အစွဲသုံးပါးကင်းတဲ့ဥာဏ်

ရွှေစေတီတောရကျောင်း

ရွှေစေတီတောရကျောင်းသည် နေပြည် တော် မြို့တော်စည်ပင်ရိပ်သာမှ ဝင်သွားပါက ရွှေကြာပင်ရပ်ကွက်သို့ ရောက်ပါမည်။ ကျောက် စိမ်းကျောက်မျက်အဖွဲ့ သီးခြားချမှတ်ထားသော ကျောက်စိမ်းမြို့ကွက်နှင့် ဟိုတယ်ဇုန်ကြားတွင် တည် ရှိ၏။ မှုလက ရွှေစေတီတောရကျောင်းသည် ရွှေကြာ ပင်ရွာမှ တစ်ဆင့်သွားရ၏။ တောရဆောက်တည် နိုင်သော တောခေါင်သော အရပ်ဒေသဖြစ်၏။ ဆရာတော်၏ တပည့်များသာ လှည်းလမ်းကို အသုံး ပြုပြီး ဆရာတော်ကျောင်းသို့ ခက်ခက်ခဲခဲ သွားရ လေ၏။ ယခုအခါ တောရမမှီတော့ပါ။ နေပြည်တော် မြို့ကြီး၏ အလယ်တွင် ကွန်ကရစ်လမ်းများ၊ ဟိုတယ် ဇုန်များနှင့် ခေတ်မီနေပါတော့သည်။ ပတ်ဝန်းကျင် အသွင်ပြောင်းသော်လည်း တရားကိန်းနေသော ဆရာတော်၏ အသွင်က မပြောင်းပါ။ တောရ မမှီသဖြင့် မိမ်ကိုယ်တွေ့ သိရှိခံစားရောက်ရှိခဲ့သော ခန္ဓာဥာဏ်ရောက် တရားတို့ကို ပါဠိမဖက် စကားပြေ သက်သက်ဖြင့် တရားဟောတော်မှု၏။ တရားနာ ပရိသတ်တို့၏ ရင်ထဲသို့ တရားအသိများလျှင်မြန်စွာ ကိန်းဝပ်ကြသဖြင့် လူကြိုက်များလာ၏။ ထို့ကြောင့် တရာနာပရိသတ်များ တစ်စတစ်စ များလာ၏။

နုစဉ်အခါက ဆရာတော်သည် မြန်မာပြည်ရှိ ထင်ရှားသော ရိပ်သာများ တရားစခန်းများသို့ သွား ရောက်ပြီး တရားအားထုတ်ခဲ့၏။ ရိပ်သာစခန်း တစ်ခု ဝင်လျှင် အနည်းဆုံး သုံးလကြာသည်အထိ ထဲထဲ ဝင်ဝင် ကျင့်ကြံခဲ့လေသည်။ မဝင်ဘူးသော ရိပ်သာ မရှိပါ။ နောက်ဆုံး မိတ္ထိလာမြို့ တောင်ပုလုဆရာ တော်၏ နည်းကိုလက်ခံပြီး ဓူတင်ဆောက်တည်းခြင်း၊ တရားကျင့်ခြင်းများကို ခန္ဓာကို မငဲ့ညှာဘဲ တရားရှာ လေတော့သည်။ ထန်းတပင်တောရ ဆရာတော်ကြီး ၏ ဘုန်းရိပ်ကံရိပ် မေတ္တာရိပ်ကို ခိုလှုံပြီး တရား ကျင့်ကြံ အားထုတ်တော်မူလေသည်။

နောင် ငါးနှစ်ခန့်ကြာသောခါ ထန်းတပင် တောရကျောင်းနှင့် တစ်မိုင်ခန့်အကွာရှိ ရွှေစေတီသို့ ကြွလာပြီး ရွေစေတီတောရကို စတင်တည်ထောင် တော်မူသည်။ ရွှေစေတီတောရကျောင်းတွင် တော စောင့်နတ်၊ တောင်စောင့်နတ်တို့က လွန်စွာကြမ်း တမ်းလေသည်။ ရောက်ခါစ ဆရာတော်ကို မနေ နိုင်အောင် အမျိုးမျိုး နှောင့်ယှက်ကြလေသည်။ ဆရာတော်က မေတ္တာပို့ပြီး တရားနှလုံးသွင်း၍ နေ တော်မူ၏။ ဆရာတော်အား ခဏသီတင်းသုံးမှာလား၊ အမြဲသီတင်းသုံးမှာလား ဆိုပြီးမေး၏။ အမြဲလာ ရောက် သီတင်းသုံးခြင်းကို မနှစ်သက်ကြပေ။

