သူတော်ကောင်းနှင့် ကြုံက အကျိုးကြီးလှ

လူတိုင်း၌ ဝါသနာတစ်မျိုးစီ အနည်းဆုံးရှိ တတ်ကြ၏။ အချို့က စာပေ၊ အချို့က အနုပညာ၊ အချို့က အားကစား စသည်အားဖြင့် မတူကြချေ။စာပေဝါသနာ ပါသူထဲမှာပင် အချို့စကားပြေ၊ အချို့က ကဗျာ၊ အချို့က သမိုင်း၊ အချို့က သိပ္ပံ စသည် ကွဲသေး၏။ အနုပညာ ဝါသနာပါရာ၌လည်း အချို့က အရေး၊ အချို့က အတီးအမှုတ်၊ အချို့က အဆို၊ အချို့က အက စသည် ကွဲသေး၏။ ထို ဝါသနာများသည် ဝါသနာရှင်အတွက် ရှေးရှေးလွန် လေပြီးသော ဘဝများက အထုံဖြစ်ခဲ့သလို နောက် ဘဝများသို့လည်း ဆက်လိုက်နေဦးမည်ဖြစ်၏။

စရိုက်ဟူသည် သတ္တဝါတို့ သန္တန်ဝယ် အဖြစ် များသော သဘောတရားများဖြစ်ရာ အချို့က သဒ္ဓါတရား၊ အချို့ကပညာ၊ အချို့ကရာဂ (လောဘ)၊ အချို့က ဒေါသ၊ အချို့ကမောဟ၊ အချို့က ဝိတက် အားဖြင့် တစ်မျိုးစီလည်းကောင်း၊ နှစ်မျိုး သုံးမျိုး တွဲ၍လည်းကောင်း ဖြစ်တတ်ကြ၏။

ထိုစရိုက်သည်လည်း ရှေးရှေးဘဝများက ဖြစ်ခဲ့ဖူးပြီး မဆင်ခြင်ပါက စရိုက်ဆိုးများ နောက် နောက်ဘဝသို့လည်း ဆက်လိုက်နေဦးမည်သာ ဖြစ် ၏။

အချို့ ထူးထူးကဲကဲ သူတစ်ပါးကိုကဲ့ရဲ့လိုသော ဝါသနာ၊ စရိုက်ရှိနေသူများလည်း ရှိသေး၏။

ဘုရားလက်ထက်တော်က ရဟန်းတစ်ပါး သည် သူတစ်ပါးအား ကဲ့ရဲ့တတ်၏။ ဘုရားရှင်က အတိတ်ဘဝကလည်း ကဲ့ရဲ့တတ်သူဖြစ်ခဲ့ဖူးကြောင်း မိန့်ကြားကာ ဆုံးမတော်မူခဲ့၏။

ဘုရားအလောင်းတော်၏ အစောင့်အရှောက်၊ အကူအညီ အဆုံးအမကို ရရှိသဖြင့် ဘဝ တစ်သက် တာ ချမ်းချမ်းသာသာ နေသွားရသူ တစ်ယောက် အကြောင်းနှင့် ထိုသူအား ဘုရားလောင်းတော်သည် သူတော်ကောင်းပီသစွာ မည်သို့ စောင့်ရှောက် ကူညီ လိုက်သည်ကို အတုယူဖွယ် ကြည်ညိုဖွယ်ကောင်း လှ၍ တင်ပြလိုက်ပါသည်။

ဂေါတမဘုရားအလောင်းတော် ပါရမီဖြည့် စဉ် အတိတ်ဝေးစွာ ရှေးအခါက ဖြစ်ပါသည်။ ဗာရဏ သီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်း တော်သည် အလွန်ချမ်းသာသော သူဌေးဖြစ်ခဲ့၏။

