အကြားအမြင်ရစေသော ပုတီးစိပ်နည်း

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ တပည့် ဗေဒင်ဆရာ ဖြိုးဟန်ကျော်ဆိုသူ ရောက်လာ၏။ ၎င်း ဖြိုးဟန်ကျော်သည် ရွှေတိဂုံဘုရား မြောက်ဘက်မုခ်တွင် ဗေဒင်ဟောသူဖြစ်၏။ ဥပုသ်နေ့တိုင်း ဆိုင်ပိတ်၏။ ကျွန်ုပ်သည် ၎င်းကို မြင်လိုက်သည်နှင့် ယနေ့ ဥပုသ်နေ့ပါလားဟု သတိရ၏။ ဖြိုးဟန်ကျော်သည် ကျွန်ုပ်အတွက် ဒိန်ချဉ်နှစ်ခွက် ဝယ်လာ၏။ ကျွန်ုပ်လည်း ဒိန်ချဉ်ကို လွန်စွာ ကြိုက်သောကြောင့် ချက်ချင်းပင် သောက်လိုက်လေ၏။ ကျွန်ုပ် ဒိန်ချဉ် သောက်ပြီးသောအခါ၌ ဖြိုးဟန်ကျော်က-

“ဆရာကြီးကို ကျွန်တော်တစ်ခုမေးမယ်။ ပုတီးများများ စိပ်လာရင် သူတစ်ပါးရဲ့ စိတ်အကြံကို  သိတယ်ဆိုတာ ဟုတ်သလား”

ဟုမေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က –

“သူတစ်ပါးရဲ့ စိတ်အကြံသိတာတို့၊ အကြားအမြင်ရတာတို့ ဆိုတာက ပုတီးစိပ်ရုံသက်သက်နဲ့  မရဘူးကွ၊ သီးသန့်လေ့ကျင့်ယူရတယ်။ လေ့ကျင့်တဲ့ နည်းတွေလည်း အများကြီးရှိတာပေါ့ကွာ၊ အဲဒီထဲက ငါ့ရဲ့ အကြိုက်ဆုံး နည်းတစ်ခု ပြောပြမယ်”

ဟုပြောလိုက်လျှင် ဖြိုးဟန်ကျော်က –

“အဲဒီနည်းကို သိချင်ပါတယ် ဆရာကြီး၊ ပြောသာ ပြောပါ”

ဟု ပြောလေ၏။

“ဒီလို ဖြိုးဟန်ကျော်ရဲ့ …မျက်စိဆိုတာ ဦးနှောက်ကလာတဲ့ အာရုံကြောနဲ့ ဆက်နေတာကွ၊ ဦးနှောက်က အာရုံကြောနှစ်စုံဟာ မျက်လုံးနဲ့ ဆက်ထားတယ်ပေါ့ကွာ၊ ဒါပေမဲ့ အဲဒီ အာရုံကြောဟာ အကြောနဲ့ မတူဘူး။ ဦးနှောက်ကနေ အတက်အလေးနှစ်ခု ထွက်နေသလိုပဲ။ ပြီးတော့ အကြောလို ပျော့ပျော့ပျောင်းပျောင်းလည်း မဟုတ်ဘူး။ ဖိုင်ဘာလို မာနေတာကွ။ သူက မျက်စိနောက်က နေရာတစ်စုံ နဲ့ လာပြီး ဆက်ထားတယ်။ အဲဒီနေရာကို အင်္ဂလိပ် လို ရက်တီနာ RETINA လို့ခေါ်တယ်။ အဲဒီ ရက် တီနာဟာ ဘာနဲ့ တူသလဲဆိုတော့ တယ်လီဗေးရှင်း စကရင်နဲ့ သိပ်ပြီးတူတာကွ။ အဲဒီတော့ ဦးနှောက်က ထွက်လာတဲ့ အာရုံကြောနှစ်ခုဟာ တယ်လီဗေးရှင်း မှာ အသုံးပြုတဲ့ အင်တီနာ ANTENNA နဲ့ သိပ်ပြီးတူ နေတာပေါ့။ အဲဒီတော့ကွာ မျက်လုံးရှေ့တူရူမှာရှိတဲ့ အရာကို မျက်လုံးကနေတစ်ဆင့် မျက်လုံးနောက်က စကရင်ဖြစ်တဲ့ ရက်တီနာကို ပို့တယ်ကွာ အဲဒီ ရက်တီနာကနေတစ်ဆင့် အင်တီနာနဲ့တူတဲ့ အကြောမာမာလေး နှစ်ခုကနေ ဦးနှောက်ကိုပို့တယ်။ အဲဒီမှာ မြင်တယ်ဆိုတဲ့ အကြောင်းလေးဖြစ်လာတော့တာပဲ။ မင်းပိုပြီး သဘောပေါက်အောင် ငါ့ဆီမှာရှိတဲ့ ပုံလေး တစ်ပုံကို ပြမယ်”

