ဘီလူးကြီးနဲ့ ခရီးသည်

တစ်ခါတုန်းက တောနက်တစ်ခုက လိုဏ်ဂူကြီး တစ်ဂူမှာ ဘီလူးကြီးတစ်ကောင် နေထိုင်တယ်။ တောနက်ထဲမှာ နေပြီး စိတ်ကြမ်းကိုယ်ကြမ်း ဖြစ်နေ တဲ့အတွက် ဘီလူးကြီးလို့ ခေါ်တွင်ရပေမယ့် တကယ် တော့ ခန္ဓာကိုယ်ထွားကျိုင်းကြီးမားတဲ့လူသားတစ်ဦး ပဲ ဖြစ်တယ်။ ဒါ့ကြောင့် သူဟာ သမင်၊ ဒရယ် အစရှိတဲ့သားကောင်တွေကို အမဲလိုက်ပြီး ဖမ်းစား တတ်ပေမယ့် ဘယ်တော့မှ အစိမ်းမစားဘူး။ မီးဖုတ် မီးကင်ပြီး စားတတ်သလို မြေအိုးထဲမှာ ရေနဲ့ထည့် ပြုတ်ပြီး စွပ်ပြုတ်လုပ်သောက်တတ်တယ်။

တစ်နေ့တော့ အဲဒီလူ့ဘီလူးကြီး နေထိုင်ရာ တောနက်ထဲကို လူသားခရီးသည်တစ်ဦး မျက်စိ လည်လမ်းမှားပြီး ရောက်သွားခဲ့တယ်။ ခရီးသည်ဟာ ဆာလောင်မွတ်သိပ်တဲ့ဒဏ်အပြင် အအေးဒဏ်ကို ပါ ခံစားနေရတယ်။ လူ့ဘီလူးကြီးဟာ အဲဒီခရီး သည်ကို သစ်ပင်တွေအကြားကနေ အသာလေး ချောင်းကြည့်အကဲခတ်တဲ့အခါ သူ့ပုံပန်းသဏ္ဌာန် အရ သနားစရာ ဖြစ်နေတယ်။ ဒါနဲ့ သူဟာ သစ်ပင် တွေအကြားကနေ ထွက်လာပြီး ခရီးသည်ရှေ့ကနေ ကာဆီးပြီး ရပ်လိုက်တယ်။

အကောင်အထည်ကြီးမားထွားကျိုင်းလှတဲ့လူ့ ဘီလူးကြီးကို ကြည့်ပြီး ခရီးသည်က လန့်သွားတယ်။ဒီတော့ လူ့ဘီလူးကြီးက မကြောက်ဖို့ပြောလိုက် တယ်။ အဲဒီခေတ်၊ အဲဒီအချိန်ကာလတုန်းက လူ တွေ၊ တိရစ္ဆာန်တွေနဲ့ ရှိရှိသမျှသတ္တဝါတွေဟာ ‘မာဂဓ’ စကားလို့ခေါ်တဲ့ဘာသာစကားတစ်မျိုး တည်းကိုသာ ပြောကြတာမို့ အချင်းချင်း နားလည် အောင် ပြောနိုင်ကြတယ်တဲ့။ ဒါကြောင့် လူ့ဘီလူး ကြီးက ခရီးသည်ကို မကြောက်ဖို့ ပြောနိုင်တာပေါ့။

“အသင် ခရီးသည်၊ ကျွန်ုပ်အား မကြောက်ပါ နှင့်၊ ကျွန်ုပ်ဟာ အသင့်ကို အန္တရာယ်ပြုရန် ရှေ့မှ ကာဆီးခြင်းမဟုတ်ပါ၊ အသင် ခံစားနေရတဲ့အအေး ဒဏ် သက်သာအောင် ကျွန်ုပ်ရဲ့ လိုဏ်ဂူရှိရာခေါ် သွားပြီး အသင်ခံစားနေရတဲ့ဆာလောင်မွတ်သိပ်တဲ့ ဒဏ် သက်သာအောင် တစ်ခုခု ကျွေးမွေးဖို့ရာ ရှေ့ ကနေ ကာဆီးခြင်းဖြစ်တယ်၊ ကျွန်ုပ်နဲ့အတူ လိုက် ခဲ့ပါ၊ ကျွန်ုပ်ရဲ့ လိုဏ်ဂူမှာ ခေတ္တခဏ နားခိုပါ”

ခရီးသည်ဟာ လူ့ဘီလူးကြီး ပြောတာကို သဘောတူလက်ခံပြီး လိုက်ပါခဲ့တယ်။ လူ့ဘီလူး ကြီးဟာ ခရီးသည်ကို ခေါ်ဆောင်သွားနေရင်း ခရီး သည်က သူ့လက်ဖဝါးနှစ်ဖက်ကို ပါးစပ်ရှေ့မှာ ဖြန့် ဖြန့်ပြီး ပါးစပ်ထဲကလေနဲ့ မှုတ်မှုတ်ပေးနေတာကို သတိထားမိသွားတယ်။ ဘာသဘောနဲ့ အဲဒီလို လုပ် တာလဲဆိုတာ သိချင်လို့ လူ့ဘီလူးကြီးက ခရီးသည် ကို မေးကြည့်တော့ ခရီးသည်က ပြန်ဖြေတယ်။

