သရဲကို အနိုင်ယူသော ဆရာစုအကြောင်း

ကျွန်တော့်နာမည် ထွန်းဆိုင်ဟု ခေါ်သည်။ ရှမ်းလူမျိုးဖြစ်ပြီး ဗုဒ္ဓဘာသာကို ကြည်ညိုပါသည်။ ပုသိမ်သို့ တာဝန်အရပြောင်းရွှေ့ တာဝန်ထမ်းဆောင် ရပါသည်။ တောင်တန်းဒေသမှ မြေပြန့် မြစ်ဝကျွန်း ပေါ်သို့ ပြောင်းလာရသဖြင့် ရာသီဥတုပြောင်းလဲမှု၊ လူတွေနှင့် ထိတွေ့ဆက်ဆံမှုပုံစံများမှာ လုံးဝ ပြောင်း လဲသွားသည်။

မြန်မာတို့သည် ရိုးသားသော ရှမ်းတိုင်းရင်း သား ကျွန်ုပ်အား ချစ်ခင်ကြပါသည်။ တစ်ရုံးထဲနေ ဦးသိန်းရွှေနှင့် ခင်မင်ရာမှ တရားစကားများ ပြောဖြစ်  ပါသည်။ ကျွန်ုပ်မှာ ဗုဒ္ဓဘာသာဖြစ်၍ လိုက်၍ ပြောနိုင်ပါသည်။ တစ်ခါတစ်ရံ ဗုဒ္ဓနှင့်ပတ်သက်သော စာအုပ်စာပေများကို ယူဆောင်လာပြီး ကျွန်ုပ်အား ဖတ်ရှုစေပါသည်။ စာရေးဆရာကြီး ဦးသုခ ရေး သော မင်္ဂလသုတ်၊ မေတ္တသုတ် စာအုပ်များသည် ကျွန်တော်တို့ဖတ်၍ ကောင်းသော စာအုပ်များ ဖြစ်ပါ သည်။

တစ်ခါတစ်ရံ ဘုရားသို့သွားပြီး ပုတီးစိပ်ကြ သည်။ တရားထိုင်ကြသည်။ ပုသိမ်မှ မှန်စက်ရုံ သွား ကားလမ်းပေါ်တွင် “ဂွေးချို” ရွာ ရှိပါသည်။ သင်္ချိုင်းကုန်းအနီးတွင် ဘုရားတစ်ဆူနှင့် ဇရပ် တစ်လုံးရှိသည်။ ကျွန်ုပ်တို့ ၄င်းဘုရားတွင် တရား ထိုင်ကြသည်။ ဇရပ်တွင် တရားကျင့်ကြံနေသော “ဆရာစု”ကို တွေ့ရလေသည်။

“ဆရာစု”သည် အင်းပညာ၊ ဆေးပညာ၊ ဝိဇ္ဇာပညာများကို တတ်ကျွမ်းသည်။ အထူးသဖြင့် ပယောဂများကို နိုင်နိုင်နင်းနင်း ကုသပေးလေသည်။ ဦးသိန်းရွှေသည် ဆရာစု၏ တပည့်ဖြစ်သည်။ ကျွန်ုပ်အား ဆရာစုနှင့် မိတ်ဆက်ပေးသည်။ အမှန် အတိုင်းပြောရလျှင် ဆရာစုတတ်သော ဝိဇ္ဇာပညာ များ ရှမ်းပြည်နယ်တွင် မရှိပါ။ မမြင်ဖူး မတွေ့ဖူးပါ။ လေ့လာရင်း ဗဟုသုတရှာဖွေရင်းဖြင့် ဆရာစု၏ တပည့် ဖြစ်သွားလေသည်။

တစ်နေ့သောအခါ ကိုသိန်းရွှေက ကျွန်ုပ်အား လာခေါ်လေသည်။ ဆရာစုအား ပယောဂကုရန် လာ ပင့်သွားကြောင်း၊ ငါတို့ နောက်ကလိုက်ခဲ့ရန် မှာခဲ့ ကြောင်း ပြောပါသည်။

“မောင်စိုင်း ဆရာစု မှာတယ် …”

“ဟုတ်ကဲ့”

“သူ့ကို ‘ဒါးက’နားက ရွာမှာ ပယောဂကုဖို့ လာပင့်သွားတယ်။ နောက်က လိုက်ခဲ့ဖို့လည်း မှာတယ်”

“ဒီလိုပွဲမျိုး ကြည့်ချင်နေတာ အတော်ပဲ။ ဘယ်တော့ သွားရမှာလဲ?”

“မနက်ဖြန် လိုက်သွားကြမယ်”

“ကောင်းပါပြီ။ ဒါနဲ့ ဘာရောဂါလဲ။ ဘာ ထူးမှာလဲ။ သတင်းအစအနလေးတော့ ပြောပြပါလား”

“ဒါးကမြို့နားမှာ ဆင်းခေါင်းဆိုတဲ့ ရွာရှိ တယ်။ တစ်ခါက ဆရာစုတို့ကို ကိုးကွယ်ကြတယ် ကွ။ ဆရာစုက ဝိဇ္ဇာလမ်းစဉ်၊ အထက်လမ်းပေါ့ကွာ။ ဘုရားတည်တယ်။ ကျောင်းဆောက်တယ်။ ပယောဂ တွေ၊ အောက်လမ်းပညာနဲ့ လုပ်ထားတာတွေကို ကုသပေးရင်း ဝေနေယျတွေကို ကယ်တင်ရရှာ တယ်။ ဆရာစုက ဆေးဝိဇ္ဇာနဲ့လည်း ဆက်သွယ်မိ နေတယ်။ သူ့တပည့်တွေနဲ့ တစ်ခါတစ်ရံ ဆေးပွဲ ကျင်းပကြတယ်”

“ဘာလဲဗျ၊ ဆေးပွဲဆိုတာ?”

“မင်းကို နားလည်အောင်ပြောရရင် ဆရာ ကန်တော့ပွဲပေါ့ကွာ။ ဝိဇ္ဇာတွေကို ကန်တော့တာ”

“တော်တော် ထူးထူးဆန်းဆန်းပါပဲ။ ပြော ပါဦး”

“ဆရာကန်တော့ပွဲမှာ အတွင်းစည်း၊ အပြင် စည်းဆိုပြီး စည်းတားထားတယ်။ အတွင်းစည်းကို ရာဇမတ်ကာပြီး သာသနာ့အလံတွေ၊ ကြက်လျှာ တွေ၊ တံခွန်တွေ စိုက်ထူထား တယ်။ ဝင်ပေါက် တစ်ပေါက်ပဲ ထားတယ်။ အဖွင့်အပိတ် တံခါးရှိ တယ်”

“တစ်ခါမှမကြားဘူးတာ တွေမို့ စိတ်ဝင်စား ဖို့ကောင်း တယ်။ ဆက်ပြောပါဦး”

“ဒီအတွင်းစည်းမှာ ဆရာ စုရဲ့ဆရာတွေကို ကန်တော့ပွဲ ပေးရတယ်။ သာသနာပွဲက ငှက် ပျောငါးဖီး၊ အုန်းသီး တစ်လုံး၊ ဝိဇ္ဇာပွဲက ငှက်ပျောသုံးဖီး၊ အုန်း သီး တစ်လုံး၊ ဝိဇ္ဇာပွဲကိုးပွဲ ပြင်ရ တယ်။ ဘုရား ငါးဆူ ပင့်ရတယ်”

“ဝိဇ္ဇာပွဲမှာ ဘာလို့ ဘုရား ငါးဆူ ပင့်ရတာလဲ”

“ဆရာစုက ဘုရားငါးဆူ ဂိုဏ်းလေ”

“ဘုရားက လေးဆူပဲပွင့်သေးတာ။ ဘာလို့ ငါးဆူဖြစ်ရတာလဲ?”

