ရိုးသားမှုကို အားပေးခြင်း

မစ္စတာ ဖီးလစ်ဟာ ရုံးဆင်းလာပြီးနောက် မနက်က ဇနီးဖြစ်သူ မှာလိုက်တဲ့စကားကို သတိ ရမိပါတယ်။

“ရုံးက ပြန်လာရင် ငှက်ပျောသီး တစ်ကီလို ဂရမ်လောက် ဝယ်လာပါနော်”တဲ့။

ယူကေနိုင်ငံမှာက ငှက်ပျောသီးဖြစ်ဖြစ်၊ လိမ္မော် သီးဖြစ်ဖြစ်၊ ပန်းသီးဖြစ်ဖြစ် အလုံးအရေအတွက်နှင့် မရောင်း။ အလေးချိန်နဲ့သာ ရောင်းတာပါ။

သူဟာ ဝယ်နေကျ ဆူပါမားကက်ဆိုင်ကြီးဆီ လမ်းလျှောက်သွားနေရင်း လမ်းဘေးမှာ ငှက်ပျော သီးဆိုင်တစ်ဆိုင်ကို တွေ့လိုက်ပါတယ်။ ငှက်ပျော သီးတွေကလည်း မှည့်ဝင်းနေပြီး ထွားလည်းထွား တဲ့အတွက် ဒီမှာပဲ ဝယ်လိုက်ရင်ကောင်းမယ်ထင်ပါ ရဲ့လို့ သူ တွေးလိုက်ပါတယ်။ ဒါနဲ့ ငှက်ပျောသီးသည် အမျိုးသမီးကြီးဆီ ဈေးမေးလိုက်ပါတယ်။

“ဘယ်လို ရောင်းပါသလဲခင်ဗျာ”

“တစ်ကီလိုမှာ ၈ ဒေါ်လာပါ”

သူက ဆူပါမားကက်ဆိုင်ကြီးမှာ တစ်ကီလိုမှ ၅ ဒေါ်လာပဲ ပေးရတာကို အမှတ်ရသွားပါတယ်။ ဒါကြောင့် ဈေးသည်အမျိုးသမီးကြီးကို ဈေးဆစ် လိုက်ပါတယ်။

“အစ်မကြီးရယ်၊ ဈေးများလွန်းပါတယ်၊ ဆိုင်ကြီးတွေမှာတောင် တစ်ကီလိုမှာ ၅ ဒေါ်လာနဲ့ပဲ ရောင်းနေတာကို”

အမျိုးသမီးကြီးက ရိုးရိုးသားသား ပြန်ပြောပါ တယ်။

“ဆိုင်ကြီးတွေမှာ ဘယ်ဈေးနှုန်းနဲ့ ရောင်းနေတာ ကျွန်မ မသိပါဘူး၊ ကျွန်မကတော့ ဒီငှက်ပျော သီးတွေကို တစ်ကီလို ၅ ဒေါ်လာနဲ့ ဝယ်ခဲ့တာပါ၊ ဒါကြောင့် ၈ ဒေါ်လာနဲ့ တင်ရောင်းတာပါ၊ ဆရာ လိုချင်ရင် ၇ ဒေါ်လာနဲ့ ရောင်းပေးပါ့မယ်၊ ဒီ့ထက် တော့ လျှော့မပေးနိုင်တော့လို့ပါ၊ ကျွန်မမှာ ကားခ၊ လုပ်အားခတွေလည်း စိုက်ထုတ်ထားရပါသေးတယ်”

မစ္စတာ ဖီးလစ် တွေးမိသွားတာက ဒီအမျိုး သမီးကြီးဟာ ဘာမှမဝေးလှတဲ့ ဆူပါမားကက်ဆိုင်  ကြီးကနေ တစ်ကီလို ငါးဒေါ်လာနဲ့ ဝယ်လာပြီး လမ်း ဘေးမှာ တစ်ကီလို ၇ ဒေါ်လာ၊ ၈ ဒေါ်လာနဲ့ အမြတ် တင် ရောင်းချနေတယ်ဆိုတာပါ။ ဒါနဲ့များ သူမ က သယ်ယူပို့ဆောင်ရေးစရိတ်၊ လုပ်အားခစရိတ် တွေ ထည့်ပြောနေသေးတယ်လို့ တွေးပြီး စိတ်ထဲမှာ ဒေါသ ဖြစ်သွားပါတယ်။

ဒါကြောင့် ဘာမှ ဆက်မပြောတော့ဘဲ ဆူပါ မားကက်ဆိုင်ကြီးဆီကို ဆက်ပြီး လမ်းလျှောက်ခဲ့ ပါတယ်။ ရောက်တာနဲ့ သူဟာ ငှက်ပျောသီးတန်း ဘက်သွားပြီး တစ်ကီလိုဂရမ်လောက် ရှိမယ်လို့ ခန့် မှန်းရတဲ့ငှက်ပျောသီးတစ်ဖီးကို ဆွဲယူပြီး ငွေသိမ်း ကောင်တာဆီ လာခဲ့ပါတယ်။ သူ ခန့်မှန်းတာ တော် တယ်လို့ ပြောရပါမယ်။ ငွေသိမ်းကောင်တာမှာ ချိန် ကြည့်လိုက်တော့ သူ ယူလာတဲ့ငှက်ပျောဖီးဟာ တစ် ကီလိုဂရမ် အတိပါပဲ။ ကျသင့်ငွေကတော့ ၁၀ ဒေါ် လာဖြစ်ပါတယ်။ သူ မျက်လုံးပြူးသွားပါတယ်။ ဒါ ကြောင့် ငွေသိမ်းကောင်တာက စာရေးမလေးကို သူက အထွန့်တက်လိုက်ပါတယ်။

