သစ်သားပန်းကန်ပြား

‘ဗီလန်’ ဟာ လက်သမားတစ်ယောက်ပါ။ သူ့ မိခင်ကွယ်လွန်သွားခဲ့တာ ကြာပါပြီ။ ဖခင်ဖြစ်သူ ‘ကွပ်ပန်’ ဟာ အသက်အရွယ်အိုမင်းနေပြီး သူ့ကို မှီခိုနေရပါတယ်။ ‘ဗီလန်’ က သူ့ဖခင်ကို ကောင်း ကောင်းမစောင့်ရှောက်ပါဘူး။ အစားအသောက်ကိုလည်း ဝလင်အောင် မကျွေးဘူး။ ထမင်းကျွေးတဲ့ အခါ မြေပန်းကန်ပြားလေးတစ်ချပ်မှာ စားလောက်ရုံ ထမင်းနဲ့ဟင်းကို ပုံထည့်ပြီး ကျွေးတယ်။ အသက် အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ သူ့ဖခင်ဟာ အစားအသောက် ကောင်းကောင်းမစားရတော့ တစ်စစ အားနည်းလာတယ်။ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ ခြေတုန်လက်တုန်လည်း ဖြစ်နေလေရဲ့။
ဒါ့အပြင် ‘ဗီလန်; ဟာ အလုပ်ကပြန်လာရင် လမ်းထိပ်အရက်ဆိုင်မှာ အရက်ဝင်သောက်လေ့ရှိတယ်။ မူးမူးနဲ့ အိမ်ပြန်ရောက်လာပြီး ဖခင် ‘ကွပ် ပန်’ ကို အပြစ်မရှိအပြစ်ရှာပြီး မြည်တွန်တောက်တီးလေ့ရှိတယ်။ ဖခင်ကတော့ သားကို ချစ်တဲ့စိတ်နဲ့ ရော သားဖြစ်တဲ့သူက ပေးမှကျွေးမှ စားရတဲ့ဘဝမို့ ဘာမှပြန်မပြောဘဲ ငြိမ်ခံနေရရှာတယ်။
‘ဗီလန်’ မှာ ‘မူတူး’ လို့ခေါ်တဲ့သားငယ်လေး တစ်ယောက်ရှိတယ်။ ‘မူတူး’ ရဲ့အမေက ငယ်ငယ်လေးကတည်းက ဆုံးပါးသွားတာမို့ ဖခင် ]ဗီလန်} ကိုပဲ မှီခိုစားသောက်နေခဲ့ရတာ အခုဆို ဆယ်နှစ် သားအရွယ် ရောက်နေပြီ။ ‘မူတူး’ က ‘ဗီလန်’ နဲ့ မတူဘူး။ စိတ်ကောင်းရှိတဲ့ကလေးဖြစ်တဲ့အပြင် သူ့ အဘိုး ‘ကွပ်ပန်’ ကို အရမ်းချစ်ခင်လေးစားမှု ရှိတယ်။ သူ့အဖေ ‘ဗီလန်’ က အဘိုးဖြစ်သူ ‘ကွပ်ပန်’ အပေါ် ထားတဲ့သဘောထားနဲ့ ပြုမူဆက်ဆံပုံ တွေကို လုံးဝ မကြိုက်ဘူး။
တစ်နေ့တော့ ညစာအတူတကွ စားနေကြရင်း ‘ကွပ်ပန်’ စားနေတဲ့မြေပန်းကန်ပြားလေးဟာ မတော်တဆ လွတ်ကျပြီး ကွဲသွားပါလေရော။ အရက်မူး နေတဲ့ ‘ဗီလန်’ ဟာ သူ့အဖေ ‘ကွပ်ပန်’ ကို ရစရာ မရှိအောင် ဆူပူကြိမ်းမောင်းတော့တာပဲ။
“အဖေ၊ ခင်ဗျားဟာ အသက်ကြီးပြီး အချိန်မစီးဘူး၊ အသက်ကြီးလို့ ခြေတုန်လက်တုန် ဖြစ်နေတယ်ဆိုရင် သတိတော့ ထားရမှာပေါ့၊ ထမင်းနဲ့ ဟင်းဆိုတာ ကျုပ် လမ်းပေါ်က ကောက်လာတာ မဟုတ်ဘူး၊ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးမှ ရတာ၊ အခု ခင်ဗျားက ထည့်ပေးတဲ့ထမင်းနဲ့ ဟင်းကို အလကားဖြစ်အောင် လုပ်ပစ်လိုက်ပြီ၊ ပိုက်ဆံပေးဝယ်ရတဲ့မြေပန်းကန်ပြားကိုလည်း ခွဲပစ်လိုက်သေးတယ်၊ ဒီညတော့ ခင်ဗျား အငတ်သာ နေလိုက်ပေတော့၊ နောက်ရက်တွေမှာလည်း မြေပန်းကန်ပြား ပြန်မဝယ် နိုင်မချင်း ထမင်းနဲ့ဟင်းကို အုန်းမှုတ်ခွက်နဲ့သာ ထည့်စားပေတော့”
