့ ဂြိုဟ်ကမ္ဘာက ဂြိုဟ်သားတွေကို လူဝင်စားအဖြစ် စေလွှတ်ပေးနေပါတယ်။ အဲဒီ အစီအစဉ်က လွန်ခဲ့တဲ့ ဆယ်နှစ်ကမှ စခဲ့တာပါ။ ယခုဆိုရင် ခင်ဗျားတို့ ကမ္ဘာကို သိပ္ပံပညာရှင်လိုမျိုး စုစုပေါင်း စေလွှတ်တာ ၃၂ ဦးရှိနေပါပြီ။ ခင်ဗျား တို့ မြန်မာနိုင်ငံမှာ လေးဦး ရောက်နေပါပြီ။ ယောကျာ်းလေး သုံးဦးနဲ့ မိန်းကလေးတစ်ဦးပါ။ ဒါက ကျွန်တော်တို့ ဂြိုဟ်ကမ္ဘာက စေလွှတ်တဲ့ ပညာရှင် တွေပဲ ရှိပါသေးတယ်။ အခြားဂြိုဟ်ကမ္ဘာက စေလွှတ် တဲ့ သူတွေလည်း ရှိပါသေးတယ်။ အဲဒီတော့ သူတို့ တစ်တွေ ကြီးပြင်းလာရင် ကမ္ဘာကြီးဟာ သိပ္ပံ ပညာ ပိုပြီး ထွန်းကားတဲ့ ကမ္ဘာကြီး ဖြစ်လာမှာပါ။ ပိုပြီး သက်သောင့်သက်သာနဲ့ နေရတဲ့ ကမ္ဘာကြီး ဖြစ်လာ မှာပါ။

– တတိယအချက်က လူတွေရဲ့ စိတ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ ယနေ့ကမ္ဘာ က လူတွေဟာ လွတ်လွတ်လပ်လပ် နေထိုင်ချင် ကြတယ်။ မူလရှိပြီးသား ချုပ်ချယ်တဲ့ ဓလေ့ထုံးတမ်း တွေ၊ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာ  ချင်ကြတော့ဘူး။ ကြာလျှင် ပရမ်းပတာ လူ့အဖွဲ့အ စည်း၊ ငြိမ်းချမ်းမှုမရှိတဲ့ လူအဖွဲ့အစည်းကြီး၊ အုပ်ချုပ် ရခက်တဲ့ လူ့အဖွဲ့အစည်းကြီး ဖြစ်လာပါလိမ့်မယ်။ အဲဒီလို မဖြစ်ရအောင် ကမ္ဘာ့ ကုလသမ္မဂ္ဂ အဖွဲ့ကြီး မှ နိုင်ငံအစိုးရများကို မငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း မျိုးကို ဦးတည်စေတဲ့ လူတွေရဲ့ ပြုမူဆောင်ရွက် ချက်တွေကို တားမြစ်တဲ့ ဥပဒေစည်းမျဉ်းစည်းကမ်း တွေထုတ်ပြန်ပြီး အုပ်ချုပ်ကြဖို့ တိုက်တွန်းတဲ့ ဆုံး ဖြတ်ချက်တစ်ရပ် ချမှတ်ပြီး ဆောင်ရွက်သင့်ပါတယ်။

ကျွန်ုပ်။ ။ ဘာသာရေး အစွန်းရောက်တွေ ကိစ္စမှာရော …ဘာသာရေး အစွန်းရောက်တွေ ကြောင့် ကမ္ဘာကြီးမှာ နေရာတော်တော်များများ လုံခြုံ မှုမရှိဘဲ ဖြစ်နေပါတယ်။

စတီဖင်။ ။ ဘာသာရေး အစွန်းရောက်တွေ ကို ယခုကမ္ဘာ့ခေါင်းဆောင်တွေက ဝိုင်းဝန်းပြီး တိုက်ခိုက်နေတာ တွေ့ရပါတယ်။ မကြာမီ တိမ်ကော ပျောက်ကွယ်သွားပါလိမ့်မယ်။

ကျွန်ုပ်။ ။ မနေ့က ကျွန်တော့်မိတ်ဆွေတစ် ယောက် ရောက်လာပါတယ်။ သူကလည်း ဒီအထူး အဆန်း သတင်းတွေကို အနောက်နိုင်ငံ သတင်း ဌာနတွေကတစ်ဆင့် အစဉ်အဆက် လေ့လာနေတဲ့ သူပါ။ အထူးသဖြင့် ဂြိုဟ်သားတွေနဲ့ ပတ်သက်တာ  တွေကို လေ့လာနေတဲ့သူပါ။ သူက ပြောပါတယ်။ ကမ္ဘာကြီးက နှစ်ထပ် ကမ္ဘာကြီး၊ အတွင်းပိုင်းမှာ အခေါင်းကျယ်ကြီးနဲ့ လူတွေ သန်းချီပြီး နေကြတာ ရှိတယ်ပြောပါတယ် အဲဒါဟုတ်ပါသလား။

