မိုးကြိုးပစ်ခံရသော ဒေါ်အုန်းစိန်အကြောင်း

ဒေါ်အုန်းစိန်သည် သန်းကြီးကုန်းရွာတွင် နေ ၏။ သန်းကြီးကုန်းရွာသည် မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တည်ရှိသည်။ ကျောက်ပန်းတောင်း-ပုပ္ပား-တောင်သာ ကားလမ်း မကြီး၏ အရှေ့ဘက် ပုပ္ပားတောင်၏ အရှေ့ဘက် တောင်ခြေမှ ရွာတစ်ရွာ ဖြစ်ပါသည်။ ဦးစံဦးနှင့် ဒေါ်ပုတို့မှ ၁၂၆၈ ခုနှစ်တွင် တစ်ဦးတည်းသောသမီး လေးကို မွေးဖွားခဲ့သည်။ အမည်ကို ရွာဦးကျောင်း ဆရာတော်က တနင်္ဂနွေသမီး “အုန်းစိန်”ဟု အမည် ပေးခဲ့၏။

အချိန်တန်အရွယ်ရောက်သောအခါ တစ်ရွာ တည်းနေ မောင်ထွန်းကြူနှင့် အိမ်ထောင်ကျ၏။ မိဘလက်ငုပ်လက်ရင်းဖြစ်သော တောင်ယာ လယ် လုပ်၍ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်ရ၏။ သား သမီး ခြောက်ယောက်ထွန်းကားသည်။ မောင်ဘိုရဲ၊ မသန်း၊ မမှန်း၊ မပေါကြည်၊ မဖော့၊ မောင်အောင်ဘု တို့ဖြစ်ကြ၏။ အသက်(၆၀)ပြည့်ပြီးသော်လည်း အနား မယူနိုင်။ ဝါပင်များမှထွက်သော ဝါပွင့်များကို အငယ် ဆုံး သား အောင်ဘုနှင့်အတူ ဝါကောက်ပြီး သားအမိ နှစ်ယောက် ဝါထုတ် ကိုယ်စီရွက်၍ ရွာသို့ပြန်လာ၏။ အချိန်ကား ၁၃၂၈ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ညနေ ၃ နာရီခန့်ဖြစ်၏။ မိုးအကုန် ဆောင်း အကူး မိုြးွကင်းမိုးကျန်များ ထစ်ချုန်းနေဆဲဖြစ်၏။

ဝါထုတ်ကိုယ်စီရွက်၍ ရွာသို့ပြန်လာစဉ် ရွာ အဝင် မြေဘောင်ပေါ်သို့အတက် ကုန်း၏အမြင့်ဆုံး အခြေအနေသို့အရောက် ထစ်ချုန်းလိုက်သော မိုး ချိန်းသံကြီးနှင့် ပြင်းထန်သော လျှပ်စီးကြောင်းကြီး သည် ကောင်းကင်မှ မြေကြီးပေါ်သို့ ဒေါ်အုန်းစိန်ကို ဖြတ်၍ စီးဝင်သွားလေသည်။

“ဂျိမ်း”ဆိုသော အသံကြီးနှင့် မီးပွင့်မီးပန်း ကြီးသည် ဒေါ်အုန်းစိန်ကို ပစ်ချလိုက်၏။ ဒေါ်အုန်း စိန်ကို မိုးကြိုးပစ်သွားလေပြီ။ ဒေါ်အုန်းစိန်ရွက်ထား သော ဝါတို့သည် မီးလောင်ပြီး ဘာမှမကျန်ပေ။ ဝါစေ့ တို့မှာ အစိတ်စိတ်အမြွှာမြွှားကွဲပြီး ၁၀ ပေခန့် ပြန့်ကျဲ သလို ဖြစ်နေသည်။ ဒေါ်အုန်းစိန်အိပ်ကပ်ထဲမှ ငွေ စက္ကူတို့မှာလည်း ၁၅ ပေခန့်လွင့်စင်၍ ထွက်သွား သည်။ ဝတ်ထားသော လုံချည်မှာ ကျွတ်ထွက် သွားပြီး အဝေးသို့ ရောက်သွားသည်။ နေရာတွင်ပုံ၍ လဲကျ သေဆုံးသွားလေသည်။ အနားမှ သား လုပ် တဲ့သူမှာ ဘာမှမဖြစ် မိုးကြိုးစက်ကွင်းမမိ ပကတိအတိုင်းရှိနေပြီး သူ့အမေကို မိုးကြိုးပစ်ကြောင်း ရွာသို့ ပြေးပြောလေ၏။