‘ဗီလန်’ အဲဒီလို ဆူပူကြိမ်းမောင်းနေတာကို သား ‘မူတူး’ က မကြိုက်ဘူး၊ အဖေ အရက်မူးနေမှန်းလည်းသိတော့ ဘာမှ ဝင်မပြောဘူး။
ဒါပေမယ့် နောက်တစ်နေ့ မနက်အစောကြီး ထပြီး သူ့အဖေ ‘ဗီလန်’ ရဲ့ လက်သမားကိရိယာတွေ နဲ့ သစ်သားပြားနှစ်ပြားကို ယူပြီး ဖြတ်တောက်ထွင်းထု တာတွေ လုပ်နေလေရဲ့။ တဒုန်းဒုန်းတဒိုင်းဒိုင်း လုပ်နေတာမို့ ‘ဗီလန်’ က ထလာပြီး မေးတယ်။
“မူတူး …သား ဘာတွေ လုပ်နေတာလဲ”
“သစ်သားပန်းကန်ပြား လုပ်နေတာ အဖေ၊ အဘိုးစားတဲ့မြေပန်းကန်ပြား ကွဲသွားတော့ သစ်သားပန်းကန်ပြားနဲ့ စားခိုင်းမလို့၊ ဒါမှ မတော်တဆ လွတ်ကျသွားရင်လည်း မကွဲတော့ဘူးပေါ့”
ဒီတော့ ‘ဗီလန်’ က ‘မူတူး’ ကို ချီးကျူးလိုက်တယ်။
“သားက စိတ်ကူးကောင်းသားပဲ၊ ဒါပေမယ့် အဘိုးအတွက် သစ်သားပန်းကန်ပြားလုပ်တာဆိုရင် တစ်ချပ်ဆို ရပြီပဲ၊ သားက ဘာဖြစ်လို့ နှစ်ချပ် လုပ်နေရတာလဲ”
“နောက်တစ်ချပ်က အဖေ့အတွက်ပါ၊ အခု လောလောဆယ် သုံးဖို့မဟုတ်ပေမယ့် နောင်အဖေ အသက်ကြီးလာလို့ လက်တုန်ခြေတုန် ဖြစ်လာတဲ့အခါ သုံးဖို့ပေါ့၊ လွတ်ကျရင်လည်း မကွဲနိုင်တဲ့အတွက် အဖေ့ကို သားက ဆူပူကြိမ်းမောင်းတာတွေ လုပ်စရာမလိုတော့ဘူး၊ အဖေက အဘိုးကို ဆူပူ ကြိမ်းမောင်းတာမျိုး သားက အဖေ့ကို ဆူပူကြိမ်းမောင်းတာ မလုပ်ချင်ဘူး”
သားရဲ့ စကားကို ကြားတော့ ‘ဗီလန်’ ဟာ စိတ်မကောင်းဖြစ်သွားတယ်။ သူ မှားခဲ့တာတွေကိုလည်း မှားမှန်းသိသွားတယ်။ သူ့အဖေ ‘ကွပ်ပန်’ ဟာ သူက အခု ‘မူတူး’ ကို ပြုစုကျွေးမွေးခဲ့သလို ပြုစုကျွေးမွေးခဲ့တာပဲဆိုတာ ပြန်သတိရလာတယ်။ အခု အသက်ကြီးလို့ သူက ပြန်ပြီး ပြုစုကျွေးမွေး ရတဲ့အချိန်မှာ ကောင်းကောင်းမွန်မွန် မကျွေးမွေးခဲ့ တဲ့အပြင် ဆူပူကြိမ်းမောင်း မြည်တွန်တောက်တီး တာတွေ လုပ်နေခဲ့မိတာပါလား။ ဒါကြောင့် နောင်တ ရသွားတဲ့ ‘ဗီလန်’ က သားကို ဝန်ခံစကား ပြော လိုက်တယ်။
“အဖေ မှားသွားတယ် သား၊ အဖေက သား စဉ်းစားသလို မစဉ်းစားခဲ့မိဘူး၊ နောက်ကို အဖေက သားအဘိုးကို မဆူတော့ပါဘူး၊ အခု သားလုပ်နေတဲ့ သစ်သားပန်းကန်ပြားနှစ်ချပ်ကို အဖေပါ ကူလုပ်ပေးမယ် သား၊ အဘိုးကို တစ်ချပ်ပေးပြီး အဖေ့အတွက် တစ်ချပ် သိမ်းထားတာပေါ့”
သူတို့သားအဖနှစ်ယောက် အချီအချ ပြောနေ ကြတာကို တစ်ဖက်ခန်းက အဘိုးဖြစ်သူ ‘ကွပ်ပန်’ ကြားတော့ သဘောတွေ ကျပြီး ပြုံးပြုံးကြီး ဖြစ်နေသတဲ့။ တစ်ခါတလေ သားသမီးတွေဆီကလည်း သင်ခန်းစာကောင်းတွေ ရတတ်ပါတယ်။

အောင်အေး (ရန်ကုန်တက္ကသိုလ်)
Source: short wisdom stories

Comments

comments

Post Author: manawmaya