“ကျွန်ုပ်ရဲ့ လက်ဖဝါးတွေက အေးစက်နေလို့ ပါးစပ်ထဲကလေပူနဲ့မှုတ်ပြီး ပူနွေးလာအောင် လုပ် ပေးနေတာပါ”

ခရီးသည်ရဲ့ပါးစပ်ထဲကလေပူက အသုံးဝင်သား ပဲလို့ လူ့ဘီလူးကြီး မှတ်ယူသွားတယ်။ ဒီလိုနဲ့ သူ တို့ဟာ လိုဏ်ဂူထဲ ရောက်သွားကြတယ်။ လူ့ဘီလူး ကြီးက ခရီးသည်ကို မီးပုံဘေးမှာ ထိုင်ပြီး အနားယူ ခိုင်းတယ်။ ပြီးတော့ သူ ပြုတ်ထားတဲ့စွပ်ပြုတ်ကို မြေခွက်တစ်ခွက်ထဲမှာ ထည့်ပြီး ခရီးသည်ကို သောက်ခိုင်းတယ်။

စွပ်ပြုတ်က ပူနေတဲ့အတွက် ခရီးသည်က မြေ ခွက်ကို ကိုင်ပြီး ပါးစပ်ထဲကလေနဲ့ မှုတ်ပြီးမှ သောက် ဖို့ ပြင်ဆင်တယ်။ ခရီးသည် အဲဒီလို လုပ်နေတာ မြင်တော့ လူ့ဘီလူးကြီးက သူ ပေးတဲ့စွပ်ပြုတ် အေး နေလို့ ခရီးသည်က သူ့ပါးစပ်ထဲကလေပူနဲ့ မှုတ် ပြီး ပူအောင် လုပ်နေတာများလားလို့ တွေးမိတယ်။ ဒါနဲ့ သေချာအောင် မေးလိုက်တယ်။

“အသင် ခရီးသည်၊ ကျွန်ုပ်ပေးတဲ့စွပ်ပြုတ်က အေးနေလို့ ပူအောင်လုပ်နေတာလား”

ခရီးသည်က ပြန်ဖြေတယ်။

“မဟုတ်ပါဘူး၊ အသင်ပေးတဲ့စွပ်ပြုတ်က ပူ လွန်းအားကြီးနေလို့ ကျွန်ုပ်ပါးစပ်ထဲကလေနဲ့မှုတ် ပြီး အေးသွားအောင် လုပ်နေတာပါ”

ခရီးသည်ရဲ့စကားကို ကြားရတော့ လူ့ဘီလူး ကြီးဟာ အတော် စိတ်ဆိုးသွားတယ်။

“အသင် ခရီးသည်၊ အသင်ဟာ အတော့်ကို လိမ်ညာလှည့်စားတတ်သူ ဖြစ်တယ်၊ အသင့်ရဲ့ ဒီ ပါးစပ်ပေါက်တစ်ပေါက်တည်းကပဲ လေပူထွက် အောင် လုပ်လိုက်၊ လေအေးထွက်အောင် လုပ်လိုက်၊  လုပ်နိုင်တဲ့အစွမ်းရှိတယ်လို့ ကျွန်ုပ် ထင်အောင် ပြုမူ လုပ်ဆောင်နေတာမဟုတ်လား၊ အသင့်မှာ အဲဒီလို အစွမ်းရှိတော့ရော ကျွန်ုပ်က ဘာဖြစ်လို့ သင့်ကို အထင်ကြီးရမှာလဲ၊ အထင်မကြီးတဲ့အပြင် အဲဒီလို ဟိတ်ဟန်ထုတ်လှည့်စားတာတွေကို ကျွန်ုပ် အလွန် မုန်းတီးတယ်၊ ဒါကြောင့် အသင် ကျွန်ုပ်ရဲ့ လိုဏ်ဂူ ထဲက ထွက်သွားပေတော့”

လူ့ဘီလူးကြီးက ခရီးသည်ကို မောင်းထုတ် လိုက်တယ်။

သင်ခန်းစာကတော့ သင်ဟာ လူ့ဘီလူးကြီး ဖြစ်နိုင်သလို ခရီးသည်လည်း ဖြစ်နိုင်တယ်ဆိုတာပါ။သူ့ဘက်ကိုယ့်ဘက်၊ သူ့နားလည်မှုကိုယ့်နားလည်မှု လွဲတာတွေ ရှိတတ်တဲ့သဘာဝကို သိထားဖို့ ဖြစ်ပါ တယ်။

 

အောင်အေး (ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories

Comments

comments

Post Author: manawmaya