တစ်နေ့၌ သူဌေးကတော်မှ သားတစ်ယောက် ဖွားမြင်၏။ ထိုသူဌေး၏ ကျွန်မသည်လည်း သားတစ်ယောက် ဖွားမြင်၏။ သူဌေးသားနှင့် ဖွားဖက် ကျွန်မသားတို့သည် ပညာသင်သောအခါလည်း အတူ တူပင် ဖြစ်ကြ၏။ ကျွန်မသားကား စကားအလွန် တတ်၏။ ဝေါဟာရစကား ပရိယာယ်လည်း ကြွယ်ဝ ၏။ နုနယ်ပျိုမြစ်သကဲ့သို့ အဆင်းလည်းလှ၏။ မသိ သူများ အနေနှင့် သူ့ကို သူဌေးသားဟု ထင်ကြ၏။ သူ့အမည်က ကဋာဟကဖြစ်၏။

ထိုကဋာဟကသည် သူဌေးအိမ်၌ ဘဏ္ဍာစိုး တာဝန်ကို ဆောင်ရွက်ရ၏။ တစ်နေ့ ကဋာဟက ဤသို့ စဉ်းစားမိ၏။ ‘ငါ့ကို ဒီသူဌေးက အမြဲတမ်း ဘဏ္ဍာစိုး တာဝန်ပေးထားမှာ မဟုတ်ဘူး၊ ငါ့အပြစ် တစ်စုံတစ်ရာကို တွေ့ရင် ရိုက်နှက်နှောင်ဖွဲ့ ဖမ်းချုပ် ပြီး အမှတ်တရဖြစ်အောင် လုပ်ကာ ကျွန် အသုံး ဆောင်နဲ့သာ သုံးဆောင်စေကြလိမ့်မယ်။ ပစ္စန္တရစ်မှာ ဒီသူဌေးရဲ့ မိတ်ဆွေဖြစ်တဲ့ သူဌေးရှိတယ်။ စကားနဲ့ အမှာစာကိုယူပြီး ပစ္စန္တရစ်ကိုသွားပြီး ငါဟာ သူဌေး သားပဲလို့ဆိုပြီး သူဌေးကို လိမ်မယ်။ ပစ္စန္တရစ် သူဌေး သမီးကိုယူပြီး ချမ်းချမ်းသာသာ တကယ်နေရရင် ကောင်းမှာပဲ’ ဤသို့ စဉ်းစားကာ –

ကဋာဟကသည် ကိုယ်တိုင် ပုရပိုက်ကိုယူ ၍ “သူဌေး … အကျွန်ုပ်ဟာ ကဋာဟကဆိုတဲ့ ကျွန်တော့်သားကို ခင်ဗျားဆီ လွှတ်လိုက်တယ်၊ ခင် ဗျား သမီးနဲ့ ကျွန်တော့်သားကို ထိမ်းမြားပေးမယ် ဆိုရင် ခင်ဗျားနဲ့ ကျွန်တော့်အတွက် သိပ်သင့်တော် လျောက်ပတ်တာပဲ။ ဒါကြောင့် ခင်ဗျား လက်ထပ် ပေးထားပါ၊ ကျွန်တော် အခွင့်ကြုံတာနဲ့ လာခဲ့ပါမယ်” ဟုရေး၍ သူဌေး၏တံဆိပ်ကို ယူ၍နှိပ်လိုက်၏။ သူကြိုက်သည့် ရိက္ခာနှင့် ပစ္စန္တရစ်သူဌေးနှစ်သက် လောက်သည့် နံ့သာ၊ ပုဆိုး စသည်တို့ကို လက် ဆောင်ပေးရန် ယူကာ ပစ္စန္တရစ်သူဌေးရှိရာသို့ သွားကာ သူဌေးကို ရှိခိုး၍ နေတော့၏။

ပစ္စန္တရစ်သူဌေးသည် သူ့ထက် အဆင့်မြင့် သော ဗာရဏသီနေပြည်တော်မှ သူဌေး၏သားဟု ယုံကြည်ကာ သူ၏သမီးနှင့် ပေးစားလိုက်လေ၏။