“ဘာလို့ ငါးဆူပင့်တာလဲဆိုတာတော့ မင်း ကိုယ်တိုင်ပဲ မေးကြည့်ပေါ့။ ငါတော့မသိဘူး”

“ဟုတ်ပါပြီ။ ဆက်ပြောပါဦး”

“ဘုရားငါးဆူကိုပင့်ပြီးမှ ပွဲတွေထိုးတာ။ ပွဲတွေရှေ့မှာ အလင်းတိုင်၊ အမွှေးတိုင်တွေထွန်းဖို့ ခုံတွေ လုပ်ထားရတယ်။ ခုံတွေရှေ့မှာတော့ ကြိမ်လုံး တစ်လုံးချထားတယ်။ ဒီရှေ့မှာတော့ စားပွဲတစ်လုံးနဲ့ ခဲတံတွေ၊ ရှမ်းစက္ကူတွေ၊ ပေတံတွေ တင်ထား တယ်”

“ဒီစက္ကူတွေက ဘာလုပ်ဖို့လဲ?”

“အင်း ရေးဖို့၊ အင်းချဖို့ပဲ။ ထူးခြားတာက တပည့်တွေကို မှတ်တမ်းတင်ခြင်းကိစ္စပဲ”

“ကျွန်တော် မရှင်းဘူးဗျ။ ဘာပြောတာလဲ၊ ဘာမှတ်တမ်းတင်တာလဲ”

“ဒါတွေကို နောက်မှ အသေးစိတ်ပြောမယ်။ အပြင်စည်းကိုတော့ အဆောက်အအုံရဲ့ ထောင့် လေးထောင့် သတ်မှတ်တယ်။ သွားလို့ရအောင်လည်း ရှင်းထားရတယ်။ တပည့်တွေ ပွဲကြည့်ပရိသတ်တွေ ကတော့ အပြင်စည်းဝိုင်းထဲကို ဝင်လို့ရတယ်။ အတွင်း စည်းကိုတော့ ဝင်လို့မရဘူး”

“ဆေးချတာက ဘယ်ရောက်သွားပြီလဲ။ ပြောပါဦး”

“အေး ဆေးပွဲကျင်းပမယ်ဆိုရင် ဒီအခမ်း အနားအတိုင်း ပြင်ဆင်ကြရတယ်။ ဆေးပွဲကို ည ၉ နာရီကျော်မှ ကျင်းပတတ်ကြတယ်”

“ဘာလို့လဲဗျာ?”

“ည ၉ နာရီနောက်ပိုင်းမှ ဝိဇ္ဇာတွေ အချိန် ဖြစ်တယ်။ ဝိဇ္ဇာတွေ ကြွလာနိုင်တယ်ပေါ့ကွာ။ ဆေးပွဲကျင်းပရင် ဆရာစုက အထက်ဖြူ၊ အောက် ဖြူဝတ်ပြီး စည်းဝိုင်းထဲမှာဝင်တယ်။ ပေါက်ဆရာ (၆၉)ပါးကို ပင့်တယ်။ ဝိဇ္ဇာရှစ်သောင်း ဆရာပေါင်းကို ပင့်တယ်။ တိုင်းကျိုးပြည်ကျိုး လောကသာလကျိုး တွေ ပင့်တယ်”

“ပေါက်ဆရာတွေ၊ ဝိဇ္ဇာတွေက ထားပါ တော့။ ဘာလဲဗျ? တိုင်းကျိုး၊ ပြည်ကျိုး၊ လောက သာလကျိုးဆိုတာ”

“ဒါက အဆင့်အတန်းခွဲခြားထားတာ။ မင်းက လူသားလေ။ ဝိဇ္ဇာပညာ၊ ဂန္ဓာရီလမ်းကိုလိုက်စားရင် ပထမ လောကသာလကျိုးအဆင့်ကို တက်ရမယ်။ သတ်မှတ်စည်းကမ်းတွေ လိုက်နာပြီး ပညာတတ် လာရင် တိုင်းကျိုး အဆင့်ကို တက်ပေးရတယ်။ တိုင်းကျိုးအဆင့်မှာလည်း စည်းမဖောက်ဘူး၊ ပညာ တွေ တတ်တယ်ဆိုရင် သာသနာ့ကျိုးကို တက်ပေး ရတယ်”

“ဒီပညာအဆင့်အတန်းတွေကို ဘယ်သူက သတ်မှတ်တာလဲ။ စာမေးပွဲဖြေသလို ဖြေရတာလား။ စာစစ်ဌာနက ဘယ်မှာလဲ? မေးခွန်းတွေ၊ အဖြေ တွေကို ဘယ်သူကထုတ်လို့ ဘယ်သူကစစ်တာလဲ။ စည်းမဖောက်ဘူး၊ ဖောက်တယ်ဆိုတာကော ဘာနဲ့ တိုင်းမှာလဲ?”

“မင်းက အထက်တန်းစာမေးပွဲဖြေသလို မေးနေပြန်ပါပြီ။ ဝိဇ္ဇာကသတ်မှတ်တဲ့ အဆင့်တွေ ပဲကွ။ စာမေးပွဲ စစ်တယ်၊ အောင်တယ်၊ ရှုံးတယ် ဆိုတာ ခုဆေးပွဲမှာ ကျေညာတာပဲ။ ဝိဇ္ဇာတွေဆိုတာ အကုန်သိတယ်။ ကိုယ်စောင့်နတ် ကိုယ်စီရှိတယ်။ သူတို့က ဝိဇ္ဇာတွေကို သတင်းပို့ရတာ”

“တော်တော်ကို အံ့ဩစရာပဲ။ ထားပါတော့။ ဆေးပွဲကို ပြောပါဦး”

“ဆရာစုက ဝိဇ္ဇာတွေဖိတ်လို့ြွကလာပြီဆိုရင် ဆရာစု မဟုတ်တော့ဘူး။ အထက်ဝိဇ္ဇာတစ်ပါးပါး ပူးပြီး ပြောတော့တာပဲ။ အနားမှာလျှောက်တဲ့ တပည့် တစ်ယောက် ရှိသေးတယ်။ အခြွုကလာသော ဆရာ အပေါင်းကို တပည့်များက ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ပြစ်မှားမိရင် သည်းခံခွင့်လွှတ်ဖို့ တောင်းပန် ဝန်ချကန်တော့ကြတယ်။ ပြီးမှ တပည့် စာရင်းကို တင်ပြလျှောက်ထားရတယ်။ (ဥပမာ-သောကြာသား သိန်းရွှေ သာသနာကျိုး)လို့ တပည့် က လျှောက်ထားလိုက်တယ်။ အင်းစာရွက်အလွတ် နှစ်ရွက်မှာ ဝိဇ္ဇာတွေရေးတဲ့စာနဲ့ မှတ်တမ်းတင်တော့ တာပဲ။ လူတွေတော့ မဖတ်တတ်ဘူး”

“ဝိဇ္ဇာက ဘာတွေပြောလဲ?”

“ဝိဇ္ဇာက သောကြာသား သိန်းရွှေ ဘာတွေ လုပ်တယ်၊ စည်းဖောက်ရင် ဖောက်တယ်၊ ဂန္ဓာရီ ပညာတွေ လိုသေးတယ် စသဖြင့် ပြောသွားတယ်။ အဆင့်တက်လို့ရရင် ရတယ်၊ မရရင်လည်း မရဘူးလို့ ပြောတယ်။ ဒီလိုနဲ့ တပည့်အားလုံး မှတ်တမ်းတင် ပြီးရင် အပြင်စည်းကို ရိုက်တယ်။ အပြင်ထောင့် လေးထောင့်မှာ ဒီပန္နက်ရိုက်တယ်။ ဖယောင်းတိုင်ကို အင်းချထားတဲ့ စက္ကူနှင့်ပတ်ပြီး ဆရာစု ညွှန်ကြားရာ နေရာမှာ မီးထွန်းညှိထားခဲ့တယ်။ ထောင့်လေး ထောင့်မှာ မီးပန္နက်ရိုက်ပြီးရင် အတွင်းစည်းထဲကို ပြန်ဝင်လာတယ်။ ခုနက မှတ်တမ်းတင်ထားတဲ့ တပည့်တွေအတွက် ဆေးချပေးတယ်”

“ဆေးက ဘယ်လိုချပေးတာလဲ?”

