ပျင်းရိတဲ့ မြည်းတစ်ကောင်အကြောင်း

‘ဘိုလာ’ အမည်ရှိကုန်သည်တစ်ဦးမှာ ‘ခန်ဒယာ’ လို့နာမည်ပေးထားတဲ့ ဝန်တင်မြည်းလေး တစ်ကောင်ရှိတယ်။ ‘ဘိုလာ’ ဟာ စိတ်သဘော ထားကောင်းမွန်တဲ့အတွက် သူ့ရဲ့ဝန်တင်မြည်းလေး ‘ချန်ဒယာ’ ကို ကောင်းကောင်းကျွေးမွေးစောင့် ရှောက်ထားတာပါ။ ဒါပေမယ့် ‘ချန်ဒယာ’ ကတော့ ပျင်းရိပြီး အလုပ်ကိုမလုပ်ချင်လုပ်ချင်လုပ်ပါတယ်။ဝန်တင်ခါနီးဆိုရင်လည်း အသာတကြည်အတင်မခံ ဘဲ ပေကပ်ကပ်လုပ်နေလို့ ‘ဘိုလာ’ က မရိုက်ချင် ဘဲ ရိုက်ရတယ်။ အသားနာသွားမှ ဝန်အတင်ခံတော့ တယ်။

ဒါ့အပြင် ‘ဘိုလာ’ ဟာ ‘ချန်ဒယာ’ ကို သနား တဲ့အတွက် ဘယ်တော့မှ ဝန်ကို အလွန်အကျွံမတင် ပါဘူး။ မနိုင်ဝန်ကို မသယ်ခိုင်းပါဘူး။ သင့်တင့် လျောက်ပတ်တဲ့အလေးချိန်ကိုသာ တွက်ဆပြီး သယ် ခိုင်းပါတယ်။ အရမ်းလေးတဲ့အလေးချိန်ကို သယ် ခိုင်းရင် ဘယ်ဝန်တင်မြည်း၊ ဝန်တင်မြင်းမဆို ပင် ပန်းပြီး ဖျားနာသွားတတ်တယ်ဆိုတာ သူ သိပါတယ်။ဒါပေမယ့် ပျင်းရိတဲ့ ‘ချန်ဒယာ’ ကတော့ သခင် ကောင်းတစ်ယောက် ရထားတယ်ဆိုတာမသိပါဘူး။ပျင်းဖို့၊ အချောင်ခိုဖို့ပဲ စဉ်းစားနေတဲ့မြည်းပါ။

တစ်နေ့မှာ ‘ဘိုလာ’ ဟာ မြို့ပေါ်ဈေးကနေ ဆားတွေ ဝယ်ပါတယ်။ ဆားအိတ်နှစ်အိတ်ကို ‘ချန်ဒယာ’ ရဲ့ ကျောပေါ်ခွတင်ပြီး သူနေထိုင်ရာ တောင် ပေါ်ရွာလေးဆီ ပြန်လာခဲ့ပါတယ်။ တောင်ပေါ်လမ်း ဖြစ်တဲ့အတွက် တောင်ကျချောင်းလေးတွေကို မကြာ ခဏ ဖြတ်ရပါတယ်။ တောင်ကျချောင်းတစ်ချောင်း ကို ဖြတ်တုန်း ‘ချန်ဒယာ’ ဟာ ခြေချော်ပြီး လဲကျ သွားပါတယ်။ သူ့ကျောပေါ်က ဆားအိတ်နှစ်အိတ် ဟာလည်း ရေထဲပြုတ်ကျသွားတယ်။ ‘ဘိုလာ’ ဟာ  မြည်းလေး ‘ချန်ဒယာ’ ကို ဇက်ကြိုးကနေဆွဲပြီး လဲရာက ပြန်ထခိုင်းတယ်။ ချောင်းစပ်အပင်တစ်ပင် မှာ ဇက်ကြိုးကို သွားချည်ထားပြီးမှ ရေထဲကျနေတဲ့ ဆားအိတ်နှစ်အိတ်ကို သွားပြီး သယ်ယူရတယ်။ ပြီး မှ အဲဒီဆားအိတ်နှစ်အိတ်ကို ‘ချန်ဒယာ’ ရဲ့ ကျော ပေါ် ခွတင်လိုက်တယ်။ အဲဒီလို တင်လိုက်တဲ့အချိန် မှာ ‘ချန်ဒယာ’ သတိထားမိသွားတာက ဆားအိတ် နှစ်အိတ်ရဲ့အလေးချိန် အတော်လေးပေါ့သွားတယ် ဆိုတာပဲ။ ပေါ့သွားမှာပေါ့။ ဆားအိတ်ထဲက ဆား တချို့ ချောင်းရေထဲ ပျော်ဝင်မျောပါသွားတာကိုး။ ‘ချန်ဒယာ’ က အဲဒီအချက်ကို သူ မသိဘူး။ သူ နားလည်လိုက်တာက ကုန်ပစ္စည်းတွေ ရေထဲကျ သွားရင် အလေးချိန်ပေါ့သွားတယ်ပေါ့။