ဟုဆိုကာ ကျွန်ုပ်သည် ထိုအကြောင်းကို ရှင်းလင်းထားသော ပုံလေးတစ်ပုံကို ဖြိုးဟန်ကျော်အား ပြလိုက်လေ၏။

ဖြိုးဟန်ကျော်လည်း ထိုပုံကိုကြည့်ပြီးနောက်-

“တော်တော် သဘာဝကျတာပဲ”

ဟုပြောလေ၏။

“အဲဒီတော့ မင်းနားလည်ထားရမှာက မျက် လုံးရဲ့ တူရူနေရာမှာ ရှိတဲ့လူပဲဖြစ်ဖြစ် အရာဝတ္ထု ပဲဖြစ်ဖြစ် ဘာနဲ့တူလဲဆိုတော့ မှန်ဘီလူးနဲ့ တူတယ်။ အဲဒီမှန်ဘီလူးကနေတစ်ဆင့် ရက်တီနာကိုပို့တာ။ ရက်တီနာက ဘာလဲဆိုတော့ တယ်လီဗေးရှင်း စကရင်နဲ့တူတယ်လို့ ငါပြောပြီးပြီကွာ၊ အဲဒီကနေ တစ်ဆင့် ရက်တီနာကနေ အနောက်က ဖိုင်ဘာနဲ့ လုပ်ထားတဲ့ ရက်တီနာကနေ အမြင်အာရုံကြောကနေတစ်ဆင့် ဦးနှောက်ကို ဆက်ပြီး ပို့လိုက်တာ၊ အဲဒီအခါကျမှ ဦးနှောက်က မြင်တယ်လို့ ဖြစ်တော့တာဟေ့။ ဒါပေမဲ့ တစ်ခုထူးဆန်းတာက မျက်လုံး ရှေ့တည့်တည့်မှာ ဘာမှမရှိဘဲနဲ့ စိတ်ကူးတာကို ဦးနှောက်မှာ ထင်မြင်လာတာကတော့ မိမိတွေးမိတဲ့ အတွေးတစ်ခုဟာ ရက်တီနာပေါ်မှာ လာပြီးထင်တာ ကွ။ ဘယ်ပုံဘယ်နည်း ထင်သလဲဆိုတော့ တွေးလိုက်တဲ့ အတွေးပုံစံ အင်္ဂလိပ်လို သော့တ်ဖောင်စ် (Though forms) ဒါမှမဟုတ်ရင် မင်တယ်ပစ်ချာစ် (Mental Picture)တွေဟာ ရက်တီနာပေါ်မှာ လျှပ် စစ်ဓာတ်တြွေွကပြီး ပေါ်လာတယ်။ အဲဒီ လျှပ်စစ် ဓာတ်တွေဟာ အပူငွေ့တွေအဖြစ်နဲ့ ပုံဖော်လာတယ်။ အဲဒီပုံတွေဟာ လှိုင်းအဖြစ်နဲ့ ပုံသဏ္ဌာန်တွေ ဖော်ပြပြီး ဦးနှောက်ကို ဆက်ပို့လိုက်တယ်။ ဦးနှောက်မှာ ဗစ်ရှုရာ (Visual Center)လို့ခေါ်တဲ့ ရုပ်ပုံကို ဖမ်းတဲ့နေရာလေးတစ်နေရာရှိတယ်။ ဒီကလွှတ်လိုက်တဲ့ ရုပ်ပုံကို ဟိုက ဖမ်းယူတာပေါ့ကွာ၊ စိတ်ကူးတွေ၊ အိပ်မက် တွေဟာ ဒီနည်းနဲ့ ဦးနှောက်ရုပ်ဖမ်းဌာနမှာ တင်ပြတာကွ။ အဲဒီတော့ အရုပ်ကို အာရုံပြုပြု၊ အသံကိုပဲ အာရုံပြုပြု သဘောက အတူတူပဲ။ လူရဲ့ မျက်လုံးနဲ့ ဦးနှောက်ဟာ အခုမြင်တွေ့နေရတဲ့ တယ်လီဗေးရှင်းနဲ့ သိပ်ပြီးတူတာပဲ။ အသံကို အာရုံပြုရင် အသံကို ကြားရတယ်။ အရုပ်ကိုအာရုံပြုရင် အရုပ်ကို မြင်ရတယ်။ အဲဒီမှာ သူတစ်ပါးရဲ့ စိတ်အကြံကို ကိုယ်က သိတာတို့၊ သူတစ်ပါးပြောတာကို အဝေးက ကြားချင်တာတို့၊ အဝေးရောက်နေတဲ့ လူတစ်ယောက် ဘာ ဖြစ်နေသလဲ ဆိုတာကို မြင်ချင်တာတို့ဟာ မျက်လုံးရဲ့ ရှေ့ပိုင်းကို မသုံးတော့ဘဲ ရက်တီနာနဲ့ ဦးနှောက်ကို လေ့ကျင့်ယူရတာ ဖြစ်မယ်ကွ။ ဒါကြောင့်မို့လို့ အကြားအမြင်ကို အနောက်တိုင်းက ပညာရှင် တစ်ဦးက ဆိုက်ကစ်တယ်လီဗျူဝါး Phychic Tele-Viewer လို့တောင် သုံးသေးတယ်ကွ။ ဆိုက်ကစ်ဆိုတာက စိတ်နဲ့ဆိုင်တာ တယ်လီ ဆိုတာ အဝေးနဲ့ ဆိုင်တာ။ ဗျူးဝါးဆိုတာက မြင်တွေ့တာ။ အဝေးမှာ ရှိတဲ့အရာကို စိတ်နဲ့ မြင်တွေ့နိုင်တဲ့ အတတ်ပေါ့ကွာ”