ပစ္စန္တရစ်သူဌေးက ချီးမြှောက်ထား၍ ကဋာဟက၌ အအေရံများစွာရှိနေ၏။ သူဌေးယောင် ဆောင်နေသော ကဋာဟကကား သူ၏ကျွန်မသား တည်းဟူသော ဘဝကို မေ့ခဲ့လေ၏။ သူဌေးသား အစစ်သွင်ကို ယူကာ သူဌေးသားဟန်ဆောင်ကာ ယာဂု၊ ခဲဖွယ်စသည်နှင့် အဝတ်၊ နံ့သာ စသည်ကို ပေးလာသောအခါ “ယာဂုကို ဒီလိုကျိုကြတယ်၊ ခဲဖွယ်ကို ဒီလိုချက်ကြတယ်၊ ထမင်းကို ဒီလိုချက်ကြ တယ်၊ ပစ္စန္တရစ်သားတွေဟာ ဪသာ် …တယ်ဖျင်း တာပဲ”

“မင်းတို့ ပစ္စန္တရစ်မှာ နေတဲ့အတွက် ပုဆိုး ကောင်းကောင်းတောင် ဝတ်ရမှန်းမသိကြဘူး။ နံ့သာ တောင် သွေးရမှန်းမသိကြဘူး။ ပန်းတောင် မကုံးတတ် ကြဘူး”စသည်ဖြင့် အမှုထမ်းတို့အား ကဲ့ရဲ့လေ သည်။

ဘုရားလောင်းသူဌေးသည် ကဋာဟကကို မတွေ့၍ လူအများကို စေလွှတ်၍ ရှာစေရာ တစ် ယောက်က ပစ္စန္တရစ်သူဌေးထံ ရောက်ရှိကာ သူဌေး သား ယောင်ဆောင်ကာ ကြီးပွားနေကြောင်း သတင်း ပေး၏။ ဘုရားလောင်းက ကဋာဟကအား သွား၍ ဖမ်းဆီးရန် မင်းကိုပန်ကြားကာ အခြံအရံ အများအား ဖြင့် သွား၏။

သူဌေး ပစ္စန္တရစ်သွားကြောင်း နေရာတိုင်း၌ ပြောကြသိကြ၏။ ကဋာဟကသည် သူဌေးလာ ကြောင်း ကြားသည်နှင့် “တခြားအကြောင်းကြောင့် မလာ၊ ငါ့ကြောင့်သာ လာတာပဲ၊ ငါထွက်ပြေးရင် နောက်ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး။ ငါ့ရဲ့အရှင်ကို ခရီးဦးကြိုဆိုပြီး ကျွန်ဝတ္တရား ကျေပွန်အောင်ပြုပြီး အရှင်ကို နှစ်သက်စေမှပဲ”ဟု စိတ်ကူးမိ၏။

အလွန်ပါးနပ်လိမ္မာသော ကဋာဟကသည် ချက်ချင်း သူ၏ ပရိသတ်ကို စုဝေးကာ အလယ်၌နေ ၍ “လူမိုက်တွေဟာ ကိုယ်မိုက်တာနဲ့ မသိကြဘူး၊ မိဘစားတဲ့အခါ မရိုမသေ မိဘနဲ့အတူ ဝင်စားတယ်၊ ငါတို့ကတော့ မိဘကျေးဇူးကိုသိတယ်၊ မိဘစားနေ တဲ့အခါ လက်ဆေးဇလုံးကိုခံတယ်၊ ထွေးခံကို ခံတယ်၊ ထမင်း ဟင်း လိုက်ပွဲကို ယူပေးတယ်၊ သောက်ရေနဲ့ ယပ်တောင်ယူပြီး အနားကပြုစု နေတယ်၊ ကိုယ်လက်သုတ်သင်တဲ့အခါ သန့်သက် ရေအိုးကိုယူပြီး ဖုံးကွယ်တဲ့နေရာကို သွားတဲ့အထိ အားလုံး ကျွန်က သခင်ကို ပြုစုတဲ့အတိုင်း ပြုစုပေးတယ်”ဟု ပြောဆို၏။