“ပိတ်ဖြူစကြီးနဲ့ ခံထားရတာ။ ဆရာစုက မီးပန္နက်ရိုက်ပြီး ပြန်ဝင်လာရင် လက်ထဲက ဆေးတွေ ပစ်ပေါက် လိုက်တာ။ ပိတ်ဖြူစပေါ် ကျလာတယ်”

“ဆရာစုလက်ထဲက ဆေးတွေက ဘယ်က ရောက်လာတာလဲ?”

“လက်ထဲမှာ ဆေးမရှိပါဘူး။ ဟန်နဲ့ ပစ် ပေါက်လိုက်တာ။ ဆေးက အပေါ်က ကျလာတာ။ ဆေးဝိဇ္ဇာတွေက ချပေးတာ”

“တော်တော်ထူးဆန်းတာပဲ။ နောက်တစ်ခါ ဆေးပွဲဆိုရင် ကျွန်တော်လိုက်မယ်”

“ဆေးက လက်မဝက်လောက် ရှည်တယ်။ အရင်းကြီးပြီး အဖျားသေးတဲ့ ထုလုံးရှည်လေးပဲ။ မွှေးနေတာပဲ။ ဝိဇ္ဇာတွေက ချပေးတဲ့ဆေးက ရခဲ တယ်။ တွေ့ရခဲတယ်”

“ခုနက မှတ်တမ်းတွေက ဘာလုပ်မှာလဲ”

“မှတ်တမ်းတွေကို မီးရှို့ ပြာချပြီး သက်ဆိုင် သူတွေက သောက်ရတာ။ ဒါမှ အသင်းဝင်ဖြစ်သွား တာ။ အင်းတွေ ဆွဲတယ်။ သိဒ္ဓိတင်တယ်၊ သောက် ကြတယ်။ ဆေးတွေလည်း တပည့်တွေကို ခွဲဝေ ပေးတယ်”

“တော်တော် စိတ်ဝင်စားစရာကောင်းတယ်။ နောက်တစ်ခါ လိုက်မယ်”

“ဆေးပွဲရှိရင် ပြောမယ်။ အခု ဆရာစုပြော တဲ့ ဆင်ခေါင်းရွာထဲမှာပဲ ဆေးပွဲတွေ ကျင်းပပြီး တပည့်တွေ ရှိတယ်။ တိုင်းကျိုး၊ ပြည်ကျိုး၊ လောက သာလကျိုး၊ သာသနာကျိုး အဆင့်ဆင့် တပည့်တွေ ရှိကြတာပေါ့ကွာ။ တစ်နေ့တော့ အောက်လမ်းဆရာ ရောက်လာတယ်။ အောက်လမ်းဆရာက ဆရာစု တပည့်တွေနဲ့ ပညာစမ်းကြတယ်”

“လာပြန်ပြီ၊ စိတ်ဝင်စားစရာတစ်ခု”

“ဟုတ်တယ်။ တကယ့်ဖြစ်ရပ်ဆန်းပဲ”

“အောက်လမ်းဆရာ ရောက်လာတော့ ဘာ ဖြစ်ကြတာလဲ ပြောပါဦး”

“ဆရာစုက ဝိဇ္ဇာအတတ်ပညာ တတ်တယ်။ ဆေးချလို့ ရတယ်။ ဆေးကုလို့ရတယ်။ အင်းနဲ့ လုပ်တဲ့ သူလည်း မြှုပ်ထားတဲ့အင်းကို ဖော်လို့ရ တယ်”

“ဒီတော့ အောက်လမ်းဆရာက ဘာ ပြောလဲ?”

“သူလည်း ပညာတတ်တယ်။ ဆေးကုလို့ ရတယ်။ တောင်ဝိုင်းက ဒေါ်ငြိမ်းတင် နေမကောင်းလို့ သူ့ကို လာပင့်တာ။ သူကုပေးလို့ အခု ကောင်းသွာပြီ။ ဆေးလည်း ချတတ်တယ်ဆိုပြီး ပိတ်ဖြူကြီးခံပြီး ဆေးချပြတယ်။ အင်းမြှုပ်တဲ့နေရာလည်း လက်တွေ့ ဖော်ပြတယ်။ ‘ဟေ့ …အင်း လာစမ်း’ဆိုပြီး မြုပ်တဲ့နေရာက ပေါ်ပြီး လေထဲမှာ ဝဲလာတာ”

“ဒီတော့ ရွာသားတွေ စိတ်ထဲမှာ တွေဝေ သွားမှာပေါ့”

“တွေဝေရုံတင်မဟုတ်ဘူး။ ဒီအောက်လမ်း ဆရာကို အတော်ကို အထင်ကြီးသွားတာ။ ဆရာ စွမ်းပြလိုက်သေးတယ်ကွ”

“ဘယ်လို ပြလိုက်တာလဲ?”

“မင်းတို့ ဆရာစုက အင်းကို မီးခြစ်နဲ့သာ ရှို့လို့ရတာ။ ငါက အင်းကို ဒီလိုရှို့ပြမယ်ဆိုပြီး ခွက်ထဲမှာ အင်းစာရွက်ကိုထားပြီး လက်ညှိုးထိုး လိုက်တာ မီးထတောက်တာပေါ့”

“ဟာ တော်တော်စွမ်းပါလား”

“ဒါတင် ဘယ်ကမလဲ။ ငါကိုင်နေကြ ဆေး တောင်ဝှေး လာစမ်းဆိုပြီး ခေါ်လိုက်တာ။ တောင်ဝှေး က အသက်ဝင်ပြီး ကြမ်းပြင်ကို တဒေါက်ဒေါက် ခေါက်ပြီး လာတယ်”

“ဟုတ်ပြီ ဟုတ်ပြီ။ ဘာဆက်ဖြစ်လဲ?”

“ရွာသားတွေက ဒီဆရာကို အထင်ကြီးတာ ပေါ့။ ဆရာဆီမှာ တပည့်ခံကြတာပဲ။ အောက်လမ်း ဆရာက တပည့်ဖြစ်ချင်ရင် သရဲတစ်ကောင်စီ မွေး ရမယ်လို့ ပြောတယ်”

“သရဲက ဘယ်လိုမွေးရတာလဲ?”

“သရဲမွေးတာက သူတို့ကို သင်္ချိုင်းထဲ ခေါ် သွားတယ်။ ဆိတ်ကို အရှင်လတ်လတ် ခေါင်းဖြတ် သတ်ပြီး ထွက်လာတဲ့သွေးကို သောက်ရတာ။ ဆရာ က သရဲကိုခေါ်ပြီး အပ်ပေးလိုက်တာ။ တချို့က လောဘကြီးပြီး နှစ်ကောင်တောင် မွေးတာ”

“နွားမွေးတော့ နွားစာကျွေးရတယ်။ သရဲ မွေးတော့ ဘာကျွေးရသလဲ?”

“သရဲကို တစ်လတစ်ခါ အမဲသား ကျွေးရ တယ်။ အမဲ တစ်ပိဿာဝယ်ပြီး သူလည်း ချက်စား၊ သရဲကိုလည်း ကျွေးပေါ့”

“သရဲမွေးတော့ ဘာသုံးလို့ရသလဲ?”

“သရဲမွေးတော့ အောက်လမ်းဆရာဖြစ်ပြီ ပေါ့ကွာ။ ဟိုကောင်ကို ပြုစားလိုက်။ သူက ဆေး ကုလိုက်။ လုပ်စားတာပေါ့”

“ဒါတွေကု တစ်ခါမှ မကြားဖူးဘူး”

“ဟုတ်တယ်။ တစ်ခါတလေ သူငယ်ချင်း အချင်းချင်း သရဲချင်း ပြိုင်တာ ရှိသေးတယ်”

“ဘယ်လိုပြိုင်တာလဲ?”

