အိမ်တစ်ဆောင် မီးလောင်သွားခြင်း

အငြိမ်းစားအရာရှိကြီးတစ်ဦးဟာ ဇနီးဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် အသုဘကိစ္စတွေ ဆောင် ရွက်ပြီးစီးတာနဲ့ သူ့အိမ်ကို သော့ခတ်ပြီး စိတ်ပြေ လက်ပျောက် ခရီးထွက်ခဲ့တာ သုံးနှစ်လောက် ကြာ သွားပါတယ်။ သူ့မှာ သားသုံးယောက် ရှိပေမယ့် သားတွေက အိမ်ထောင်ကျပြီး အိမ်ခွဲနေကြပြီမို့ အိမ် ကို သော့ခတ်ပြီး ခရီးထွက်ခဲ့တာပါ။

သုံးနှစ်လောက် ခရီးထွက်ပြီးတဲ့အခါမှာတော့ အိမ်နဲ့တကွ ဇာတိမြို့ကလေးကို လွမ်းလာတာနဲ့ ပြန် လာခဲ့ပါတယ်။ အဝေးပြေးကားပေါ်က ဆင်းပြီး ခရီး ဆောင်လက်ဆွဲသေတ္တာတစ်လုံးကို ဆွဲရင်း တက္ကစီ ငှားလိုက်ပါတယ်။ တက္ကစီသမားကို သူ့အိမ်ရှိရာ ရပ် ကွက်နဲ့ လမ်းနာမည်ကို ပြောပြလိုက်ပါတယ်။ သူ့ အိမ်ရှိရာ လမ်းထိပ်ရောက်တော့ တက္ကစီက ဝင်လို့ မရတော့ပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေက ဆီးပြီး တားပါတယ်။ ဒီလမ်းထဲက အိမ်တစ်အိမ် မီးလောင်နေတာမို့ မီးသတ်ကားက လွဲလို့ ဘယ်ကားမှ ဝင်လို့မရပါဘူးတဲ့။ ဟုတ်ပါရဲ့။ မီးခိုးတွေ အလိပ်လိပ် ထွက်နေတာကို လှမ်းမြင်နေ ရတယ်လေ။ ဘယ်အိမ်ကို လောင်တာပါလိမ့်။ သူ့ အိမ်ကို လောင်နေတာများလားလို့ တွေးမိပြီး ရင် ထဲ ထိပ်သွားပါတယ်။

တက္ကစီယာဉ်မောင်းကို ကျသင့်ငွေ ရှင်းပေးပြီး အငြိမ်းစားအရာရှိကြီးဟာ ခရီးဆောင်လက်ဆွဲအိတ် နဲ့တကွ ကားပေါ်က ဆင်းခဲ့ပါတယ်။ စိုးရိမ်စိတ်နဲ့ သူ့အိမ်ရှိရာကို လျှောက်လှမ်းခဲ့ပါတယ်။ သူ စိုးရိမ် တဲ့အတိုင်း တကယ် ဖြစ်ခဲ့ပါတယ်။ မီးလောင်နေတာ သူ့အိမ်ပါ။

အိမ်ရှေ့လမ်းမပေါ်မှာ မီးသတ်ကားသုံးစီး တန်း စီ ရပ်ထားပြီး ရေပိုက်တွေနဲ့ ထိုးပက် မီးငြှိမ်းသတ် နေပါတယ်။ အိမ်နီးနားချင်းတချို့လည်း မတ်တတ် ရပ်ပြီး ကြည့်နေကြပါတယ်။ မီးလောင်တာ၊ မီးငြှိမ်း သတ်နေတာကို အာရုံစိုက်နေကြလို့ ခရီးဆောင် သေတ္တာတစ်လုံးနဲ့ သူ ရောက်လာတာကိုတောင် ဘယ်သူမှ သတိမထားမိကြပါဘူး။ သူလည်း အဲဒီ လူတွေရဲ့ နောက်နားမှာ အသာရပ်ပြီး မီးတောက် မီးလျှံတွေ ဝါးမျိုနေတဲ့ သူ့အိမ်ကို နှလုံးသည်းပွတ် ကြေကွဲမတတ် ခံစားရင်း ငေးကြည့်နေမိပါတယ်။