သန်းကြီးကုန်းရွာမှ တစ်ရွာလုံး မိုးကြိုးပစ် ခံရသော ဒေါ်အုန်းစိန်ထံသို့ အပြေးရောက်လာကြ၏။ အနီးအနားမှ ဒေါ်အုန်းစိန်လုံချည်ကို ရှာ၍ဖုံးအုပ် ပေးရ၏။ ခေါင်းမှဆံပင်တို့မှာ မီးလောင်ထားသလို ဘာမှ မကျန်တော့ပေ။ အသားအရေမှာ မီးသွေးခဲ ကြီးလို ညိုပုပ်နေသည်။ နှာခေါင်းမှသွေးများ၊ ပါးစပ်မှ သွေးများ  ယိုစီးထွက်ကျလာလေသည်။ ဒေါ်အုန်းစိန် ၏ ခြေထောက်နားတွင် မြေကြီးမှာ တွင်းဖြစ်ပြီး အပေါက်သေးသေးလေးမှ မီးခိုးငွေ့များ ထွက်နေဆဲ ဖြစ်၏။ လူကြီးများစုံသောအခါ အလောင်းကိုသုသာန် ပို့ရန် ကိုင်ကြည့်သောအခါ အကိုင်မခံနိုင်တော့ပေ။ တောင့်တင်းသော ခန္ဓာမရှိ ရိ၍ တွဲကျနေသည်။ ပူစီဖောင်းထဲရေထည့်ထားသလို ဖြစ်နေသဖြင့် အနား မှာပင် မြေကျင်းတူး၍ သင်္ဂြိုဟ်ရလေသည်။ ထို သင်္ဂြိုဟ်သော လူအုပ်ထဲတွင် မောင်ပန်းချုံပါဝင်၏။

မောင်ပန်းချုံသည် သန်းကြီးကုန်းရွာသား ဖြစ်၏။ မကွေးတိုင်း မြို့သစ်မြို့တွင် ပြောင်းရွှေ့ပြီး အခြေတကျ နေထိုင်သည်။ ဇာတိရွာသို့ ခေတ္တ ရောက်ခိုက် ဒေါ်အုန်းစိန် မိုးကြိုးပစ်တာကို တွေ့ရှိ ရခြင်းဖြစ်၏။ ဆွေမျိုးမိတ်သင်္ဂဟများကို နှုတ်ဆက်၍ မြို့သစ်မြို့သို့ ပြန်လာခဲ့၏။ ၄င်းနှင့်အတူ ဒေါ်အုန်းစိန် ပါလာတာကို သူမသိပေ။ မောင်ပန်းချုံသည် ရွာမှ ကျောက်ပန်းတောင်းအရောက် ကားစီးလာရာ ဒေါ် အုန်းစိန်ကလည်း ကားပေါ်ပါလိုက်လာ၏။ မောင် ပန်းချုံက ရထားဖြင့်တောင်တွင်းကြီးကို စီးလာ၏။ သူ့ဘေးနားမှာ ဒေါ်အုန်းစိန်လည်း ရထားစီးလာ၏။

လက်မှတ်စစ်လာသော အခါ မောင်ပန်းချုံကိုသာ လက် မှတ်စစ်၏။ ဒေါ်အုန်းစိန်ကို လက် မှတ်စစ်တွေ မမြင်ပါ။ ဒေါ်အုန်း စိန်က လူမဟုတ်သောကြောင့် မမြင်ရခြင်းဖြစ်၏။ မြို့သစ်ဘူတာ သို့ ရောက်သောအခါ ရထားပေါ် မှ ဆင်း၏။ ဒေါ်အုန်းစိန်လည်း ရထားပေါ်မှဆင်း၏။ မောင်ပန်းချုံ သည် ရထားပေါ်မှ ဆင်းပြီး သီး ပင်ရွာသို့ လမ်းလျှောက်ပြန်လာ ရာ နောက်က ကပ်ပြီး ဒေါ်အုန်း စိန်လည်း လိုက်လာ၏။