“သရဲချင်း နပန်းလုံး ခိုင်းတာ”

“အရှုံး အနိုင်ကို ဘယ်လိုဆုံးဖြတ်သလဲ?”

“အမဲသားများများစားရတဲ့ သရဲက အကောင် ကြီးထွားတာပေါ့ကွာ။ အစားနည်းတဲ့ သရဲက အကောင် သေးတာပေါ့။ အားကြီးတဲ့သူ နိုင်တာပေါ့”

“နပန်းလုံးတာ မြင်ရသလား။ ဘယ်လို သိတာလဲ?”

“ရှုံးတဲ့သရဲက သူ့ဆရာဆီ ဝင်ပြေးတာပေါ့။ နိုင်တဲ့သရဲက နောက်ကလိုက်တော့ ဆရာသမားရော သရဲရော လဲကျသွားတာပေါ့”

“ဪ ဆရာလဲကျသွားရင် ရှုံးပြီပေါ့”

“အေး ရှုံးရင် နိုင်တဲ့သရဲပိုင်ရှင်က တားထား ရတယ်။ (တော်ပြီ)၂ပေါ့ကွာ။ ဒါမှ လူထလို့ရတာ”

“အံ့ဩစရာပဲ”

“ရှုံးတဲ့သူက အမဲသားကျွေးရတယ်။ တစ်ခါ က မောင်နုဆိုတာ လက်မှာ အနာသေးသေးလေး အပ်ဖျားလောက် ရှိတယ်။ သူတို့သူငယ်ချင်းချင်း သရဲပြိုင်တာ မောင်နု ရှုံးသွားတယ်။ မောင်နုက အမဲသား မကျွေးနိုင်ဘူး။ ငွေလည်း မရှိဘူးပေါ့ကွာ။ မြင်လည်း မမြင်ရတော့ မကျွေးဘူးပေါ့။ နိုင်တဲ့သရဲ က သူ့ဆရာကို တောင်းတာပေါ့။ မောင်နုက မကျွေး ရင် မောင်နုလက်က အနာကို စားပေါ့လို့ ပြောလိုက် တာ …”

“ဟာ ဆက်ပြောပါဦး”

“မောင်နုလက်က အပ်ပေါက်လောက်ရှိတဲ့ အနာက အနာပဆုပ်လိုဖြစ်ပြီး လက်အကြီးကြီး ဖြစ် လာတယ်။ ဆေးရုံ၊ ဆေးခန်းတွေစုံနေပြီ။ ဘယ်လိုမှ ကုလို့မပျောက်ဘူး။ နောက် လက်ကြီးဖြတ်ပစ်ရတော့ မယ့် အခြေအနေ ရောက်လာတယ်”

“ဟာ တော်တော်ဆိုးတာပဲ”

“ဘယ်လိုမှ မပျောက်တော့မှ ဆရာစုဆီ ဆေးလာကုတယ်။ ဆရာစုက အမဲသား ကျွေးခိုင်း လိုက်တယ်။ သရဲက အမဲသားလည်း စားရရော။ ရောဂါ ချက်ချင်း ပျောက်သွားတာ”

“ဒီရွာဟာ သရဲတွေမွေးပြီး အောက်လမ်း ဆရာ ပေါက်စတွေ လုပ်နေကြတာပေါ့”

“ဟုတ်တယ် မောင်စိုင်းရ …။ အခုလည်း ဆရာစုကိုပင့်တာ သရဲကိစ္စပဲ။ မင်းလည်း သိရအောင် ခေါ်ခိုင်းလိုက်တာ”

“အခုကိစ္စလည်း ပြော ပါဦး”

“အခုလာပင့်တာက ကို လှဦးကိစ္စပဲ။ သူက သရဲမွေးပြီး လာတာ။ သရဲက အစားကြီးတော့ အမဲသား မကျွေးနိုင်ဘူး။ ငါ လည်း ဆင်းရဲတယ်။ မင်းတို့ကို ငါသပ်သပ် မကျွေးနိုင်ဘူး။ တစ် လတစ်ကြိမ် အိမ်မှာ အမဲသား ဝယ်ချက်စားတယ်။ ငါစားတဲ့ အ ခါကျမှ မင်းတို့လည်း စားလို့ပြော ပြီး မွေးလာတာ။ ကြာတော့ အ သက်အရွယ်ကရလာပြီ။ ဘာသာ ရေးကို စိတ်ဝင်စားလာတော့ သရဲ ကို မမွေးချင်ဘူး”

“သူ နှစ်ပေါင်းများစွာ မွေးလာတဲ့သရဲကို မမွေးချင်တော့ ဘူးဆိုတော့ နှင်ရတော့မှာပေါ့”

“ဟုတ်တယ်။ သရဲကို ခေါ်ပြီး ငါ မကျွေးနိုင်တော့ဘူး။ ငါ့ကိုလည်း သခင်လို့ သဘောမထားနဲ့။ မင်းတို့လည်း သွားချင်တဲ့နေရာ သွားကြလို့ ပြောတယ်”

“သရဲက စကားနားထောင်သလား?”

“ဘယ်နားထောင်မှာလဲ။ မိတ်ဆွေကနေ ရန်သူဖြစ်သွားတာပေါ့”

“ရန်သူဖြစ်တော့ ဘာလုပ်လဲ?”

“ပထမ မသွားဘူး။ ဘယ်မှမသွားဘူးဆိုပြီး ခြံထဲက သရက်ပင်ကို လှုပ်ခါချလိုက်တာ။ သီးနေတဲ့ သရက်သီးတွေ တစ်လုံးမှမကျန်ဘူး။ အကုန်မြေခ ကုန်တယ်။ နောက်တစ်ခါ ထပ်ပြောတယ်။ ငါ့နားမှာ မနေကြနဲ့။ သွားကြလို့ ပြောတော့ စိုက်ထားတဲ့ ကွမ်းရွက်တွေြွေကကျကုန်တယ်။ နောက်တစ်ခါ ထပ်နှင်တော့ အိမ်မှာမွေးထားတဲ့ကြက်ကို စားတော့ တာပဲ”

“ကြက်ကို ဘယ်လိုစားတာလဲ?”

“အိမ်ကကြက်တွေ သေကုန်တာပေါ့ကွာ။ သရဲက ကိုက်စားတာပေါ့ကွာ။ ဒါနဲ့ ကိုလှဦးက ဒေါသဖြစ်ပြီး ငါမွေးတဲ့သရဲက ငါခိုင်းတာလုပ်ရမှာ။ ခုတော့ ငါခိုင်းတာ မလုပ်တဲ့အပြင် ငါ့ကို ပြန်ခြောက် နေသေးတယ်။ တွေ့ကြသေးပေါ့ကွာဆိုပြီး ရွာဦး ကျောင်းကို သွားတယ်။ ဆရာတော် ငါးပါးပင့်တယ်။ အသံချဲ့စက်ငှားပြီး မိုက်နဲ့ ကမ္မဝါစာ ရွတ်စေတယ်”

“ကိုလှဦးက သူမွေးတဲ့သရဲကို ဘုန်းကြီး တွေကို နှင်ခိုင်းတာပေါ့”

“ဆက်ပြောပါဦး။ သရဲထွက်ပြေးသွား သလား”

“ဆရာတော် ငါးပါးရောက်လာပြီး အသံချဲ့ စက်လည်း ဖွင့်လိုက်ရော ဆရာတော်က ကမ္မဝါစာ မရွတ်ရသေးဘူး။ သရဲက စရွတ်တာ။ အသံသေး အသံကြောင်နဲ့ မိုက်ထဲမှာ စူးစူးဝါးဝါး အော်ဟစ်တော့ တာပဲ။ ဆရာတော် ငါးပါးလည်း စီးလာတဲ့ဖိနပ် တောင် မစီးနိုင်ဘူး။ ကျောင်းကို ပြန်ပြေးတော့တာပဲ”