ကဋာဟကသည် ပရိသတ်ကို ဤသို့ မှတ် သားစေ၏။ ဘုရားလောင်း ပစ္စန္တရစ်အနီးရောက်သော အခါ ယောက္ခမဖြစ်သူအား “ဖခင် ကျွန်တော်ရဲ့ ဖခင်ဟာ အရှင်တို့ကို တွေ့ဖို့လာနေပါတယ်။ အရှင် တို့ ခဲဖွယ် ဘောဇဉ်တို့ကို စီစဉ်ပါတော့။ ကျွန်တော် လက်ဆောင်ယူပြီး ခရီးဦးကြိုဆိုပါမယ်”ဟုဆိုကာ လက်ဆောင်များ ယူပြီး ဘုရားလောင်းရှိရာလာခဲ့၏။

ဘုရားလောင်းသည် ကဋာဟက၏ ရှိခိုးမှု နှင့် လက်ဆောင်ကို ခံယူကာ နှုတ်ခွန်းဆက်စကား ပြော၏။ နောက်နေ့ မိုးလင်းသောအခါ သူဌေးသည် ကိုယ်လက် သုတ်သင်လို၍ ဖုံးလွှမ်းရာအရပ်သို့သွား ၏။ ကဋာဟကသည် မိမိအခြံအရံကို ကျန်ရစ်စေပြီး သန့်သက်ရေအိုးကို ယူကာ ဘုရားလောင်းထံသွား၍ သန့်သက်ရေသုံးပြီးသောအခါ ခြေရင်း၌ ဝပ်ကာ “အရှင် ကျွန်တော်မျိုးဟာ အရှင်တို့လိုသလောက် ဥစ္စာကို ပေးပါ့မယ်၊ ကျွန်တော်မျိုး အခြံအရံ မပျောက်ပါရစေနဲ့။ ဘဝ မပျက်ပါရစေနဲ့”ဟု အသနားခံ၏။

ဘုရားလောင်းသည် ကဋာဟကအား ဝတ် အကျင့်နှင့် ပြည့်စုံသောကြောင့် မူလ လာခဲ့ရင်း ရည်ရွယ်ချက်ကို ပယ်ဖျက်၍ “မကြောက်ပါနဲ့ မင်းမှာ အပြစ်မရှိဘူး”ဟု နှစ်သိမ့်စေပြီး ပစ္စန္တရစ်သို့ ဝင်၏။ သူဌေးအား များစွာပူဇော်ကြ၏။ ကဋာဟက သည်လည်း သူဌေးအား ကျွန်ပြုအပ်သော ဝတ် အကျင့်များကို ဖြည့်ကျင့်၏။ တစ်ချိန်က ဗာရဏသီ သူဌေးကို ပစ္စန္တရစ်သူဌေးက အမှာစာအရ သူ၏ သမီးကို ဗာရဏသီသူဌေး၏သားအား ပေးပါကြောင်း ပြောပြ၏။ ဘုရားလောင်းသည် ကဋာဟကကို သား ရင်းကဲ့သို့ လိမ္မာပါးနပ်သောစကားဖြင့် ပစ္စန္တရစ် သူဌေးကို နှစ်သက်စေ၏။ ထိုအခါမှစ၍ ကဋာဟက မျက်နှာကို ကြည့်ဝံ့သောသူ မရှိတော့ချေ။

တစ်နေ့၌ ဘုရားလောင်းသည် သူဌေးသမီး ကို “သမီး … ငါ့သားဟာ ချမ်းသာဆင်းရဲတွေမှာ မမေ့မလျော့ရှိရဲ့လား။ နှစ်ယောက်သား ဝမ်းမြောက် ဝမ်းသာနေကြရဲ့လား”ဟုမေး၏။

သူဌေးသမီးက “ဖခင် … အဖေ့သားမှာ တခြားအပြစ်တော့ မရှိပါဘူး။ ဒါပေမဲ့ အာဟာရကို ကဲ့ရဲ့ပါတယ်”ဟုဆို၏။