“မဟုတ်သေးပါဘူး၊ ငါ အမြဲဝယ်နေကျ တစ် ကီလိုဂရမ်မှာ ၅ ဒေါ်လာပါ”

“ဦးလေး မလာတာ တစ်လလောက် ကြာသွား ပြီမဟုတ်လား၊ တစ်လအတွင်းမှာ ဈေးနှုန်းပြောင်း လဲသွားတာပေါ့”

စာရေးမလေးက ပြန်ရှင်းပြပါတယ်။ ဒါပေမယ့် သူ မကျေနပ်ပါဘူး။ ဒါကြောင့် ပြန်မေးပါတယ်။

“ဈေးနှုန်းပြောင်းတယ်ဆိုရင်တောင် အခုလို နှစ်ဆ တက်သွားတာမျိုးမဖြစ်သင့်ဘူးလေ၊ ငါ သိ ထားတဲ့ငှက်ပျောသီးဈေးနှုန်းအရ အရင်းက တစ် ကီလိုဂရမ်မှာ ၅ ဒေါ်လာပဲ ရှိတာကို”

သူနဲ့ စာရေးမလေးတို့ အခြေအတင်ပြောနေ တာ ကြားရတဲ့မန်နေဂျာတစ်ဦးက ရောက်လာပြီး သူ့ကို ရှင်းပြပါတယ်။

“ဦးလေး ပြောတာမှန်ပါတယ်၊ ဒီငှက်ပျောသီး ရဲ့ အရင်းက တစ်ကီလိုဂရမ်မှာ ၅ ဒေါ်လာပဲ ကျ ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာက သယ်ယူ ပို့ဆောင်ရေးစရိတ်၊ လုပ်အားခ၊ အဆောက်အဦခ၊ မီတာခ၊ စည်ပင်အခွန်ခတွေ ပေါင်းလိုက်တဲ့အခါ ကျတော့ နှစ်ဆတင် မရောင်းရင် မကိုက်တော့ပါ ဘူး”

မစ္စတာ ဖီးလစ် က ငှက်ပျောသီးကို မဝယ်တော့ ဘဲ လှည့်ထွက်လာခဲ့ပါတယ်။ ခုန လမ်းဘေးမှာ ရောင်းနေတဲ့ ငှက်ပျောသီးသည်အမျိုးသမီးကြီးရဲ့ စကားဟာ အမှန်ဖြစ်တယ်ဆိုတာ သိသွားလို့ပါ။ သူ ထင်တာက အမျိုးသမီးကြီးဟာ ဆူပါမားကက်ကနေ ၅ ဒေါ်လာနဲ့ ဝယ်ပြီး ၇ ဒေါ်လာ၊ ၈ ဒေါ်လာနဲ့ တင်ရောင်းနေတယ်လို့ ထင်ခဲ့တာကိုး။ အခုတော့ ဆူပါမားကက်ဆိုင်မှာက ၁၀ ဒေါ်လာနဲ့ ရောင်းနေ တာလေ။ ဆူပါမားကက်ဆိုင်မန်နေဂျာကလည်း လိမ် မပြောခဲ့ပါဘူး။ သူတို့က ကုန်ကျစရိတ် ပိုများ တော့ ဘယ်ကုန်ပစ္စည်းဖြစ်ဖြစ် နှစ်ဆတင် ရောင်းမှ ကိုက်တယ်လို့ အမှန်အတိုင်း ပြောခဲ့တာပါ။

မစ္စတာ ဖီးလစ်က လမ်းဘေးက ငှက်ပျော သီးသည်အမျိုးသမီးကြီးမှာသာ ပြန်ဝယ်တော့မယ် လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ အထင်မှားခဲ့တာကို ပြန် ပြီး တောင်းပန်ချင်လို့ ဖြစ်ပါတယ်။

လမ်းဘေးငှက်ပျောသီးဆိုင်ရှေ့မှာ သူ ရပ်လိုက် တော့ ဈေးသည်အမျိုးသမီးကြီးက သူ့ကို ချက်ချင်း မှတ်မိပါတယ်။ ဒါကြောင့် ပြုံးပြပြီး မေးလိုက်ပါတယ်။

“ယူမှာလား ဆရာ၊ ဈေးကတော့ ထပ်မဆစ် ပါနဲ့တော့နော်”

မစ္စတာ ဖီးလစ် ကလည်း ပြန်ပြုံးပြပြီး အားရ ပါးရ ပြောလိုက်ပါတယ်။

“ဈေးမဆစ်တော့ပါဘူး၊ စိတ်ချပါ၊ ဈေးမဆစ် တော့တဲ့အပြင် ပိုတောင် ပေးလိုက်ဦးမယ်၊ ကျွန် တော်က ခင်ဗျားကို အထင်မှားခဲ့တာ တောင်းပန်ပါ တယ်။ ဆူပါမားကက်ကနေ ၅  ဒေါ်လာနဲ့ ဝယ်ပြီး ဒီမှာ ၇ ဒေါ်လာ၊ ၈ ဒေါ်လာနဲ့ ဈေးတင် ရောင်းနေ တယ်လို့ ထင်ခဲ့တာ၊ ခုလေးတင် ကျွန်တော် ဆူပါမား ကက်က ပြန်လာတာ၊ သူတို့က ၁၀ ဒေါ်လာနဲ့ ရောင်းနေတာ၊ ကိုင်း- ပြောနေကြာတယ်၊ ကျွန် တော့်ကို တစ်ကီလို ချိန်ပေး၊ ၁၀ ဒေါ်လာ ပေး မယ် …”

 

အောင်အေး

(ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories

Comments

comments

Post Author: manawmaya