“ဟာ ပွဲက ကြည့်မကောင်းဘူး”

“ဟုတ်တယ်။ ကမ္မဝါစာရွတ်လို့ မရဘူး။ သူ့ကို ဆရာတော်တွေ ပင့်ပြီး တကယ်နှင်တာလည်း သိရော သရဲက ရန်သူအဖြစ် သတ်မှတ်ပြီး အိမ်က နွားကြီး တစ်ကောင်ကို သတ်လိုက်တယ်။ နွားကြီး သေလို့ ခုနစ်ရက်ကြာတယ်။ နောက်ထပ် နွား တစ် ကောင် စားပြန်တယ်။ နွားတစ်ရှဉ်းလည်း ကုန်ပြီ။ သရဲက အားမရဘူး။ ခုနစ်ရက် ထပ်ကြာတော့ သူ့ သမီးလေးကို စားနေလို့ ဆုံးတော့တာပဲ။ နောက် ကိုလှဦးလည်း အိပ်ရာထဲမှာ လဲတော့တာပဲ”

“ဟာ ကြောက်စရာ ကောင်းတယ်။ ကိုယ် မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တယ်ဆိုတာ ဒါပဲ။ ဒါဆိုရင် အခြေအနေက သေးသေးလေး မဟုတ် ဘူး။ တိုက်ပွဲက တော်တော်ပြင်းထန်နေပြီ”

“ဟုတ်တယ်။ တစ်ရွာလုံးက ကိုလှဦးကို သနားနေကြတယ်။ ဒီတစ်ခါ သရဲစားမှာတော့ ကိုလှဦးပဲ။ ဒါကြောင့် ‘အပျိုကြီး ဒေါ်ဝိုင်းစိန်’က အကုန်အကျခံပြီး ဆေးကုပေးမှာ။ ဆရာစုကို ပင့်တာ လည်း ဒေါ်ဝိုင်းစိန်ပဲ။ သူက ကိုလှဦးကို သနားလို့ ဆေးကုပေးတာ”

“အေးဗျာ။ ဒီအဖြစ်အပျက်ကတော့ ကျွန် တော် တစ်ခါမှ မကြားမိဘူး။ တော်တော် စိတ်ဝင် စားစရာ ကောင်းတယ်။ ကျွန်တော်တို့ မနက်ဖြန် ဆရာစုနောက်ကို လိုက်သွားကြမယ်”

“ကောင်းပြီ။ မနက်ဖြန် ၇ နာရီ သွားမယ်”

ဤသို့ဖြင့် ကိုသိန်းရွှေတစ်ယောက် ပြန်သွား လေတော့သည်။ ကျွန်ုပ်လည်း စိတ်ဝင်စားစရာ ဝတ္ထုတစ်ပုဒ်ကို နားထောင်ရသလို ဇာတ်လမ်းထဲမှာ စီးဝင်မျောပါသွားလေသည်။ ပြန်စဉ်းစားသောအခါ သရဲတစ္ဆေ မြေဘုတ် ဘီလူး ဂန္ဓဗ္ဗ အစရှိသော နာနာဘာဝ ဝိနာဘာဝများသည် ပြိတ္တာများဖြစ်သည်။ သူတို့ကို လူ့အသိုင်းအဝိုင်းကြားမှာ ရောက်အောင် ဆရာများက စီစဉ်ကြသဖြင့် မဖြစ်သင့်တာတွေ ဖြစ်လာခြင်းဖြစ်၏။

ကိုလှဦးအသက်ကို ကယ်ဖို့ပဲရှိတော့တယ်။ ဒီတစ်ခါ ပွဲစဉ်ကတော့ ကိုလှဦးရဲ့သရဲနဲ့ ဆရာစုတို့၏ တိုက်ပွဲပင် ဖြစ်သည်။ ဒီတိုက်ပွဲရှုံးပါက ကိုလှဦး အသက်ဆုံးရှုံးရမည်ဖြစ်ပါသည်။ ငါတို့ ဆရာစုကော ဒီသရဲကို နိုင်ပါ့မလား စသည်ဖြင့် အတွေးအာရုံများ ဝင်လာပါသည်။ နောက်မှ မှေးခနဲ အိပ်ပျော်သွား ပါသည်။

_ _ _ _ _

နံနက် ၇ နာရီတွင် ကျွန်တော်နဲ့ကိုသိန်းရွှေ တို့ ပုသိမ်-ဒါးက ဂိတ်သို့ ရောက်လာကြသည်။ ကားမှာ သစ်သား ကိုယ်ထည်ဖြင့် ရှည်မျောမျော ဖြစ်သည်။ ခေါင်ပေါ်တွင် ကုန်ပစ္စည်းများအပြည့် တင်ဆောင်ထားသည်။ လူအပြည့် ကုန်အပြည့် တင် ဆောင်ထားသော လိုင်းကားကြီးသည် မကြာမီ ပုသိမ်မှ စထွက်သည်။ အပင်နှစ်ဆယ်ရွာ၊ ဒကုန်း ကြီးရွာ၊ ကံကြီးဒေါင့်ရွာတို့ကို အလှည့်ကျရပ်လိုက်၊ လူတွေဆင်းလိုက်၊ ကုန်တွေချလိုက်၊ ပြန်ထွက် လိုက်ဖြင့် မကြာမီ ဒါးကသို့ ရောက်လာပါသည်။ ဒါးကတွင် မီးရထားလမ်း ဖြတ်သန်းသွားသည်။ အိမ်မဲမြစ်ကို ကူးသော တံတားမှာ မီးရထားရော၊ ကားရော ပူးတွဲကူးဖြတ်ရသော တံတားဖြစ်သည်။

ဒါးက-အိမ်မဲ ကားလမ်းဆုံတွင် ကျွန်တော့် တို့နှစ်ယောက် ဆင်းကြသည်။ ဒါးကမှ ဆင်းခေါင်း ရွာသို့ ခြေကျင်သွားရသည်။

“ကဲ ကိုသိန်းရွှေ ဆင်ခေါင်းဆိုတာ ဘယ် ရွာလဲ လူတွေကို မမေးနဲ့။ ခင်ဗျား အစောင့်ကိုမေး”

ကျွန်တော်တို့လည်း ဆရာပေါက်စများဖြစ်၍ အထင်အမြင်တွေ၊ အာရုံတွေရကြသည်။ သူ့အစောင့် ကို မေး၍ လမ်းကြောင်းကို ရှာဖွေကြသည်။

“မောင်စိုင်း ဒီရွာပဲ။ ဒါ ‘ဆင်ခေါင်း’ရွာ ဖြစ်မယ်ထင်တယ်။ ဟုတ်/မဟုတ် မင်းပဲ အစောင့် ကို မေးကြည့်ကွာ”

ကျွန်ုပ်လည်း အစောင့်ကိုမေး၍ အာရုံခံလိုက် သောအခါ ကိုသိန်းရွှေပြသောဘက်နှင့် ဆန့်ကျင် ဘက် အရပ်ကို ပြလေသည်။ အရပ်မျက်နှာ ကွဲနေ သဖြင့် လူတွေကိုမေး၍ အဖြေထုတ်သောအခါ ကျွန်ုပ်ညွှန်ပြရာသည် ဆင်ခေါင်းရွာဖြစ်ကြောင်း သိရ လေတော့သည်။