သီးပင်ရွာသို့အဝင် မောင် ပန်းချုံက လူဆိုတော့ အကြောင်း မဟုတ်ပေ။ ဒေါ်အုန်းစိန်ကိုတော့ ရွာစောင့်နတ်က အဝင်မခံပေ။ ရွာစောင့်နတ်ကို တောင်းပန်၍ ဝင်လာခဲ့ရ၏။ မောင်ပန်းချုံ ပုပ္ပား မှ ပြန်လာချိန်မှာ ညနေ ၅ နာရီ ခန့်ရှိပေပြီ။ ချစ်ဇနီးနှင့် သားသမီးများက အားရဝမ်း သာ ကြိုဆိုကြ၏။ ပုပ္ပားမှ အမျိုးအဆွေများအ ကြောင်း ပြောမဆုံးပေါင်တော သုံးထောင်မက ပြော ၍ မဝကြပေ။ ဤသို့ပြောရင်း သန်းကုန်းရွာမှ ဒေါ် အုန်းစိန်ဆုံးကြောင်းသတင်းကို ပြောပြလေ၏။

မကြာမီ မောင်ပန်းချုံ၏ဇနီး မစော ငိုလေ တော့သည်။ ရှိုက်ကြီးတငင် ငိုနေလေ၏။ ဘာကြောင့် ငိုနေတာလဲ။ မေးလို့မရ၊ အားရပါးရ ငိုကြွေးနေ လေသည်။ မစော၏အဖေ ဦးထွန်းသောင်မှာ မြန်မာ သမားတော်ကြီး ဖြစ်၏။ မစော၏ အမေ ဒေါ်ကျော့ ရှင်း ဆိုသူမှာလည်း သေဆုံးသူ မအုန်းစိန်နှင့် သူငယ်ချင်းများဖြစ်ကြ၏။ ဆိတ်ကျောင်း၊ နွား ကျောင်းအတူတူ၊ ယာခင်းသွား၊ ရေခပ်လည်းအတူတူ ချစ်ခင်ရင်းနှီးကြသော သူငယ်ချင်းများ ဖြစ်ကြသည်။ ယခုလည်း ဒေါ်ကျော့ရှင်းကို အကြောင်းပြု၍ ဒေါ် အုန်းစိန် လိုက်လာခြင်း ဖြစ်သည်။

ဦးထွန်းသောင်က သမီးဖြစ်သူငိုတာ သွေးရိုး သားရိုး မဟုတ်ဘူး၊ အစိမ်းသရဲပူးနေတာဖြစ်နိုင်တယ်။ ငါ့ဆီ ခေါ်လာခဲ့ဟု ပြောလေ၏။ ဦးထွန်းသောင်သည် သမီးဖြစ်သူ မစောကို သေသေချာချာကြည့်ပြီး –

“ဟဲ့ နင်ဘယ်သူလဲ”

“အစ်ကိုကြီးကလည်း ကျွန်မကို မသိဘူး လား”

“ငါက ဘယ်သိမှာလဲ၊ နင်ပြောမှသိမှာပေါ့”

“ကျွန်မ အုန်းစိန်လေ အစ်မကြီးကို တွေ့ချင် လို့ လိုက်လာတာ”

“ဘယ်က အစ်မကြီးလဲ”

“အစ်မကြီး ကျော့ရှင်းလေ”

“ဟဲ့ … ကျော့ရှင်းကငါပဲ၊ နင်က ဘယ်သူ လဲ”

“အစ်မကြီး၊ ကျွန်မလေ၊ အုန်းစိန်လေ”

“ဟယ်ဖြစ်မှဖြစ်ရလေ …အခုပဲ နင့် အကြောင်း ပန်းချုံပြောပြနေတာ”

