မြေအိုးနဲ့ ကြေးအိုး

မုန်တိုင်းတွေကျပြီး မိုးကြီးသည်းထန်စွာ ရွာ သွန်းနေတဲ့အချိန်ကာလမှာ ဒေသတစ်ခုအတွင်း ရေ ကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်။ လူတွေဟာ မိမိ တို့နေထိုင်ရာအိုးအိမ်တွေကို စွန့်လွှတ်ထွက်ပြေးကြတယ်။ အိမ်တွေထဲမှာရှိတဲ့ ရေပေါ် ပေါ်နိုင်တဲ့ ပစ္စည်းမျိုးစုံဟာ ရေပေါ်မှာ ပေါလောပေါလောနဲ့ မျောပါနေကြတယ်။ အဲဒီလို မျောပါနေတဲ့ပစ္စည်း တွေထဲမှာ မြေအိုးတစ်အိုးနဲ့ ကြေးအိုးတစ်အိုးလည်း ပါတယ်။

ရေပေါ်မျောပါနေတဲ့မြေအိုးကို လှမ်းမြင်လိုက် ရတဲ့ကြေးအိုးက လှမ်းပြီး အော်ခေါ်လိုက်တယ်။

“မြေအိုး …မြေအိုး …ကျွန်ုပ်ဆီ လာခဲ့ပါ လား၊ အသင်နဲ့ ကျွန်ုပ် အတူတကွ မျောပါရအောင်”

ဒီတော့ မြေအိုးက ပြန်အော်ပြောတယ်။

“မလာဘူး၊ ကျွန်ုပ် အသင့်ဆီ လာလို့မဖြစ်ဘူး”

“ဘာဖြစ်လို့လဲ၊ အသင် ရေမကူးတတ်လို့လား၊ အသင် ရေမကူးတတ်ရင် အသင့်ဆီ ကျွန်ုပ် လာခဲ့ မယ်”

“မဟုတ်ဘူး၊ ကျွန်ုပ် အသင့်ဆီ လာလို့မဖြစ်သလို အသင်ကလည်း ကျွန်ုပ်ဆီ လာလို့ မဖြစ်ဘူး”

“ဘာဖြစ်လို့လဲ”

“သင်နဲ့ ကျွန်ုပ်က သဘာဝချင်းမတူလို့”

“သဘာဝချင်းမတူလို့ ဟုတ်လား၊ ဘယ်လို မတူတာလဲ”

“အသင်က ကြေးနဲ့လုပ်ထားတဲ့အိုးဖြစ်ပြီး ကျွန်ုပ်က မြေနဲ့လုပ်ထားတဲ့အိုးဖြစ်လို့ပဲ၊ အသင်နဲ့ ကျွန်ုပ် အတူတကွ နီးနီးကပ်ကပ် ရှိနေတဲ့အချိန် လှိုင်းပုတ်လိုက်ရင် ကျွန်ုပ်တို့နှစ်ယောက် ထိမိတိုက်မိတာတွေ ဖြစ်မှာ သေချာတယ်၊ အဲဒီလို ထိမိတိုက်မိရင် အသင်က ကြေးနဲ့ လုပ်ထားတာမို့ ဘာမှမဖြစ်နိုင်ပေမယ့် ကျွန်ုပ်က မြေနဲ့လုပ်ထားတာမို့ ကွဲအက်သွားမှာပဲ၊ ကွဲအက်သွားရင် ရေထဲဝင်လာပြီး ကျွန်ုပ်ဟာ ရေထဲမြုပ်သွားလိမ့်မယ်၊ ဒါကြောင့် ကျွန်ုပ်ဟာ ကိုယ့်အန္တရာယ်ကို ကိုယ်ကြည့်ရှောင်နေရတယ်၊ အသင်မှမဟုတ်ဘူး၊ မာကျောတဲ့ပစ္စည်းမှန်သမျှ ကျွန်ုပ်အနား ရောက်လာမှာ ကြောက်နေရတယ်၊ ရှောင်ပြေးနေရတယ်၊ အဲဒါကြောင့်ပါ”

မြေအိုးက ရှင်းပြလိုက်တော့မှ ကြေးအိုး သဘောပေါက်သွားတယ်။

“အသင်ပြောတာ မှန်တာပဲ၊ အသင်ဟာ ကိုယ့်အားနည်းချက်ကို ကိုယ်သိတယ်၊ ကိုယ့်အန္တရာယ်ကို ကိုယ်သိတယ်၊ ဒီအတွက် ကျွန်ုပ် အသင့်ကို လေးစားပါတယ်၊ အသင် သတိကြီးစွာ ထားပြီး မျော ပါပေတော့၊ ကျွန်ုပ်လည်း သတိကြီးစွာ ထားပြီး မျောပါတော့မယ်၊ ကျွန်ုပ်ကြောင့် သူတစ်ပါးတွေ ကွဲအက်တာမျိုးမရှိရလေအောင် သတိထားပါ့မယ်”

သင်ခန်းစာကတော့ ကိုယ့်အကြောင်းကိုယ်သိ မှ ကိုယ့်အန္တရာယ်ကိုယ် ရှောင်နိုင်မှာဖြစ်ပါတယ်။

အောင်အေး (ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories

Comments

comments

Post Author: manawmaya