ဒီအိမ်ကို သူဟာ ချွေးနည်းစာနဲ့ ဆောက်ခဲ့တာ ပါ။ အကောင်းဆုံးအလှဆုံး ဆောက်ခဲ့တာမို့ ပတ်ဝန်း ကျင်က သူ့အိမ်ကို ချီးကျူးခဲ့ကြတဲ့အပြင် ဆောက် ပြီးတာနဲ့ ဝယ်မယ့်သူ ပေါ်လာခဲ့ပါတယ်။ ဝယ်မယ့် သူက ပေးတဲ့ဈေးဟာ အိမ်ဆောက်လုပ်စရိတ်ထက် နှစ်ဆတောင် ပိုများပါတယ်။ ဒါပေမယ့် သူ မရောင်း ခဲ့ပါဘူး။ ခုတော့ မီးလောင်နေပါပြီ။ မီးငြိမ်းသွားရင် တောင် ဘာမှ ကောင်းကောင်းမွန်မွန် ကျန်ခဲ့တော့မှာ မဟုတ်ဘဲ အသစ်ပြန်ဆောက်ရတော့မှာပါ။ အဲဒီ တုန်းက ရောင်းလိုက်ရင် အကောင်းသားလို့ တွေး မိပါတယ်။ သူ့ရင်ဟာ မီးလို ပူလောင်နေပါတယ်။

အဲဒီအချိန်မှာ သူ့လက်မောင်းကို လာရောက် ဆုပ်ကိုင်သူတစ်ဦး ပေါ်လာပါတယ်။ လှည့်ကြည့် လိုက်တော့ သားကြီး ဖြစ်နေပါတယ်။

“အဖေ …အခုလေးတင် ပြန်ရောက်လာတာ လား၊ အိမ်မီးလောင်နေတာ တွေ့လို့ စိတ်ထိခိုက် နေမှာပေါ့၊ ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့ အဖေ၊ ကျွန်တော် မနေ့ကပဲ ဒီအိမ်ကို ရောင်းပြီးသွားပြီ၊ ဝယ်တဲ့သူဌေးက ကာလပေါက်ဈေးထက် နှစ်ဆ ပို ပေးတာမို့ ရောင်းပေးလိုက်တာ၊ အဖေကလည်း အဆက်အသွယ်မရတော့ ကျွန်တော်ပဲ ဆုံးဖြတ်ပြီး ရောင်းလိုက်တာ၊ လာ … အဖေ၊ ကျွန်တော့်အိမ် ကို သွားရအောင်၊ ကျွန်တော့်အိမ်မှာပဲ နေလိုက်ပါ”

သားကြီးရဲ့စကားကို ကြားရတော့ အငြိမ်းစား အရာရှိကြီးရဲ့ မီးလို ပူလောင်နေတဲ့ရင်ဟာ ရေနဲ့ ပက်လိုက်သလို အေးသွားပါတယ်။ ဒါ သူ့အိမ်မှ မဟုတ်တော့တာ သူများအိမ် ဖြစ်သွားပြီပဲ။

ဒါကြောင့် သူက သားကြီးကို ပြန်ပြောလိုက် တယ်။

“သားကြီး ဆုံးဖြတ်တာ မှန်ပါတယ်၊ အဲဒီလို ဆုံးဖြတ်လိုက်လို့ တော်သေးတာပေါ့၊ မဟုတ်ရင်တော့ အဖေ မွဲပြီ၊ ခဏ နေပါဦး သားကြီးရာ၊ အဖေ မီး ငြှိမ်းသတ်တဲ့အခြေအနေလေး ဆက်ကြည့်ချင်သေး တယ်”

“ဒါဆိုလည်း အဖေ့ ခရီးဆောင်သေတ္တာကို ကျွန်တော် သယ်သွားလိုက်မယ်၊ အဖေ ကြည့်ပြီး မှ အိမ်လိုက်လာခဲ့”

သားကြီး ပြန်သွားတော့ သူ ဆက်ကြည့်နေ လိုက်တယ်။ မီးစွယ်တွေ ကျိုးသွားပါပြီ။ ရေက မီး ကို နိုင်သွားပါပြီ။

အဲဒီအခိုက်အတန့်မှာပဲ သူ့ဆီကို သားလတ် ရောက်လာပါတယ်။

“အဖေက အခုမှ ပြန်ရောက်လာတာလား၊ အဖေသာ တစ်ရက်နှစ်ရက် စောရောက်လာရင် အခု လို ဖြစ်မှာမဟုတ်ဘူး၊ အခုတော့ အိမ်က မီးလောင် သွားပြီ၊ အစ်ကိုကြီးက မနေ့က အိမ်ရောင်းလိုက်ပြီ ဆိုပေမယ့် ဝယ်တဲ့သူဌေးက စရန်ပဲ ချရသေးတာ၊ ငွေအကြေချေရသေးတာမဟုတ်ဘူး၊ အိမ်မီးလောင် သွားပြီဆိုတော့ ဘယ်သူက ငွေချေတော့မှာလဲ၊ စရန်ပဲ အဆုံးခံလိုက်တော့မှာပေါ့”

သားလတ်ဖြစ်သူရဲ့ စကားကြောင့် အငြိမ်းစား အရာရှိကြီးရဲ့ ရင်ဟာ မီးလို ပြန်ပူလောင်လာပါတယ်။မဖြစ်စလောက် စရန်ငွေလေးနဲ့ အိမ်တစ်ဆောင် ပြန်ဆောက်ဖို့မလွယ်ဘူးဆိုတာ သူ သိပါတယ်။ သား လတ်က သူ့ကို ခေါ်ပါတယ်။