စတီဖင်။ ။ ကမ္ဘာကြီးက Hollow Type တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေနေတဲ့ နေရာ နှစ် နေရာရှိပါတယ်။ အဲဒါက ဒီကမ္ဘာက လူသားတွေ ပါ။ သိပ္ပံပညာရှင်တွေနဲ့ သူတို့မိသားစုဝင်တွေပါ။ သူတို့က ဂျာမနီနဲ့ အမေရိကန်နိုင်ငံကပါ။ အမေရိ ကန်တွေက မိသားစု ၆၀ လောက်ရှိပါတယ်။ ဂျာမနီ တွေက မိသားစု ၈၀ လောက်ရှိပါတယ်။ အမေရိကန် တွေက အိုက်စလန်ကျွန်းတွေ အောက်မှာ နေပါ တယ်။ သူတို့တွေက သိပ္ပံဆိုင်ရာ စမ်းသပ်မှုအမျိုး မျိုးကို စမ်းသပ်လုပ်ကိုင်နေကြပါတယ်။ သူတို့က မူရင်း တိုင်းပြည်နဲ့လည်း အဆက်အသွယ်မရှိကြပါ ဘူး။

အခြားကမ္ဘာကလာတဲ့ ဂြိုဟ်သားတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အပါအဝင် အားလုံးခြောက် ဖွဲ့ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ကျွန်းတွေအောက်မှာ တစ်ဖွဲ့၊ အန္တာတိက ရေခဲပြင်ကြီးအောက်မှာ သုံးဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ကျွန်းတစ်ကျွန်းအောက်မှာ တစ်ဖွဲ့၊ တောင်တရုတ်ပင်လယ်က ကျွန်းတစ်ကျွန်းအောက် မှာ တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့တွေက ဒီကမ္ဘာနဲ့ ပတ်သက်တဲ့ လူတွေရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံတွေ တိရစ္ဆာန်တွေ သစ်ပင်သီးနှံတွေ အကြောင်းကို လေ့လာနေကြပါတယ်။ ကျွန်တော်တို့ တစ်ဖွဲ့နဲ့တစ် ဖွဲ့ အဆက်အသွယ် မရှိကြသေးပါဘူး။ နောက်ငါး နှစ်လောက်နေရင် ကျွန်တော်တို့ရဲ့ အကြီးအကဲ တစ်ဦးက ဦးဆောင်ပြီး အဲဒီ အဖွဲ့ခြောက်ဖွဲ့နဲ့ တွေ့ ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။

စတီဖင်ဂြိုဟ်သားလည်း မနက် ၅ နာရီ ၃ မိနစ်မှာ ပြန်သွားပါပြီ။

စတီဖင်ပြောတဲ့ သိပ္ပံပညာရှင် ဂြိုဟ်သား တွေကို ကျွန်တော်တို့ ကမ္ဘာကို စေလွှတ်ပြီး ကျက်စားစေတယ်။ ဒီကမ္ဘာကို သိပ္ပံပညာပိုပြီး ထွန်းကားတဲ့ ကမ္ဘာကြီး ဖြစ်စေဖို့ ရည်ရွယ်စေလွှတ် တယ် ပြောသွားပါတယ်။ အဲဒါ မှန်ပါလိမ့်မယ်။ ကျွန်တော် လွန်ခဲ့တဲ့ ငါးနှစ်လောက်က စပြီး လူဝင် စား ကလေး ငါးဦးလောက် တွေ့ဖူးပါတယ်။ ဒီ ကလေးတွေက ဥာဏ်ရည်တော်တော်မြင့်ပါတယ်။ ကျွန်တော့်ကို ဗေဒင်ကူညီဟောပေးနေတဲ့ ပုဂ္ဂိုလ် တွေက ဒီကလေးတွေဟာ ဒီကမ္ဘာက ဝင်စားတဲ့ သူမဟုတ်ဘူး။ အခြားအာကာသထဲက ဂြိုဟ်တစ်ခု က လာကြတဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ ကတည်းက ကျွန်တော် အံ့အားသင့်မိပါတယ်။ အခု စတီဖင်ပြောတဲ့ ရည်ရွယ်ချက်နဲ့ လာကြသူမှန်းတော့ မသိပါဘူး။ ကျွန်တော့်မိတ်ဆွေ အချို့ကိုတောင် ပြောမိပါတယ်။ နောက် နှစ်လေးငါးဆယ်နေလျှင် ကျွန်တော်တို့ မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေ ပေါ်ပေါက်လိမ့်မယ်လို့ ဖြစ်ပါ တယ်။

ယခုတော့ ကျွန်တော်တို့ နိုင်ငံတင်မကဘဲ ကမ္ဘာအရပ်ရပ်သို့ အာကာသထဲက အဆင့်မြင့်မြင့်   ပညာရှင်တွေ ဝင်စားနေကြပြီဆိုတာ သိရတဲ့အတွက် ကမ္ဘာကြီးတစ်ခုလုံး နောင် နှစ်လေးငါးဆယ်ကြာလျှင် အစစဖွံ့ဖြိုးတိုးတက်လာမည်ဆိုတာ သေချာလောက် ပါတယ်။

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ

(ဆရာဝင်း)သာကီနွယ်

 

Comments

comments

Post Author: manawmaya