တစ်နေ့သောအခါ ဆရာတော်တစ်ပါးတည်း စင်္ကြံလျှောက်နေစဉ် မြွေတစ်ကောင်ကို တက်နင်း မိပြီး မြွေကိုက်ခဲခြင်းကို ခံရ၏။ ခြေမျက်စိ အောက် နားတွင် “ပူခနဲ”ခံစားလိုက်ရပြီး မြွေကို မေတ္တာပို့ပြီး မြွေထွက်ခွာသွားမှ ကျောင်းသို့ ပြန်ကြွလာ၏။ ကျောင်းတွင် ကပ္ပိယကြီးက ဆရာတော်ကို ဝေယျာ ဝစ္စ ပြုလုပ်ပေးရန် စောင့်နေ၏။

“ဒကာကြီး ကျူပ်တော့ မြွေကိုက်ခံရပြီ”

“အရှင်ဘုရား …ဒီတိုင်းနေလို့ မရပါဘူး။ ဘယ်မှာလဲ တပည့်တော်ကို ပြပါ”ဆိုပြီး ထိပ်ထိပ် ပျာပျာ ဖြစ်သွား၏။ မြွေကိုက်လျှင် အရေးပေါ် ဆေး ကုရမည်၊ မြွေဆိပ်ဖြေဆေးထိုးရမည်၊ ချက်ချင်း မဆောင်ရွက်နိုင်ပါက အသက်ဆုံးရှုံးရနိုင်သည်။

“ကိစ္စမရှိပါဘူး၊ ဒကာကြီး … ကျုပ်ခန္ဓာ ကြီးက ဘာမှအသုံးမကျတာ၊ သေရင်လည်း နှမြော စရာ မရှိပါဘူး”

“အရှင်ဘုရား ဒီလိုမမိန့်ပါနဲ့ ဘုရား … တပည့်တော်ကတော့ အရှင်ဘုရားကို ဒီအတိုင်း အသေမခံနိုင်ဘူး ဘုရား၊ တပည်တော် ဆေးရုံ သွားဖို့ စီစဉ်မယ်”

တုန်လှုပ်ခြင်း၊ ကြောက်ခြင်းလုံးဝမရှိ၊ ပကတိ တည်ကြည်နေသော ဆရာတော်ကို ကြည့်ပြီး ကပ္ပိယ ကြီးမှာ များစွာ အံဩနေပါသည်။ ဒီအတိုင်းထားပါက ဆရာတော်မှာ အသေခံမည့် သဘော ဖြစ်နေသည်။ ကပ္ပိယကြီးမှာ ဆရာတော်ကို ဝတ်ချပြီး နီးစပ်ရာ ရွှေကြာပင်ရွာသို့ ပြေးလေသည်။ ရင်းနှီးသော ဆရာတော်၏ တပည့်ဒါယကာများကို အကျိုး အကြောင်း ပြောပြလေ၏။ ဆရာတော်၏ သီလ ဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကို ကြည်ညိုကြသော ရွှေကြာပင်ရွာသာများ ရွှေတောရကျောင်းသို့ အပြေး ထွက်လာကြ၏။ စောင်ကို ပုခက်လုပ်ပြီး ဆရာ တော်ကို ထမ်းပြီး နီးစပ်ရာဆေးရုံသို့ ပို့ကြလေသည်။ ဆရာတော်မှာ မလိုက်ဘူးလို့ ငြင်းနေသဖြင့် အတင်း ဇွတ်ပင့်ရလေသည်။ ကျောင်းမှ ကပ္ပိယကြီးကငို၍ လျှောက်ထားမှ လက်ခံလေသည်။ တောစောင့် နတ်သည် ဆရာတော်၏ တည်ကြည်သော ဥပတိရုပ် ကို ကြည်ညို၏။ သေရမှာ မကြောက်သော၊ တရား ကိန်းနေသော ဆရာတော်ကို သာမန်ပုဂ္ဂိုလ် မဟုတ် ဟု သိသွားလေသည်။ ဆရာတော်၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဦးချကန်တော့ကြပြီး နောက်နောင် လုံးဝ မနှောင့်ယှက်ကြတော့ပါ။