“ကျွန်မ သူနဲ့ ကပ်လိုက်လာတာ၊ အစ်မ ကြီးကို တွေ့ချင်လွန်းလို့”

“သူငယ်ချင်းရယ် …နင့်ဘဝကလည်း ဆိုး လိုက်တာ၊ လူ့ဘဝတုံးကတော့ မတွေ့ရဘူး။ အခုမှ လိုက်လာရတာ။ ဘဝချင်းက ခြားပြီလေ”

မအုန်းစိန် ငိုလေတော့သည်။ အားရအောင် ငိုလေသည်။ ဝမ်းနည်းမှုတွေကို အငိုဖြင့် ကုစားပြီး သူပြောချင်သော စကားကို တစ်လုံးချင်း ပြောပြနေ လေသည်။

“အစ်မကြီးကျွန်မအကြောင်းကို အသိဆုံးပါ။ ကျွန်မ အကုသိုလ်ကံက အကျိုးပေးတာ။ အစက ဝဋ်လိုက်တာတို့၊ ကံအကျိုးပေးတာတို့ကို မယုံကြည် ဘူး၊ ကျွန်မ နောင်တရပါပြီ”

“ဟဲ့ အုန်းစိန် နင်ဘာပြောချင်တာလဲ၊ ပြော လေ”

“ကျွန်မငယ်ငယ်က အလွန်ဆိုးခဲ့ မိုက်ခဲ့ တာတွေ၊ ကျွန်မ နောင်တရပါပြီ၊ ဒီဝဋ်ကျွေးက အသေဆိုးနဲ့ သေခဲ့ရပြီ။ အခုလည်း ကျွန်မ ပြိတ္တာ ဘဝရောက်နေတယ်။ ကျွန်မကို သနားရင် ကျွန်မကို ဆွမ်းသွတ်ပေးပါ။ အမျှဝေပေးပါ”

“အေးပါ …သူငယ်ချင်းရာ ငါမနက်ဖြန် ဘုန်းကြီးတွေ ပင့်ပြီး ဆွမ်းသွတ်ပေးမယ်။ အမျှလည်း ပေးမယ်”

“ကောင်းပါပြီ အစ်မရယ်။ ကျွန်မရဲ့ ဆိုးခဲ့ မိုက်ခဲ့မိတာတွေကို နောင်လာနောက်သားတွေ၊ မလုပ်မိအောင် ဆုံးမပေးပါ။ အတုယူကြပါ”

“အေးအေး နင်လည်း သွားတော့နော်”

မအုန်းစိန်သည် မစောထံမှခွာပြီး ရွာစောင့် နတ် ခေါ်ရာသို့ လိုက်သွားလေတော့သည်။ မစော လည်း အကောင်းဖြစ်သွားပြီး လူတွေ ဝိုင်းကြည့် နေသဖြင့် အံ့ဩနေလေသည်။

“အမေ ကျွန်မ ဘာဖြစ်တာလဲ”

“ဘာဖြစ်ရမှာလဲ၊ နင့်ယောကျာ်း ပုပ္ပားက ပြန်လာတာ၊ သန်းကြီးကုန်းက အုန်းစိန်ကပ်လိုက်လာ တယ်၊ နင့်ကို ဝင်ပူးပြီး ပြောသွားတယ်”

“ဪ ဒီလိုလား”

ဤသို့ဖြင့် နောက်နေ့တွင် ရွာဦးကျောင်း ဆရာတော် ‘ဦးဒီပ’ ကိုပင့်၍ ဆွမ်းသွတ်ပေးခဲ့ရ၏။ ဒေါ်အုန်းစိန်ကိုခေါ်၍ အမျှပေးဝေလိုက်၏။ ထို့နောက် ဒေါ်အုန်းစိန် တစ်ခါမှ ပြန်မလာတော့၊ ဝင်ပူးခြင်း၊ ခွာခြင်း မရှိတော့ပေ။ ကျွတ်တမ်းဝင်သွားတာလား၊ အဆင့်မြင်သွားတာလား မပြောတတ်ပါ။ ဒေါ်အုန်းစိန် ၏ ငယ်စဉ်က ဆိုးခဲ့တေခဲ့သော အဖြစ်အပျက်များကို သူ၏သူငယ်ချင်းဖြစ်သူ ဒေါ်ကျော့ရှင်းက အောက်ပါ အတိုင်း ပြောပြလေတော့သည်။