ဟု ကျွန်ုပ်က ပြောလိုက်လျှင် ဖြိုးဟန်ကျော် က –

“ဒီအထိတော့ နားလည်ပြီဆရာကြီး၊ နောက် ပြောမှာတွေကို ဖြည်းဖြည်းပြောပါ ဆရာကြီး၊ နားရှုပ်ကုန်မှာ ကြောက်လို့ပါ}}”

ဟု ပြောလေတော့၏။

“ပထမအဆင့်ကတော့ မျက်စိကို တင်းတင်း ကျပ်ကျပ် မှိတ်နိုင်သမျှ ထပ်ပြီးမှိတ်ရမယ်။ ကလေး တွေဟာ ကောင်းကင်ကိုမော့ပြီး တိမ်တွေကို အရုပ်ဖော်သလို မျက်စိကို မှိတ်ထားရင်းကနေ ပုံဖော်ကြည့်ရမယ်။ အဲဒီလို ပုံဖော်ကြည့်ပြီးတော့ ပေါ်လာတဲ့ပုံကို ပါးစပ်က ရွတ်ဆိုရမယ်။ ဥပမာ ကျားနဲ့ ခပ်ဆင်ဆင်တူတာကို ကျားကျားလို့ ခေါပြီး ပုံဖော်ရမယ်။ မျောက်နဲ့ခပ်ဆင်ဆင် တူရင်လည်း မျောက်မျောက်လို့အော်ပြီး ပုံဖော်ရမယ်။ စောစောက မပီမသ ပေါ်နေတဲ့ ကျားရုပ်ဟာလည်း ပီပီသသကျားရုပ်ပေါ်မယ်။ စောစောက မပီမသ မျောက်ပုံပေါ်နေတဲ့ ရုပ်ဟာ မျောက်ရုပ်ပီပီသသ ပေါ်လာမယ်။ အဲဒါဟာ လေ့ကျင့်ခန်းတစ်ခုပဲဟေ့ –