“လာပါ အဖေရာ၊ စိတ်မကောင်းစရာ မြင်ကွင်း ကို ဆက်ကြည့်မနေပါနဲ့တော့၊ ကျွန်တော့်အိမ်မှာ လိုက်နားပါ”

သူက ခေါင်းခါလိုက်ပါတယ်။

“သား မကြည့်နိုင်ရင် ပြန်တော့၊ အဖေတော့ အဖေ ဆောက်ခဲ့တဲ့အိမ်ကလေး အဆုံးသတ်သွားတာ ကို ဆက်ကြည့်နေလိုက်ဦးမယ်”

သားလတ် ပြန်သွားတော့ သူဟာ မီးငြှိမ်းသတ် နေတဲ့မြင်ကွင်းကို တကယ်ပဲ ကြေကွဲဝမ်းနည်းစိတ်နဲ့  ဆက်ကြည့်နေခဲ့ပါတယ်။ မီးစွယ်ကျိုးသွားပြီ ဖြစ်တဲ့ သူ့အိမ်ဟာ မီးလောင်ကျွမ်းထားလို့ မည်းနက်နေတဲ့ အိမ်တိုင်တွေပဲ ကျန်နေတော့တာပါ။ သူဟာ မျက် လုံးအိမ်တွေကနေ မျက်ရည်ကျလုကျခင် ဖြစ်လာ ပါတယ်။

အဲဒီအချိန်မှာပဲ သူ့ဆီကို သားငယ်ဖြစ်သူ ရောက်လာပါတယ်။

“အဖေ ဒီမှာ ရှိနေတယ်ဆိုတာ အစ်ကိုလတ် ပြောလို့ ကျွန်တော် သိသွားတာ၊ ပြီးတော့ အစ်ကို လတ်က ပြောသေးတယ်၊ သူပြောခဲ့တဲ့စကားကြောင့် အဖေ အတော် စိတ်မကောင်းဖြစ်သွားပုံ ရတယ်တဲ့၊ ဒါကြောင့် ကျွန်တော် အဖေ့ဆီ အပြေးအလွှား လာ ခဲ့တာ၊ ဒီအိမ် မီးလောင်နေတာ သိသိချင်း ကျွန်တော် က အိမ်ဝယ်ဖို့ စရန်ချထားတဲ့သူဌေးဆီ အပြေး အလွှား သွားမေးခဲ့တယ်လေ၊ အခု မီးလောင်နေပြီ၊ ဘယ်လိုလုပ်မလဲလို့ မေးတော့ သူက အေးအေး ဆေးဆေး ပြန်ပြောပါတယ်၊ မင်းတို့ ဘာမှမပူပါနဲ့ တဲ့၊ အခု မီးလောင်နေတာ မင်းတို့အိမ် မဟုတ်ပါ ဘူး၊ ငါ့အိမ်ပါတဲ့၊ ငါက စရန်ပဲ ချရသေးတယ်ဆို ပေမယ့် ကတိကဝတ်အတိုင်း ကျန်တဲ့ငွေကို ပေး ချေမှာပါတဲ့၊ ငါ့အိမ် မီးလောင်သွားတာမို့ ငါပဲ အသစ် ပြန်ဆောက်မှာပေါ့တဲ့၊ အဲဒီသူဌေးက သမာသမတ် ကျတယ်အဖေရဲ့၊ အဲဒါ အဖေ သိအောင် လာပြောတာ”

သားငယ်ရဲ့ စကားကို ကြားရတော့ အငြိမ်းစား အရာရှိကြီးရဲ့ မျက်လုံးအိမ်ထဲက ကျလုဆဲဆဲ မျက် ရည်တွေ ချက်ချင်း ခန်းခြောက်သွားပါတယ်။ စိတ် လက်ပေါ့ပါးသွားတာမို့ သားငယ်ကို ပြောလိုက်ပါ တယ်။

“တော်ပါသေးရဲ့ သားငယ်ရယ်၊ အခုမှပဲ အဖေ စိတ်အေးသွားတော့တယ်၊ ကိုင်း- သားငယ်တို့အိမ် ကို လိုက်ခဲ့ပြီး ခဏ နားမယ်၊ ပြီးရင် သားလတ်ဆီ သွားလည်မယ်၊ ညအိပ်ညနေ တည်းခိုတာတော့ သားကြီးဆီမှာ တည်းမယ်”

          သင်ခန်းစာကတော့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်း ခြင်းဆိုတဲ့ စိတ်ခံစားမှုတွေဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့အစွဲအလမ်းတွေမှာ တည်မှီနေတယ်ဆို တာပါ။

 

အောင်အေး

(ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories

Comments

comments

Post Author: manawmaya