“အုန်းစိန်”သည် တစ်ဦးတည်းသော သမီး လေးဖြစ်၏။ မိဘများက အလိုလိုက်ထား၏။ ဆင်းရဲ သား ဇနီးမောင်နှံသည် လှည်း၊ နွားတို့ဖြင့် တောင်ယာ လုပ်ကိုင်စားသောက်ရလေသည်။ အာတပြဲပြဲနှင့် ငိုအားသန်သော အုန်းစိန်မကို ချော့တော့လည်း အငို မတိတ်။ အတော် အကြောသန်သော ကလေးပင်ဖြစ် ၏။ စိတ်ဆိုး၏။ တွေ့ရာနှင့် ပေါက်တတ်လေသည်။

အုန်းစိန် အတော်ကြီးလာသောအခါ ဇာတိ ပြလာ၏။ တွေ့ရာလူနှင့်ရန်ဖြစ်၏။ ရွာထဲတွင်ရန်ဖြစ် လျှင် အုန်းစိန်က ဒိုင်ခံဖြစ်၏။ အဆဲအဆို ညစ်ညမ်း ၏။ ပေါက်ကရ ဆဲတတ်လာလေသည်။ မိဘများ အလိုလိုက်သဖြင့် မိဘဟု မမြင်ပေ။ အလိုမကျပါက အမေကို ပြန်ဆဲဆိုလေ၏။ အမေလုပ်သူက ရိုက် သောအခါ စိတ်ကြီးပြီး ပြန်ခံသတ်လေ၏။ အမေကို ကာယကံ၊ ဝစီကံဖြင့် ပြစ်မှားနေလေသည်။ အမေ လုပ်သူက ကြိုးနှင့် တုတ်ပြီး နေပူမှာ ထား၏။ ကြောက်တတ်လန့်တတ်သော သဘောမပြပေ။ ပါးစပ်က ဆဲဆူနေလေသည်။ တစ်ရွာလုံးကြား အောင် ဆဲနေသဖြင့် ရပ်ရွာမှကြားရသူများလာပြီး-

“ဟဲ့ အုန်းစိန် … အမေကို ဘာလို့ပြန်ဆဲ ရတာလဲ။ နင်တော့ မိုးကြိုးပစ်တော့မှာပဲ”

“မိုးကြိုးမကလို့ ဘာပစ်ပစ် ဒီသေချင်းဆိုး မကြီးကို ကြည့်မရဘူး၊ မြန်မြန်သေပါစေ”

“နင်တော့ ပြောမရဘူးဝဋ်လိုက်တော့မှာဘဲ”

အမေလုပ်သူက သူ့သမီးဆဲတာကို ခံနိုင် ပါ၏။ တစ်ဦးတည်းသော သမီးလေးကို လိမ္မာအောင် ဆုံးမရသော်လည်း ရင်ထဲမှာမခံသာပါ။ နေပူထဲမှာ ကြာကြာ မထားပါ။ ကြိုးဖြေပေးပြီး လွှတ်လိုက်၏။ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရသော်လည်း အုန်းစိန်၏ အဆဲက မရပ်ပေ။ အာဂ မိန်းကလေးပါ။ ငယ်ငယ်ကပင် မိဘနှစ်ပါးကို ကာယကံ၊ ဝစီကံဖြင့် နေ့စဉ် ပြစ်မှားနေသဖြင့် ရပ်ရွာလူကြီးတွေက “နင် တော့ မိုးကြိုးပစ်တော့မှာပဲ”ဟု ဆုံးမလေ၏။

“ကျွန်မကို မိုးကြိုးပစ်ပါစေ။ ဒီအဘိုးကြီးနဲ့ ဒီအဘွားကြီး မြန်မြန်သေပါစေ”ဟု ကျိန်ဆဲနေလေ သည်။