သူဌေးကြီးက “သမီး …ဒီငါ့သားဟာ အမြဲ ချမ်းချမ်းသာသာ နေခဲ့ရတယ်၊ အဖေက ငါ့သားရဲ့ နှုတ်ပိတ်မန္တန် သင်ပေးမယ်၊ သမီးကောင်း ကောင်း သင်ယူပြီးစားတဲ့အခါမှာ ကဲ့ရဲ့တဲ့ ငါ့သားရှေ့မှာရပ်ပြီး သင်ပေးထားတဲ့အတိုင်း ဂါထာကို ဆိုပါတော့”ဟု ပြောကာ ဂါထာကို သင်ပေးပြီး နှစ်ရက် သုံးရက် ကြာသောအခါ ဗာရဏသီသို့ ပြန်သွား၏။

ကဋာဟကသည် ခဲဖွယ်၊ ဘောဇဉ်များစွာကို ယူကာ လိုက်ပို့၏။ များစွာသော ဥစ္စာကိုလည်း ဆက်ကာ ရှိခိုး၍ ပြန်ခဲ့၏။ ထိုကဋာဟကသည် ဘုရားလောင်းသွားချိန်မှစ၍ အလွန့်အလွန် မာနကြီး တော့၏။

ကဋာဟကသည် တစ်နေ့ သူဌေးသမီးက အရသာအမျိုးမျိုးရှိသည့် ဘောဇဉ်ကို တည်ထားကာ ယောက်မကိုယူ၍ လုပ်ကျွေးသည်ရှိသော် ထမင်းကို ကဲ့ရဲ့ရန် အားထုတ်၏။

သူဌေးသမီးသည် ဘုရားလောင်းထံမှ သင် ယူထားသည့်အတိုင်း –

ဗဟုမၸိ ဝိကေတၳယ်၊

အညံဇနပဒံ ဂေတာ

အနွာ နဒူသေယျ၊

ဘုဉ္ဇဘောဂေ ကဋာဟက။

မြန်မာကဗျာ

ကဋာဟက …

ဇနပုဒ်တစ်ပါး၊ ရောက်သွားလေသော်

ထိုသူများစွာ့၊ ရှုတ်ချသနော်၊

နောင်ခါလာလတ်၊ ပျက်တတ်ရာ … ဪသာ် …

စည်းစိမ်းများ၊ ခံစားသုံးဆောင်ပျော်။

ထိုဂါထာကို သူဌေးသမီးသည် အဓိပ္ပာယ် မသိဘဲ ဘုရားလောင်းသင်သည့်အတိုင်း အသံ ထွက်ကိုသာ ရွတ်၏။ ကဋာဟကသည် “သူဌေးကြီး ဟာ ငါ့နာမည်ပြောပြီး အဲဒီသူဌေးသမီးကို စကား အားလုံး ပြောသွားတာ ဖြစ်လိမ့်မယ်”ဟု စိတ်ကူးကာ ထိုအခါမှ စ၍ နောက်ထပ် ထမင်းကို မကဲ့ရဲ့တော့ဘဲ မာန်ကိုချပြီး ရလာသော ထမင်းကိုသာ စားတော့၏။ ဘုရားလောင်း၏ အဆုံးအမကြောင့် ကဋာဟကသည် ဘဝမှန်ကို သတိရကာ မာန်ကျသွားတော့၏။

ကဋာဟကကား ကံအားလျော်စွာ လားခဲ့၏။ ဘုရားလောင်း ဗာရဏသီသူဌေး ဘုရားဖြစ်လာသော အခါ ကဋာဟကသည် ကဲ့ရဲ့စကားပြောတတ်သော ရဟန်းဖြစ်လာခဲ့၏။ ဘုရားရှင်သည် ကဲ့ရဲ့စကား ကို ပြောတတ်သော ရဟန်းကို အကြောင်းပြုကာ ဧကတ နိပါတ် ကုသနာဠိဝဂ်၌လာသော ကဋာဟက ဇာတ် ကို ဟောတော်မူခဲ့၏။

စရိုက်ဆိုးများ နောက်လာမည့် ဘဝများသို့ မပါအောင် အားထုတ်သင့်၏ သူတော်ကောင်းနှင့် တွေ့ဆုံရခြင်း၏ အကျိုးကား ကြီးမားလှပါပေသည် တကား။ ။

စိရံ တိဋ္ဌတု သဒ္ဓမ္မော

သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်

Comments

comments

Post Author: manawmaya