ရွာနားသို့ ရောက်သောအခါ ရွာ သုံးရွာ ဖိုခုံလောက်ဆိုင် ဖြစ်နေသည်။ ဘယ်ရွာက ဆင်ခေါင်း ရွာလဲဆိုတာ သိဖို့လိုသည်။ ကျွန်ုပ်တို့နှစ်ယောက်က လူတွေကို မမေးဘဲ မိမိအစောင့်ကိုသာ မေး၍သွား ကြသည်။ ရွာအတည်ဖြစ်သောအခါ ကိုလှဦးအိမ်ကို ရှာကြသည်။ ရွာထဲကလူတွေကို မမေးဘဲ မိမိတို့ အစောင့်ကိုသာ မေး၍ သွားကြလေသည်။ တစ်ခါ တစ်ရံ ကိုသိန်းရွှေပြောတာ မှန်သလို တစ်ခါတစ်ရံ ကျွန်ုပ် ပြောတာ မှန်လေသည်။ ဆရာ အစွမ်းအစ ထုတ်၍ ခြေကျင်လိုက်လာတာ ကိုလှဦးအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြသည်။ ရွာ သားများမှ ခရီးဦးကြိုပြုကြသည်။ ဆရာစုကို ကန်တော့၍ နှုတ်ဆက်ကြသည်။

“ဆရာစု သားတို့ ရောက်ပါပြီခင်ဗျာ”

“အေး ကောင်းတယ်။ ငါ မင်းကို မျှော် နေတာ။ အင်းစာရွက်တွေရော ပါလား”

“ပါတယ် ဆရာစု”

“ဒါဆိုရင် ဒီည ဆေးကုရအောင်”

“ဟုတ်ကဲ့ ဆရာ”

ကျွန်ုပ်တို့ ခဏအနားယူသည်။ အပျိုကြီး ဒေါ်ဝိုင်းစိန် ဧည့်ခံသော ထမင်းကိုစားပြီး ရေနွေး ကြမ်းကိုသောက်ရင်း လူနာကို အကဲခတ်ရလေသည်။

ထမင်းစားပြီးနောက် ကျွန်ုပ်တို့သည် သာသနာ ပွဲများ၊ ဝိဇ္ဇာပွဲများကိုပြင်သည်။ ဘုရား ငါးဆူကို ပင့်သည်။ အလင်းတိုင်၊ အမွှေးတိုင်များကိုထွန်းညှိပြီး ကိုလှဦးကို ဘုရားစင်ရှေ့သို့ ခေါ်စေပါသည်။ ဆရာစု သည် ကြိမ်လုံးကို ကိုင်ထားသည်။ လူနာ ကိုလှဦး အား ဘုရားကို ကန်တော့ခိုင်းလိုက်သည်။ ထိုအချိန် တွင် ဆရာစုက –

“ငါ ဆရာပြောသမျှ စေခိုင်းသမျှ အောင် မြင်စေရမည်။ အထက်ဆရာကြီးများအမိန့်၊ ပေါက် ဆရာ (၁၉)ပါး၏ အမိန့်၊ လူနာရှင်၏ ပယောဂသည် လူနာအား ချက်ချင်း ဝင်စီးစေ”

ဟု အမိန့်ပေးလိုက်သည်။ လူနာသည် တုန် တုန်ယင်ယင်ဖြစ်လာပြီး လက်နှစ်ဖက်သည် ရင် ဘတ်သို့ အရှိန်ပြင်းစွာ ရိုတ်ခတ်လေသည်။ လူနာ အား သရဲဝင်ပူးလေသည်။ ကျွန်ုပ်အာရုံထဲတွင် ဝင်ပူး သောသရဲမှာ လူလေးယောက် လက်ချင်း ချိတ်မိဖို့ မလွယ်ပေ။ ထိုမျှကြီးသောသရဲကြီးကို အာရုံထဲတွင် တွေ့လိုက်ရသည်။

“ကဲ အခု ဝင်လာတာဘယ်သူလဲ? နှုတ်က ဖွင့်ပါ။ ငါဆရာ မပြောဘဲ ထွက်ခွာမသွားစေရ”

ဆရာစုသည် ဝင်လာသောသရဲကို ပြန် မထွက်စေရန် ချုပ်ထားလိုက်သည်။ ဤသို့ မချုပ် ပါက ‘ပယောဂ’က ဆရာကို ပညာစမ်းတာတွေ လည်း ရှိသည်။

“ကဲ ပြောနေတယ်။ နှုတ်ကဖွင့်။ မင်းကို ဒီမှာ ဆက်မထားနိုင်ဘူး”

“ငါ ဒီအိမ်က မဆင်းဘူး။ ငါ့ကို ဘယ်သူမှ နှင်လို့ မရဘူး”

“ဪ မင်းက ခေါင်းမာသေးတယ်။ ကဲကွာ ခေါင်းမာဦး”

ဆရာစုလက်ထဲက ကြိမ်လုံးဖြင့် သုံးချက် ဆက်ရိုက်လိုက်သည်။ သရဲ အတော်အထိနာ သွားသည်။

“ကြောက်ပါပြီဆရာရယ်။ ဆက်မရိုက်ပါနဲ့”

“ဒီကောင် ငါ့ကို အာခံတယ်။ ဒီကောင့်ကို ကြိုးပိုင်က ကြိုးနဲ့ တုပ်ထားစေ။ ဓားသိုင်း၊ တုတ် သိုင်းဆရာများက ဝိုင်းရံထားစေ”

လူနာ ကိုလှဦးမှာ လက်နောက်ပြန်၍ ကြိုး နှင့် ချည်ထားသလို မလှုပ်မယှက် နေရလေသည်။ သရဲကို ချုပ်ထားသောကြိုးကိုတော့ မမြင်ရချေ။

“ဆရာ့စကားကို နားထောင်ပါ့မယ်။ ဒါပေမဲ့ ဒီအတိုင်းတော့ မသွားနိုင်ဘူး”

“ဟုတ်ပြီ။ ဘာလိုချင်လို့လဲ?”

“ကျုပ်ကို ပင့်စဉ်က ဆရာသမားနဲ့ သေသေ ချာချာ အပ်ပေးတာ။ ကတိရှိတယ်။ ခိုင်းတာအကုန် လုပ်ပေးသလို ဝ၀လည်း ကျွေးရမယ်။ ခုတော့ ထမင်းမကျွေးတဲ့အပြင် နှင်တယ်”

“မင်းစားတာ နွား နှစ်ကောင်ကုန်ပြီ။ ဒီ့ထက် ကဲလာပြီ။ သမီးလေးကိုလည်း စားလိုက်တယ်။ အခု မင်းဆရာကို စားဖို့လုပ်တယ်။ ငါ ခွင့်မပြုနိုင်ဘူး”

“လွယ်လွယ်နဲ့တော့ မထွက်သွားနိုင်ဘူး”

“မသွားလို့မရဘူး။ သွားကို သွားရမယ်။ ဒါပေမဲ့ မင်းဆန္ဒကို လိုက်လျောတဲ့အနေနဲ့ မင်း လိုချင်တဲ့ အခွင့်ရေးကို တောင်းဆို”

“ဟုတ်ပြီ။ ဒါဆိုရင် ကြက်ဖိုကြက်မ ချက်ပြီး ကျွေးရမယ်”

“ရတယ်။ ကျွေးပေးမယ်”

“ဒီတိုင်းတော့ မစားဘူး။ စင်နိမ့်စင်မြင့်ပေါ် မှာ ငှက်ပျောဖက်ခင်းပြီး ကျွေးရမယ်။ ဒီစင်နိမ့် စင်မြင့်ကိုလည်း ရာဇမတ်ကာပေးရမယ်။ ထီးဖြူ ထီးနီ ဆောင်းပြီး သေသေချာချာ ကျွေးရမယ်”

“ဟေ့ကောင် အခွင့်အရေးရတာနဲ့ မတန် မရာ တောင်းလို့မရဘူး။ ကျန်တာ လုပ်ပေးလို့ရတယ်။ ထီးဖြူ ထီးနီဆိုတာ မြင့်မြတ်တဲ့ထီးတွေကွ။ ဒါတော့ လုပ်မပေးနိုင်ဘူး။ ကျန်တာတော့ လုပ်ပေးမယ်။ ဒါတောင် ငါစိတ်ကောင်းဝင်လို့ မင်း အခွင့်အရေး ရတာ”

“ဆရာ ထီးဖြူထီးနီတော့ ထည့်ပေးပါ။ ဆရာပြောတဲ့ ရွှေထီးပြောတာ မဟုတ်ပါဘူး။ စက္ကူအဖြူအနီ ထီးဆိုရင် ရပါတယ်”

“တော်တော်ကြီးကျယ်တဲ့ သရဲ။ သေရင် အဝီစိကျဦးမယ်။ ဒါတောင် မတန်မရာ တောင်းနေ သေးတယ်။ ကဲကွာ တောင်းဦး”ဟု ကြိမ်ဖြင့် သုံး ချက်ရိုက်ချလိုက်သည်။

“သေပါပြီဗျ။ ထီးမပါလည်း ရပါပြီဗျ။ ကျန် တာနဲ့ ကျွေးပါခင်ဗျာ”

“အေး ကောင်းပြီ။ မင်းဘက်က တောင်း ဆိုတဲ့ အခွင့်အရေး ငါပေးမယ်။ ငါကိုယ်တိုင် မင်းကို ကျွေးမယ်။ ကျေနပ်လား?”