ငယ်စဉ်ဘဝက စုဆောင်းလာသော အပြစ်တို့ သည် လျော့မသွား၊ ထပ်၍ထပ်၍ တိုးသာတိုးလာ တော့သည်။ အချိန်တန် အရွယ်ရောက်တော့ အပျိုပေါက်ဖြစ်လာ၏။ မောင်ထွန်းကြူနှင့် ချစ်ကြိုက် ပြီး အိမ်ထောင်ကျ၏။ မောင်ထွန်းကြူက အိမ်သို့ လိုက်လာပြီး၊ မိခင် ဖခင်တို့ကို မိမိ၏မိဘကဲ့သို့ သဘောထား၍ ပြုစု၏။

မအုန်းစိန်သည် အိုမင်းမစွမ်းဖြစ်နေသော အမိအို၊ အဖအိုတို့ကို အမေအဖေအဖြစ် သဘော မထား၊ ယောက္ခမလို သဘောထား၏။ ဆဲလိုက်၊ ဆူလိုက်၊ အော်လိုက်၊ ငေါက်လိုက်နှင့် သူပြုသမျှ နုနေရလေသည်။ အဖေ၊ အမေတို့သည် ကလေး ငယ်လေးများပမာ မျက်နှာငယ်ငယ်နှင့် ကြောက်၍ နေရလေ၏။

“ဒီအဘိုးကြီးကလည်း သေကိုမသေနိုင်ဘူး၊ ချေးတွေ ပါပြန်ပြီ၊ ကိုယ်ယိုတဲ့ချေးကို ကိုယ်ပြန်စား”

မအုန်းစိန်သည် အဖေ၏ချေးကို ရွံ့၏၊ မကိုင် ချင်၊ သို့ဖြစ် နေ့စဉ် ချေးကျုံးတိုင်း တဖျစ်တောက်တောက် ဆဲရေးတိုင်းထွာပြီး လုပ်ပေး၏။ ရေတွေနဲ့လောင်းလို့ အအေးမိပြီး ဖအေဖြစ်သူ ဖျားလေ၏။ အစားလည်း မှန်မှန်မစားရ၊ ပြုစုယုယခြင်း မခံရသော ဖခင်ကြီးမှာ လူ့လောကမှ စောစောစီးစီး သေဆုံးသွားလေသည်။ မအုန်းစိန်မှာ လုံးဝမငိုပါ။ အခုမှ တစ်ယောက်တော့ ကျွတ်တမ်းဝင်သွားပြီ။ တစ်ယောက်ပဲ ကျန်တော့ တယ်ဟု ပြောလေ၏။

မိခင်အိုကြီးမှာ လှောင်ချိုင့်ထဲမှာ ဖမ်းမိသော မျောက်ကလေးလို သမီးဖြစ်သူ ပြုသမျှနုနေရ၏။ ကျွေးသမျှစားရ၏။ တစ်ခါတစ်ရံ ကိုယ်ထိလက် ရောက် ပြုသမျှခံရ၏။ အရိုက်ခံရသလို၊ ခြေထောက် ဖြင့်လည်း အကန်ခံရသေး၏။ ဆဲဆိုတာကတော့ ငယ်ငယ်ကတည်းက ဆဲဆိုလာတာမို့ ရိုးနေလေပြီ။ အခုတော့ ကာယကံမြောက်ပြစ်မှုကြီးများကို တစ်ခု ပြီးတစ်ခု ကျူးလွန်နေတော့သည်။ အမေ၏ မျက် ရည်သည် တစ်ပေါက်ပြီး တစ်ပေါက် ကျလာပြီး “သွားလေသူကြီးရေ … နင်ကတော့ဝဋ်ကျွတ်ပြီ ပေါ့၊ ကျွန်မကတော့ ဝဋ်ရှိသမျှ ခံစားရတော့မှာပဲ။ ကျွန်မကို လာခေါ်ပါတော့”ဟု ငိုနေလေတော့သည်။

