ကံတရားရဲ့ရောင်ပြန်ဟပ်မှု

ခွေးလေခွေးလွင့်တစ်ကောင်ဟာ တိုက်ခန်းတစ်ခန်းရဲ့ ရှေ့မှာ ရပ်ထားတဲ့ကားတစ်စီးအနားမှာ ခွေ အိပ်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကားပိုင်ရှင် ဟာ ကားပေါ်တက်ဖို့ ကားတံခါးကို လာဖွင့်ရင်း အဲဒီခွေးလေခွေးလွင့်ရဲ့ အမြီးကို တက်နင်းမိပါတယ်။ ခွေးလေခွေးလွင့်က အမြီးတက်နင်းလိုက်သူရဲ့ ခြေ သလုံးကို ဟပ်ပြီး ကိုက်လိုက်ပါတယ်။ ကားပိုင်ရှင် ကံကောင်းချင်တော့ ခွေးဟာ ဘောင်းဘီစကိုသာ ဟပ်လိုက်မိတာမို့ ကားပိုင်ရှင်ရဲ့ ခြေသလုံးသားကို မကိုက်မိလိုက်ပါဘူး။ ဒါပေမယ့် ကားပိုင်ရှင်ဟာ ဒေါ သထွက်သွားပြီး အနီးအနားမှာရှိတဲ့ခဲလုံးတွေ ကောက်ပြီး ခွေးကို လိုက်ပေါက်ပေမယ့် ခွေးက ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ကားပိုင်ရှင်ဟာ ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ဦး ဖြစ်ပါတယ်။ သူဟာ ကားပေါ်တက်မောင်းပြီး သူ့ ကုမ္ပဏီရုံးခန်းဆီ ခရီးနှင်ခဲ့ပေမယ့် ခွေးအပေါ်မှာ ဒေါသမပြယ်ခဲ့ပါဘူး။ အဲဒီဒေါသအရှိန်ကြောင့် သူ ဟာ ကုမ္ပဏီရုံးခန်း ရောက်တဲ့အခါ လုပ်ငန်းအစီရင် ခံစာ လာပို့တဲ့မန်နေဂျာကို အကြောင်းမဲ့ ဆူပူကြိမ်း မောင်းခဲ့ပါတယ်။

မန်နေဂျာဟာ အကြောင်းမဲ့ ဆူပူကြိမ်းမောင်း ခံလိုက်ရတဲ့အတွက် ဒေါသထွက်သွားပေမယ့် သူဌေး ကိုတော့ ပြန်မပြောရဲပါဘူး။ ဒါနဲ့ သူဟာ သူဌေး အခန်းထဲက ထွက်လာပြီးနောက် ရုံးခန်းထဲမှာ ထိုင် နေတဲ့စာရေးကြီးကို အကြောင်းမဲ့ အော်ဟစ်အပြစ် တင်ခဲ့ပါတယ်။ စာရေးကြီးကလည်း ဒေါသထွက်သွား ပေမယ့် မန်နေဂျာကို ပြန်မပြောရဲပါဘူး။ ဒါကြောင့် သူ့ဒေါသကို သူ့လက်အောက်က အောက်တန်း စာရေးဆီ လွှဲပို့လိုက်ပြီး အကြောင်းမဲ့ ဆူပူခဲ့ပါတယ်။ အောက်တန်းစာရေးကလည်း အကြောင်းမဲ့ဆူပူခံရ တာမို့ ဒေါသထွက်သွားပေမယ့် စာရေးကြီးကို ပြန် မပြောရဲပါဘူး။ ဒါကြောင့် အောက်တန်းစာရေးဟာ သူ့လက်အောက်က ပြာတာစာရေးလေးကို ဆက်ပြီး ဆူပူကြိမ်းမောင်းလိုက်ပါတယ်။

ပြာတာစာရေးလေးဟာ အဆူခံရလို့ မကျေမနပ် ဖြစ်ခဲ့ပေမယ့် သူ့အထက်က အောက်တန်းစာရေး ကို ပြန်မပြောရဲတာမို့ ဒေါသတွေ ရင်မှာပိုက်ပြီး ရုံးဆင်းချိန်မှာ အိမ်ပြန်ခဲ့ပါတယ်။