“ဟုတ်ကဲ့ ကျေနပ်ပါတယ်”

“မင်းဘက်က အခွင့်အရေးတောင်းဆိုသလို လိုက်နာရမယ့် တာဝန်လည်း ရှိတယ်”

“ဘာတာဝန်တွေလဲ?”

“နောက်ထပ် ဒီအိမ် ဒီဝိုင်း ဒီရွာ ဒီနယ်မှာ မနေရ။ အပြီးတိုင် ထွက်ခွာသွားရမယ်။ ကာယကံရှင် ကိုလှဦး ကိုလည်း ရန်မပြုရ။ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်စေရမယ်။ မည်သူ့ကိုမှ ဒုက္ခမပေးရ”

“ဟုတ်ကဲ့။ ကျွေးတာစားပြီးရင် ဒီကနေ ကောင်းကောင်းမွန်မွန် ထွက်ခွာသွားမှာပါ”

“အေး ကောင်းပြီ။ ညနေ ၆ နာရီတိတိ ငါ မင်းကို စကျွေးမယ်။ မင်းဘက်က ကတိတည်ပါစေ”

ဘုရားစင်ရှေ့တွင် ဆရာစုနှင့်သရဲတို့ အပေး အယူ တည့်သွားလေသည်။ သရဲလည်း တောင်းတာ ရသဖြင့် ကျေကျေနပ်နပ်ဖြင့် ထွက်သွားလေသည်။ ကိုလှဦးလည်း ဘုရားကိုဦးတိုက်၍ လူ့အသိများ ပြန်ဝင်လာတော့သည်။ ကျွန်ုပ်တို့သည် မကြားဘူး၊ မမြင်ဘူး၊ မတွေ့ဘူးသော ဒီအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံရလေသည်။

“မောင်စိုင်း …ဒီဘုရားစင်ရှေ့မှာ အင်း ဆွဲထား”

“ဟုတ်ကဲ့ အဘ။ ဘာအင်းတွေ ဆွဲရမှာလဲ”

“သုံးကွက်အင်း၊ ကိုးကွက်အင်း၊ စမအင်း၊ သိုင်းကျိုးအင်းတွေနဲ့ ဘုရားအင်းတွေ ဆွဲထား”

“ဟုတ်ကဲ့ ဆရာ”

ကျွန်ုပ်သည် ဒီညဆေးကုပွဲအတွက် ဆရာစု စေခိုင်းရာ အင်းများကို စတင်ရေးဆွဲလေသည်။ အင်းမှာ အထွက်ရေးဆွဲခြင်း၊ အင်းဆံထည့်ခြင်း၊ အင်းအသက်သွင်းခြင်းဟူ၍ သုံးဆင့်ရှိပါသည်။ ဆရာစုတို့သည် ရွာသားများနှင့် တိုင်ပင်ပြီး ဝါးများ ကို ခုတ်စေ၏။ ဝါးများရောက်လာသောအခါ ခွဲစိတ်ပြီး နှီးများထွက်လာသည်။ နှီးများ၊ ဝါးခြမ်းများဖြင့် ရာဇမတ် သုံးခုကို ရက်စေသည်။ ရာဇမတ် သုံးချပ်ကို ကာရံပြီး အလယ်တွင် ဝါးခြမ်းဖြင့် စင်ဆောက်သည်။ စင်အမြင့် တစ်ခုဘေးတွင် စင်အနိမ့် နှစ်ခု ဆောက် လုပ်ထားသဖြင့် စင်သုံးခု ဖြစ်ပေါ်လာသည်။ ထိုစင် ကို ငှက်ပျော်ဖက် ခင်းပြီး သရဲကျွေးရန် အသင့် ပြင်ဆင်ထားသည်။ စက္ကူအဖြူ၊ အနီကိုခေါက်ပြီး အလယ်တွင် ဝါးဖြင်ချည်ထားသဖြင့် စက္ကူအတွန့် များ ဝိုင်းသွားသဖြင့် ထီးသဏ္ဌာန်ဖြစ်ပေါ်လာသည်။ ထိုစက္ကူအဖြူအနီ စက္ကူလျှာများကို ပြုလုပ်စေပြီး ရာဇမတ်ကွက်တွင် စိုက်ထူထားလေသည်။ သရဲ ထွက်ခွာမည့်အရေးကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်း နားနား လုပ်ပေးရလေသည်။

လူလိုပြောရင် သာမန်တော့ ငါ မထွက်ပေး နိုင်ဘူး။ ကြီးကြီးကျယ်ကျယ် အပူဇော်ခံပြီး မင်းခမ်း မင်းနားနဲ့ ထွက်ခွာမှာဟု ဆိုရပေမည်။ သရဲကျတော့ အဆင့်မြင့်ဖြင့် စင်နိမ့်စင်မြင့်နဲ့စားသည်။ ထီးဖြူ ထီးနီဖြင့် ခမ်းခမ်းနားနား ထွက်ခွာမည်ဖြစ်သည်။

ညနေ ၆ နာရီသို့ ရောက်ရှိလာပါသည်။ လူအများ မျှော်လင့်နေသော သရဲထွက်ပွဲကို တစ်ရွာ လုံး လာရောက် ကြည့်ရှုကြလေသည်။ ဆရာစု၏ အောင်ပွဲကို လာရောက်ချီးမြှင့်ခြင်းဟု ဆိုရပေမည်။ ရာဇမတ်ကာထားသော နှစ်ပေခန့် အမြင့်ရှိ စင် သုံးခုပေါ်သို့ ဆီဖြင့် သေသေချာချာ ချက်ပြုတ်ထား သော ကြက်ဖိုကြက်မ၏ အသားများကို ထမင်းပုံ ပေါ်သို့ တင်ကြလေသည်။ သုံးပုံ ညီညီပုံစေပြီး မြေကြီးပေါ်တွင် ဖယောင်းတိုင်၊ အမွှေးတိုင်မီးကို ထွန်းညှိလေသည်။

ဆရာစုသည် ဝတ်ဖြူစင်ကြယ်ကို ဝတ်ဆင် ထားသည်။ ကြိမ်တစ်ချောင်းကို ကိုင်ပြီး လူနာ ကိုလှဦးကို ခေါ်စေသည်။ သရဲစားရန်စီစဉ်ထားသော ရာဇမတ်ကာရံထားရာ ရှေ့အပေါက်သို့ ရောက်သော အခါ ကိုလှဦးကို ကိုင်ထားသည်။

“ကဲ လှဦးကို ဝင်ပူးပြီး မင်းစားချင်တာ အားရပါးရစားစေ”

“လှဦး၏ခန္ဓာကိုယ်ကို မထိခိုက်စေရ။ သင် တောင်းဆိုသောပုံစံဖြင့် ငါဝအောင်ကျွေးပြီ။ အားရ ပါးရ စားစေ”