ဒီလိုနဲ့ နောက်တစ်ခါ တောင်ကျချောင်းတစ် ချောင်းကို ဖြတ်တော့ သူက တမင်တကာ ချော် လဲပစ်လိုက်တယ်။ ဆားအိတ်နှစ်အိတ်လည်း ရေထဲ ပြုတ်ကျသွားပြန်ရော။ ကုန်သည် ‘ဘိုလာ’ က သူ့ကို ဆူပူကြိမ်းမောင်းပါတယ်။ ဆားအိတ်တွေ ရေထဲကျ တိုင်း သူ့မှာ ဆုံးရှုံးမှုဖြစ်ရတာကိုး။ ဒါပေမယ့် မြည်း လေး ‘ချန်ဒယာ’ ကတော့ သခင်ဖြစ်သူ ဆူပူကြိမ်း မောင်းတာကို မမှုပါဘူး။ အရေးကြီးတာက သူ ဝန် ပေါ့သွားဖို့ပဲ အာရုံစိုက်တာကိုး။

နောက်တောင်ကျချောင်းတစ်ချောင်းကို ဖြတ် တော့ ‘ဘိုလာ’ ဟာ ‘ချန်ဒရာ’ ချော်မလဲရလေ အောင် ဇက်ကြိုးကို လက်တစ်ဖက်က သေသေ ချာချာ ထိန်း၊ ကျန်တဲ့လက်တစ်ဖက်က ဆားအိတ် တွေကို ဖေးမပြီး ဖြတ်ခဲ့တယ်။ ဒါတောင် ဒီမြည်း က ချော်မလဲ လဲအောင်လုပ်ပြီး ချော်လဲပစ်လိုက် တယ်လေ။ ထုံးစံအတိုင်း ဆားအိတ်တွေလည်း ရေ ထဲ ပြုတ်ကျသွားပြန်တယ်လေ။ ‘ဘိုလာ’ အရမ်း စိတ်ဆိုးသွားတယ်။

“ဒီကောင် ဒါတော့ မဟုတ်တော့ဘူး၊ မင်း တမင်လုပ်တာမဟုတ်လား”

သူက ‘ချန်ဒယာ’ ကို ဆွဲပြီး ချောင်းစပ်က သစ်ပင်တစ်ပင်မှာ ချည်၊ တုတ်တစ်ချောင်းနဲ့ ရိုက် ဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် မရိုက်တော့ဘူး။ သူ့ ကို ရိုက်နေရင် ရေထဲပြုတ်ကျသွားတဲ့ဆားအိတ်တွေ က ဆားတွေ အများကြီး ရေပျော်သွားနိုင်တယ်ဆို တာစဉ်းစားမိလို့ပါ။ ဒါကြောင့် ကဗျာကရာ ဆား အိတ်တွေကိုသာ ဆယ်ယူရတာပေါ့။ ဆားအိတ်နှစ် အိတ်ကို ‘ချန်ဒယာ’ ရဲ့ ကျောပေါ်ခွတင်ရင်း ရိုက် တာထက်ကောင်းတဲ့ပညာပေးနည်းတစ်ခုကို စဉ်းစား မိသွားတယ်။ ဒါကြောင့် သူက ကြိမ်းဝါးလိုက်တယ်။

“မင်းက မင်းကိုယ်မင်း လည်လှပြီလို့ ထင်နေ တယ်ပေါ့လေ၊ ဟုတ်လား ‘ချန်ဒယာ’၊ တွေ့မယ်၊ မင်းကို ကောင်းကောင်း ပညာပေးရမယ်”

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ‘ဘိုလာ’ ခမျာ ဆားအတော်များများကို ဆုံးရှုံးခဲ့ရတယ်။