အိမ်ပြန်ရောက်တော့ သူ့ကို လာကြိုတဲ့ဇနီးကို အကြောင်းမဲ့ အော်ဟစ် ဆူပူလိုက်ပါတယ်။ ဇနီးဖြစ် သူဟာ ယောက်ျားကို ပြန်မပြောရဲတော့ ဧည့်ခန်း မှာ ထိုင်ပြီး တီဗီကြည့်နေတဲ့ ဆယ်ကျော်သက် အရွယ်သားငယ်ကို စာမကြည့်ဘဲ တီဗီပဲ ကြည့်နေ ရသလားဆိုပြီး အော်ဟစ်ကြိမ်းမောင်းပစ်လိုက်ပါ တယ်။ ခါတိုင်းလည်း တီဗီကြည့်နေကျအချိန်မှာ အမေက လာဆူလို့ သားဖြစ်သူဟာ မကျေမနပ် ဖြစ်သွားပါတယ်။ အမေ့ကိုလည်း ပြန်မပြောရဲတော့ စိတ်ညစ်ညစ်နဲ့ အိမ်ပြင်ထွက်လာခဲ့ပါတယ်။ အိမ် ရှေ့လမ်းမပေါ် စိတ်ပြေလက်ပျောက် လမ်းလျှောက် ရင်း ခွေးလေခွေးလွင့်တစ်ကောင် ဖြတ်သွားတာ တွေ့လိုက်လို့ သူ့ဒေါသကို လမ်းကြောင်းလွှဲပေးတဲ့ အနေနဲ့ ခဲလုံးတစ်လုံး ကောက်ကိုင်ပြီး အဲဒီခွေးကို လှမ်းပေါက်လိုက်ပါတယ်။ ကောင်လေး ပစ်လိုက်တဲ့ ခဲလုံးဟာ ခွေးကို တိုက်ရိုက်ထိမှန်သွားတာမို့ တကိန် ကိန် အော်ပြီး ထွက်ပြေးသွားပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ အဲဒီခွေးဟာ မနက်ပိုင်းက ကုမ္ပဏီပိုင် ရှင်သူဌေးကို ခြေသလုံး လှမ်းကိုက်လိုက်တဲ့ ခွေး ဖြစ်နေပါတယ်။

ကိုယ်ပြုတဲ့ကံ ကိုယ့်ဆီ ပြန်လာတယ်ဆိုတဲ့ အမှန်တရားကို အဲဒီခွေးလေခွေးလွင့်ရဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။ အဲဒီခွေးဟာ သူဌေးဖြစ်သူ ရဲ့ ဒဏ်ခတ်ခြင်းကို မခံရပေမယ့် သူဌေးရုံးခန်းက ပြာတာစာရေးလေးရဲ့ သားဖြစ်သူဆီကနေ ဒဏ်ခတ် ခြင်းကို ခံလိုက်ရပါတယ်။

သင်ခန်းစာကတော့ ကံတရားရဲ့ ရောင်ပြန်ဟပ် မှုဆိုတာ အထက်မှာဖော်ပြခဲ့တဲ့ခွေးတစ်ကောင်ရဲ့ ဇာတ်လမ်းလိုပဲ ကွေ့ပတ်သွယ်ဝိုက်ပြီး ရောက်လာ တတ်တယ်ဆိုတာပါ။ ကောင်းတဲ့ကံဆိုရင်လည်း ကောင်းတဲ့ ရောင်ပြန်ဟပ်မှု၊ မကောင်းမှုကံဆိုရင် လည်း မကောင်းတဲ့ရောင်ပြန်ဟပ်မှုကို တိုက်ရိုက် ဖြစ်စေ၊ တိုက်ရိုက်မဟုတ်တဲ့နည်းနဲ့ဖြစ်စေ ခံစားရ မှာဖြစ်ပါတယ်။

 

Source: short wisdom stories

အောင်အေး (ရန်ကုန်တက္ကသိုလ်)

Comments

comments

Post Author: manawmaya