“ငါဆရာ ခေါ်တိုင်းလာ။ ဝင်ဆိုဝင် ထွက်ဆို ထွက်။ ငါဆရာ အာဏာတည်စေရမည်”

“မကြာမီ ကိုလှဦးတစ်ယောက် တုန်တုန် ယင်ယင် ဖြစ်လာသည်။ ခြေထောက်တွေ ကြွလာပြီး ခြေဖနောင့်နှစ်ခုသည် မဟာပထဝီမြေကြီးကို  စည်း ချက်ကျကျ တစ်ဖက်ပြီးတစ်ဖက် ပေါက်နေလေ တော့သည်။ ရွာအလယ်မှ သရဲ၏ခြေပေါက်သံ သည် တဒိန်းဒိန်းတုန်ဟီးပြီး မြေငလျင်လှုပ်သလို ရိုက်ခတ်နေလေတော့သည်။ သရဲက အသားတွေကို စားနေခြင်း ဖြစ်သည်။ ကျွန်တော်တို့အမြင်မှာတော့ ခုန်နေတာပဲ တွေ့ရလေသည်။ ကြက်သားတွေ၊ ထမင်းတွေ ဘာမှကုန်မသွား၊ လျော့မသွားပါ။ ၁၀ မိနစ်ခန့်စားပြီး ဝသောအခါ အခုန်ရပ်သွားသည်။ နောက်ဘက်သို့ လှည့်ပြီး အပေါက်ဘက်သို့ မျက်နှာ မူလေတော့သည်။

“ကဲ မင်းဝအောင်စားပြီးပြီ။ မင်းဆန္ဒတွေ ပြည့်ပြီ။ ဒီအပေါက် ဒီလမ်းအတိုင်း မင်းထွက်သွား တော့။ ကာယကံရှင် လှဦးကို မထိခိုက်စေရ။ ကဲ ပရိသတ်တွေ လမ်းဖွင့်ပေးလိုက်ပါ”

လူအုပ်ကြီးသည် သရဲသွားရာလမ်းကို ဖွင့် ပေး ကြလေသည်။ ကိုလှဦးမှခွာပြီး လမ်းအတိုင်း ရွာပြင်သို့ ထွက်ခွာ သွားလေသည်။ စင်ကို ဝါးချောင်း ဖြင့် ပိတ်ထားလိုက်လေသည်။ နံနက် မိုးလင်းသည် အထိ မည်သည့်ခွေးတစ်ကောင်မှ ဝင်၍ စားခြင်း မရှိပေ။ ကြက်များ နံနက် နိုးလာသောအခါ အစာရှာ ကြသည်။ ရာဇမတ်ကွက်ထဲရှိ ထမင်းလုံးကို စားချင်၍ ပတ်ချာလှည့်နေသည်။ ဝင်လို့မရပေ။ ဆရာစု ဖွင့် ပေးမှ တံခါးပွင့်၍ ကြက်များ၊ ခွေးများ စားလို့ ရပေသည်။

သရဲထွက်သွား၍ သတိရလာသော ကိုလှဦး ကို အိမ်ပေါ်သို့ခေါ်စေသည်။ ဘုရားစင်ရှေ့တွင် အင်း များ ပြာချ၍ ရေဖြင့်သောက်စေသည်။ အရက် မသောက်ရ၊ သူများ သားမယားများ မပြစ်မှားရဟူ သော ကံနှစ်ပါးကို စောင့်ထိန်းရန် ကတိပေးရလေ သည်။ ဘုရားငါးဆူဂိုဏ်းသို့ ဝင်ချင်သော တပည့် များကိုလည်း အသင်းဝင်အဖြစ် လက်ခံပြီး အင်းများ ရေဖျော်၍ သောက်စေသည်။ ဆေးများကို ခေါင်းမှာ ထိုးစေသည်။

ထိုသို့ အသင်းဝင်စာရင်းများ အတည်ပြုပြီး သောအခါ ဆေးသောက်ထားသော ရွာသားများ သိုင်းအကဖြင့် ‘က’လေတော့သည်။ ရှေ့ကျွမ်း နောက်ကျွမ်းထိုးလေတော့သည်။ ဦးသိန်းရွှေကို မေးကြည့်သောအခါ ထိုရွာသားများ သိုင်းမတတ်ပါ။ ရှေ့နောက် ကျွမ်းမထိုးတတ်ပါ။ ဆေးထိုးဆေးစားပြီး အသင်းဝင်ဖြစ်မှ ဆေးအစွမ်းပြခြင်ဖြစ်ကြောင်း သိရ လေသည်။ တချို့က လူတွေနားမလည်သော ကုလား စကားများ ပြောလေတော့သည်။ တချို့က တရုတ် လို ပြောသည်။ ထိုသူများစကားကို ဆရာစု တစ် ယောက်သာ ဘာသာပြန်၍ရသည်။ အခြားသူများ မည်သူမျှ မသိကြပေ။ အပျိုကြီး ဒေါ်ဝိုင်းစိန်က ပြုံးပြုံး ပြုံးပြုံးနှင့် ဝမ်းသာနေလေသည်။ ဆရာစုကို ကပ်ပြီး လူနာအခြေအနေ မေးကြည့်ရာ –

“လူနာက အားလုံးကောင်းသွားပြီ။ သရဲ လည်း မရှိတော့ဘူး။ ထွက်သွားပြီ။ ဒေါ်ဝိုင်းစိန် ပြုတဲ့ ဒါန ကုသိုလ်ဟာ လူ့အသက်တစ်ချောင်းကို ကယ်လိုက်တာပဲ။ လှဦးရဲ့ အသက်သခင် ကျေးဇူး ရှင်ပဲ”

“ဟုတ်ကဲ့ဆရာ …ဝမ်းသာပါတယ်။ ဒီမှာ ရွာသားတွေ မြူးထူးပျော်ပါးနေတာက?…”

“ဒါက ဝိဇ္ဇာနွယ်ဝင် သိုင်းကျိုး ဝင်နေတာ။ သူတို့တွေ မြူးပျော်နေတာဟာ ဆရာဘက်က အနိုင် ရတယ်ဆိုတဲ့ သင်္ကေတ တစ်ခုပေါ့”

“ကျေးဇူးတင်ပါတယ်ဆရာ။ လောကမှာ သရဲကိုနိုင်တဲ့ ဆရာစုကို ကျွန်မနဲ့တကွ တစ်ရွာလုံး က ကန်တော့ပါတယ်။ ကျေးဇူးတင်ပါတယ်”

ည ၉ နာရီမှ ဆေးကုပွဲ ပြီးလေသည်။ တစ်ရွာလုံးလည်း ပြုံးပျော်ရွှင်ကြသည်။ ဆရာအဖွဲ့ကို အားလုံးဝိုင်း၍ ကျေးဇူးတင်ကြလေသည်။ ကျွန် တော်လည်း ဘဝတစ်သက်တွင် တစ်ခါမှ မကြုံဘူး၊ မတွေ့ဘူးသော အဖြစ်ဆန်းကို ရင်ထဲဝယ် မှတ်တမ်း တင်ထားလေသည်။ နံနက် မိုးလင်းသောအခါ ဆရာစုနှင့် အဖွဲ့ကို ဒါးကမြို့ထိ လှည်းဖြင့် လိုက်ပို့ ကြသည်။ တစ်ရွာလုံး နှုတ်ဆက်လိုက်ကြတာ။ မမောနိုင် မပမ်းနိုင်ပါဘဲ ဝမ်းသာမှုကိုယ်စီဖြင့် လက် ပြနေကြသည်။

ဤပညာရပ်သည် အနောက်တိုင်း ဆေး ပညာဖြင့် ကုသ၍မရသောရောဂါကို ပျောက်အောင် ကုသပေးသော တိုင်းရင်းဆေးကုနည်းတစ်ခု ဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါသည်။

 

အဏ္ဏဝါလှိုင်း

Comments

comments

Post Author: manawmaya