နောက်တစ်နေ့ကျတော့ ‘ဘိုလာ’ ဟာ ‘ချန်ဒရာ’ နဲ့အတူ မြို့ဈေးကို ပြန်သွားတယ်။ ဒီနေ့ကျ တော့ သူက ချည်ထုပ်တွေဝယ်တယ်။ ချည်ထုပ် တွေကို အိတ်နှစ်အိတ်ထဲ မျှထည့်ပြီး ‘ချန်ဒယာ’ ရဲ့ ကျောပေါ်ခွတင်တယ်။ ပြီးတော့ ထုံးစံအတိုင်း အိမ်ပြန်ခဲ့ကြတယ်။

ပထမဆုံး စတွေ့တဲ့တောင်ကျချောင်းမှာပဲ ‘ချန်ဒယာ’ က ချော်လဲပစ်လိုက်တယ်။ ချည်ထုပ်အိတ် တွေလည်း ရေထဲပြုတ်ကျကုန်တာပေါ့။ ‘ဘိုလာ’ က အေးအေးဆေးဆေးပဲ ‘ချန်ဒယာ’ ကို ဇက်ကြိုး ကနေဆွဲပြီး ချောင်းစပ်ကသစ်ပင်မှာ ချည်ထားလိုက် တယ်။ ချည်ထုပ်အိတ်တွေကို သွားမဆယ်သေးဘူး။

“ဒီနေရာလေးက အတော် သာယာတယ်၊ အေးအေးဆေးဆေး နားလိုက်ဦးမယ်”လို့ ပြောပြီး ချောင်းစပ်ကကျောက်တုံးတစ်တုံးပေါ် ထိုင်ချလိုက် တယ်။ ရည်ရွယ်ချက်တော့ ချည်ထုပ်တွေ ရေစုပ် နိုင်သလောက် စုပ်ခွင့်ရဖို့ပါ။ ဒါမှ အလေးချိန် ပိုတိုး လာပြီး ‘ချန်ဒယာ’ မှတ်လောက်သားလောက် ဖြစ် သွားစေချင်လို့ဖြစ်ပါတယ်။

‘ချန်ဒယာ’ ကလည်း အေးအေးဆေးဆေးပါပဲ။ သူက ကုန်ပစ္စည်းအပြောင်းအလဲဖြစ်သွားတာမသိ ပါဘူး။ သူ သိတာက ကုန်အိတ်တွေ ရေထဲကျရင် အလေးချိန်လျော့သွားတယ်ဆိုတာကိုသာ အသေ မှတ်ထားတာပါ။

ချည်ထုပ်အိတ်တွေ အလေးချိန်အတော်တိုး လောက်ပြီဆိုမှ ‘ဘိုလာ’ က ရေထဲကနေ သွား ဆယ်ပြီး ‘ချန်ဒယာ’ ရဲ့ ကျောပေါ်တင်လိုက်ပါတယ်။

သူတောင် အတော်လေး အားစိုက်ပြီး တင်လိုက်ရ တာပါ။ ချည်ထုပ်အိတ်တွေ ကျောပေါ်ရောက်တာ နဲ့ ‘ချန်ဒယာ’ ခံစားလိုက်ရတာက နှစ်ဆလောက် ပိုလေးသွားတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ‘ချန်ဒယာ’ ဟာ အတော်လေး အားစိုက်ပြီး လမ်းလျှောက်ရပါတယ်။ ရေထဲကျသွားရင် ပိုလေးသွားတဲ့ဝန်ထုပ်တွေလည်း ရှိပါသေးလားလို့ တွေးမိသွားတယ်။ နောက်တောင် ကျချောင်းတွေဖြတ်တော့ ချော်မလဲရဲတော့ဘူး။ ဒီ့ ထက် ပိုလေးသွားရင် သူခါးကျိုးဖို့ပဲ ရှိတော့တာကိုး။ ဒီလိုနဲ့ ‘ဘိုလာ’ ရဲ့မြည်းလေး ‘ချန်ဒယာ’ ဟာ နောက်ပိုင်းမှာ လိမ္မာသွားတော့တယ်။ သခင့်စကား နားထောင်တဲ့မြည်းလေးဖြစ်သွားလေရဲ့။

သင်ခန်းစာကတော့ အလုပ်လုပ်တဲ့အခါ ရိုးသား မှုက အရေးကြီးတယ်။ ပျင်းရိမှု၊ အချောင်ခိုလိုမှု၊ တွက်ကပ်မှုတွေဟာ မကောင်းတဲ့အမူအကျင့်တွေ ဖြစ်တာမို့ ဖယ်ရှားရပါမယ်။

 

အောင်အေး

(ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories

Comments

comments

Post Author: manawmaya