“သေခါနီးမှငိုမနေနဲ့၊ ရော့ … ထမင်းမျိုဆို့ ကြားလား”

သမီး ကျွေးသောထမင်းကို ထမင်းဟုမမြင် တော့၊ အဆိပ်တွေဟုထင်လာသည်။ ထမင်းတစ်လုပ် တုတ်တစ်ချက်ဟု ပြောရမလို စားရတာ၊ မျိုရတာ အတော် ခက်ခဲလေတော့သည်။ ဘဝ၏နေဝင်ချိန် တွင် မိမိရင်၌လွယ်၍ မွေးလာရသော သမီးက ရန်သူသဖွယ် ပြုမူဆက်ဆံမှုကို ခံစားရ၏။ ပတ်ဝန်း ကျင်က ပြောကြ၏။ သမီးက ချွေးမဖြစ်ပြီး သမက် က သားဖြစ်နေလေ၏။ မသေမီ သမီးပြုသမျှ ဝဋ် ဒုက္ခကို တစ်ဝကြီး ခံစားရင်း သေဆုံးသွားလေသည်။

မအုန်းစိန်သည် အဖေအမေကို ဆဲသော ဝစီကံ၊ ပြုမူသော ကာယကံတို့သည် ကံလေးမျိုးတွင် “ဂရုကံ”ကို ကျူးလွန်မိလေသည်။ ဂရုကံမှာ အား ကြီးသော ကံကို ဆိုလိုပါသည်။ ပဉ္စာနန္တရိယကံသည် “ဂရုကံ”ထဲတွင်ပါသည်။ ခင်ပွန်းကြီး ၁၀ ပါးကို ပြစ်မှားမိသော ပုဂ္ဂိုလ်တို့သည် သွေးအန်ခြင်း၊ အရောင်းအဝယ်ရှုံးခြင်း၊ အင်္ဂါချို့ယွင်းခြင်း၊ အနူ ရောဂါများ ရခြင်း၊ ရူးသွပ်ဖောက်ပြန်ခြင်း၊ မင်းပြစ် မင်းဒဏ် ခံစားရခြင်း၊ သူတစ်ပါး၏ စွပ်စွဲမှုကိုခံရခြင်း၊ ဆွေမျိုးသားခြင်းများနှင့် သေကွဲကွဲရတတ်ခြင်း၊ မိမိ၏ စည်းစိမ်တို့ ပျက်စီးစေခြင်း၊ နေအိမ်တိုက်တာများ မီးလောင်ကျွမ်း၍ ဒုက္ခရောက်စေခြင်းစသော အပြစ် ဒဏ် ၁၀ ပါးကို ခံစားရပေ၏။

ယခု မအုန်းစိန်၏ ကျူးလွန်ခဲ့သော ပဉ္စ နန္တရိယကံကြီးမှာ ယခုဘဝတွင်ပင် မိုးကြိုးပစ်၍ သေ ပွဲဝင်ရလေ၏။ သေဆုံးပြီးနောက် ပြိတ္တာဘုံဘဝသို့ ရောက်ပြီး၊ မောင်ပန်းချုံနောက်သို့ လိုက်လာ၏။ သူ၏ ဇနီးမစောကို ဝင်၍ ပူးပြီးပြောလေ၏။

စာရေးသူမှာ မစော၏သား အငယ်ဆုံးဖြစ်ပါ သည်။ မိခင်ငိုနေတာကို သိရပြီး ပူးတာကပ်တာကို ကြုံရလေ၏။ နောင်အသက်ရလာမှ ပုပ္ပားမှ အမျိုး တွေ ရွာကိုရောက်သဖြင့် မအုန်းစိန်၏ဘဝကို သိရ လေ၏။ မိဘကို စော်ကားမိသူတို့မှာ ကံဆိုးမိုးမှောင် ကျပြီး မိုးကြိုးပစ်ခံရကြောင်း မှတ်တမ်းပြုစုရင်း စာ ဖတ်သူတို့ သင်ခန်းစာရနိုင်ပါစေ။

 

အဏ္ဏဝါလှိုင်း

Comments

comments

Post Author: manawmaya