လေ့ကျင့်ခန်း နှစ်ကို ပြောမယ်။ အဲဒီလို လုပ်လိုက်တဲ့အခါမှာ ကိုယ်ဖော်တဲ့ ကျားရုပ်ပေါ်ပြီးရင် မျက်စိထဲမှာ ရပ်မနေဘူး။ အရုပ်တွေ အမျိုးမျိုး အဖုံဖုံ ပေါ်လာတတ်တယ်။ အဲဒီအခါမှာ တစ်ကိုယ်လုံးမှာရှိတဲ့ အကြောတွေ လျှော့ပေးရမယ်။ အဲဒီအချိန်မှာ အိပ်ပျော်သွားလိမ့်မယ်။ ဒါပေမဲ့ အချိန် သိပ်မကြာဘဲ နိုးလာလိမ့်မယ်။ နိုးလာတဲ့အခါမှာ ရှစ်နာရီကြာ အိပ်ရေးဝအောင် အိပ်ထားတဲ့လူလို လန်း ဆန်းနေရမယ်။ ဒီလို နိုးလာတဲ့အခါမှာ အများသူငါ ပြောနေတဲ့ တတိယမျက်လုံး ဒါမှမဟုတ် စိတ်မျက်လုံးကို အသုံးပြုရတော့မယ်။ ဥပမာ မောင်ဖြူ စိတ်ကိုသိချင်ရင် မောင်ဖြူစိတ်ကို သိချင်လိုက်တာ လို့ အာရုံပြုထားရမယ်။ အာရုံပြုတဲ့အခါမှာလည်း မောင်ဖြူကို တွေ့နေကျ နေရာလေးမှာ တွေ့တယ်။   တွေ့လေ့တွေ့ထရှိတဲ့ နေရာလေးမှာ တွေ့တယ်လို့ စိတ်ထဲမှာ ထင်မြင်အောင် အာရုံပြုရမယ်။ ဥပမာအားဖြင့် သူ့အိမ်မှာရှိတဲ့ခုံမှာ ထိုင်နေပုံ၊ သူ့ရုံးက စားပွဲမှာ ထိုင်နေပုံ၊ ခြံရှေ့မှာ ထိုင်နေတယ်ဆိုရင်လည်း ခြံရှေ့မှာ ထိုင်နေပုံပေါ့။ မောင်ဖြူဟာ စာအုပ်တစ်အုပ်ကို ကိုင်လေ့ရှိတယ်ဆိုရင်လည်း စိတ်ထဲမှာ  စာအုပ်လေးတစ်အုပ် ကိုင်ထားတတ်တာကို အာရုံပြုထား၊ အဲဒီလို အာရုံပြုပြီးရင် မင်းက မင်းစိတ် ထဲမှာရှိတဲ့ အာရုံကြောတွေကို ဒုတိယအကြိမ် ထပ်ပြီး လျှော့ထားမယ်။ အဲဒီမှာ အာရုံပြုလို့ အာရုံမထင်ဘူးဆိုရင် မောင်ဖြူရိုက်ထားတဲ့ ဓာတ်ပုံရှိရင် ထုတ်ပြီး ကြည့်ခွင့်ရှိတယ်။ ဓာတ်ပုံကလည်း နှစ်အတော်ကြာကြာက ရိုက်ထားတဲ့ ဓာတ်ပုံဆို မကောင်းဘူး။ အခုလောလောလတ်လတ် ရိုက်ထားတဲ့ ဓာတ်ပုံဆို ပိုကောင်းတယ်။ အာရုံမှာ သိပ်မစွဲဘူးဆိုရင် ထပ်ပြီး အကြောတွေ လျှော့ချရမယ်။ အဲဒီအခါမှာ မောင်ဖြူပြောလိုက်တဲ့ စကားသံကို ဖြစ်စေ၊ မောင်ဖြူ အခုတကယ်လှုပ်ရှားနေတာကို ဖြစ်စေ၊ အာရုံထဲမှာ ကြားလာမြင်လာမယ်။ တစ်ခါလောက် ထင်ထင်ရှားရှား ရပြီးရင် စိတ်အေးလက်အေးနေလိုက် ပေတော့။ မုချ အကြားအမြင်စိတ်တွေ တစ်ဖက်သားရဲ့ လှုပ်ရှားမှုတွေကို သိရပြီလို့ စိတ်ဓာတ် ခိုင်ခိုင်မာမာ တင်လိုက်ပေတော့။ အမြင်ဓာတ် အကြားဓာတ်တွေကို လောမကြီးဘဲ မှန်မှန် ဆက် လုပ်သွားရင် မုချရလာမှာ”