 

ကိုရင်ပဏ္ဍိတ

တစ်နေ့သ၌ ရွှေစေတီတောရကျောင်းသို့ ကားတစ်စီး မောင်းလာ၏။ ကားပေါ်တွင် အမျိုး သမီး တစ်ဦးနှင့် သားအရွယ် ယောကျာ်းလေးတစ်ဦး ပါလာ၏။ ကားပေါ်တွင် ပရိက္ခရာ ရှစ်ပါးနှင့် ဆရာ တော် ဆက်ကပ်ရန် ပစ္စည်းများလည်း ပါလာ၏။ ထိုအမျိုးသမီးသည် ဆရာတော် သီတင်းသုံးရာ ကျောင်းသို့ သွားလေသည်။ ကားသမားနှင့် ၄င်း၏ သားမှာ ပရိက္ခရာ ရှစ်ပါးနှင့် လှူဖွယ်ဝတ္ထုတို့ကို ထမ်းပြီး နောက်က လိုက်လာကြလေသည်။  ဆရာ တော်မှာ တစ်ပါးတည်း သီတင်းသုံးနေ၏။ သူ၏ အိပ်ခန်းထဲတွင် အိပ်စရာ ခုတင်မရှိ၊ ခြင်ထောင်မရှိ၊ ပက်လက်ကုလားထိုင် တစ်လုံးသာ ရှိလေသည်။ ဆရာတော်မှာ ကျောခင်း၍ မကျိန်းပါ။ တောင်ပုလု ဆရာတော်ကြီးကဲ့သို့ ပက်လက်ကုလားထိုင်နှင့် ကျိန်းပါသည်။ ကိုယ်တိုင်ဆွမ်းခံပြီး တစ်နပ်တည်း သော ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူ၏။ ဝတ္ထု ငွေကြေး မကိုင်ပါ။

“ဆရာတော်ဘုရား”

ဒေါ်သန္တာသည် ဆရာတော်ကို အသံပေး လိုက်၏။ ဆရာတော်သည် အခန်းအပြင်သို့ ထွက် လာလေသည်။

“ဒကာမကြီး ဒေါ်သန္တာ”

“ဟုတ်ပါတယ် ဘုရား”

“အေး …မတွေ့တာ အတော်ကြာပြီပဲ။ လာရင်း ကိစ္စကို ပြော”

“တပည့်တော် ဒီသား လေးတစ်ယောက်ပဲ ရှိပါတယ် ဘုရား။ ဒီသားလေး (၁၀)တန်း အောင်တော့ သားလေးရဲ့ နောင် ရေးကို မျှော်တွေးပြီး ပီတိဖြစ် နေတာပါဘုရား၊ သူ့အဖေဆိုရင် သားလေးစစ်တက္ကသိုလ်တက်ပြီး စစ်ဗိုလ်ကြီးဖြစ်တာ မြင်ချင်နေ တာပါ ဘုရား … ဒါပေမဲ့ သား က စစ်တက္ကသိုလ် မတက်ချင် ဘူး။ ကျောင်းပဲ ဆက်တက်ချင် တယ်တဲ့ဘုရား …ဒါနဲ့ တက္က သိုလ်ဆက်တက်တော့ တပည့် တော်တို့ ချို့ချို့တဲ့တဲ့နဲ့ ကျောင်း ထားပေးရတယ်ဘုရား၊ ဒါပေမဲ့ သားက မလိမ္မာဘူး၊ အပေါင်း အသင်းမှားပြီး ဆေးလိပ်တွေ သောက်၊ အရက်တွေသောက်ပြီး ဘိန်းဖြူထိုးတဲ့အထိ မိုက်လာ တယ် ဘုရား …”

“ဒကာမကြီးရယ် … သားဒုက္ခ တကယ် ကြီးတာပဲ”

“ထောင်တွေကျ ကျောင်းထုတ်ခံရတယ်။သူ့အဖေဆို သားအတွက်နဲ့ အိပ်ရာထဲ ဘုန်းဘုန်း လဲပြီး နောက်ဆုံး သေသွားရရှာတယ်”

“ဒုက္ခ …ဒုက္ခ …”

“သူ့အဖေသေလို့ နောင်တရပါပြီ၊ မေမေ သား တစ်သက်လုံးဘုန်းကြီး ဝတ်တော့မယ်လို့ ပြော လာပါတယ် ဘုရား။ ဒါနဲ့ တပည့်တော် ပရိက္ခရာ ရှစ်ပါးဝယ်ပြီး ဆရာတော့်ကျောင်းကို ကားငှား လာတာပါ ဘုရား၊ တပည့်တော် သားလေးကို ရဟန်း ပြုပေးတော်မူပါ ဘုရား”

“ရဟန်းပြုတယ်ဆိုတာ အသက်(၂၀)ပြည့်မှ ပြုလို့ရတာ။ မိမိကိုယ်တိုင်လည်း ရဟန်းပြုချင်တဲ့ စိတ်ရှိဦးမှ”

“တပည်တော်သား အသက်(၂၀)ပြည့်ပါပြီ ဘုရား”

“ဟုတ်ပြီ မင်းနာမည် ဘယ်လိုခေါ်သလဲ”

“ပိုင်သစ္စာပါ ဘုရား”

“မင်းကိုယ်တိုင်ကော ရဟန်းပြုချင်တဲ့ စိတ် ရှိသလား”

“ရှိပါတယ် ဘုရား”

“အေးဟုတ်ပါပြီ၊ ဒီကျောင်းမှာ ရဟန်းဝတ် ရင် ပရိယတ္တိစာသင်တိုက်မဟုတ်တော့ စာတော့သင် ပေးမှာမဟုတ်ဘူး။တရားကျင့်ရမယ်၊လုပ်နိုင်မှာလား”

“တပည့်တော် ကြိုးစားသွားမှာပါ ဘုရား”

“ဒါဆိုရင် ချက်ချင်း ရဟန်းဝတ်ပေးလို့ မရ သေးဘူး။ သူ့ကို ရှင်ပြုပေးမယ်။ ကိုရင်ဝတ်ပေးမယ်။ ကိုရင်ဝတ်နဲ့ ခုနစ်ရက်စောင့်ကြည့်မယ်၊ ရဟန်း ဝတ်ဖို့ စိတ်ဆုံးဖြတ်ပြီဆိုရင် ခုနစ်ရက်ပြည့်မှ ရဟန်း ခံကြာတာပေါ့”

“တင်ပါ့ ဘုရား”

“ဦးဇင်း တေဇနိယ”

“ဘုရား”

“ဒီသူငယ်ကို ရှင်ပြုပေးလိုက်”

“တင်ပါ့”

ဦးဇင်း တေဇနိယသည် “ပိုင်သစ္စာ”ဆိုသော ကလေးကိုခေါ်ပြီး ဆံချပေး၏။ ၃၂ ကောဌာသကို ရွတ်ဆိုပေး၏။ ပြီးနောက် သင်္ကန်းစည်းပေးပြီး ကိုရင်ဝတ်ပေးလိုက်ပါသည်။ ဤသို့ဖြင့် ကိုရင်ဘဝ သို့ ချက်ချင်းရောက်သွားပါတော့သည်။ ဆရာတော် ကျောင်းသို့ ခေါ်လာပြီး ဝတ်ပြုစေ၏။

“ကိုရင်က ဘာနေ့သားလဲ”

“ကြာသပတေးသားပါ ဘုရား”

“ဒါဆို ‘ပဏ္ဍိတ’လို့ ဘွဲပေးမယ်”

“တင်ပါ့ ဘုရား”

 

ဆက်လက်ဖော်ပြပါမည်။

အဏ္ဏဝါလှိုင်း

Comments

comments

Post Author: manawmaya