ဟု ကျွန်ုပ်က ပြောလိုက်လျှင် ဖြိုးဟန်ကျော်က –

“လွယ်သားပဲ ဆရာကြီး”

ဟုပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က –

“လွယ်တယ်လို့ မပြောနဲ့ကွာ။ မခက်ဘူးလို့ ပြောပါ။ ငါလည်း ၁၉၇၀ ခုနှစ်လောက်က ဒါမျိုးတွေ ကျင့်ဖူးပါတယ်။ အဲဒီတုန်းက အင်းစိန်မှာရှိတဲ့ ငါ့ဦးလေးရဲ့ အောင်ဗောဓိ ဓာတ်ခန်းမှာ လေ့ကျင့်ခဲ့တာပါ။ အတော်အတန် ပေါက်ပေါက်မြောက်မြောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ဘဝက ဆက်ပြီး အခွင့်အရေးမပေးလေတော့ အသက်မွေးဝမ်းကျောင်း အလုပ်တွေနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်ဟေ့။ တကယ်လို့ မင်းတို့မှာ အချိန်ရှိမယ်ဆိုရင် လုပ်ကြည့်ပါ။ မုချ အောင်မြင်တဲ့နည်းပါ။ တစ်ခုတော့ အကြံပေးချင် တယ်။ အဲဒါက ဘာလဲဆိုတော့ အဲဒီ လေ့ကျင့်ခန်းကို လေ့ကျင့်တိုင်း လေ့ကျင့်တိုင်းမှာ မလေ့ကျင့်မီ ပုတီး ကိုတော့ စိပ်စေချင်တယ်ကွာ၊ ပုတီးကလည်း အခြား ဟာ မဟုတ်ပါဘူး ဓမ္မစကြာပါပဲ။

စက္ခုံ ဥဒပါဒိ

ဉာဏံ ဥဒပါဒိ

ဝိဇ္ဇာ ဥဒပါဒိ

အာလောကော ဥဒပါဒိ။

ဒီငါးလုံးကို ပုတီး ကိုးပတ်စိပ်ရမယ်ကွ။ ဟုတ် မဟုတ်မင်းအရင် လက်တွေ့ စမ်းကြည့်စေချင်တယ်။ စမ်းကြည့်ပြီးရင် မင်းက ငါ့ကို ကျေးဇူးတင်မှာပါ”

ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကျွန်ုပ်၏တပည့် ဖြိုးဟန်ကျော်က –

“မဟုတ်ပါဘူး ဆရာကြီး …အခုလို ပြောပြကတည်းက ကျေးဇူးတင်နေပါပြီ”

ဟု ကျေကျေနပ်နပ်ကြီး ပြောလိုက်လေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ

 

နေ့နံအလိုက် မိမိစိတ်ကြိုက် ပုတီးသားများကို ဈေးသက်သက်သာသာနှင့် မှာယူလိုပါက
အမရာ အဆောင်ပစ္စည်းရောင်းဝယ်ရေး ဖုန်း 09255855546 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Comments

comments

Post Author: manawmaya