ကျွန်ုပ်နှင့် တာဝေးပြေးလမ်းအပြေးသမားများ

ယခုနှစ် ၂၀၁၈ ခုနှစ်အတွင်း၌ ကျွန်ုပ်နှင့် ပတ်သက်သိကျွမ်းခင်မင်ရင်းနှီးသူများနှင့် ဆွေမျိုး သားချင်းတို့ကွယ်လွန်အနိစ္စ ရောက်ကြသူများသော နှစ်ပင်ဖြစ်လေသည်။ အချို့မှာ ထင်မှတ်မထားခြင်း ရှိဘဲလျက် ကွယ်လွန်ကြ၍ အချို့မှာ ရောဂါပြင်းထန်ရင့်မှည့်ကွယ်လွန်ကြခြင်းများကို တွေ့ရသည်။ တချို့မှာ သက်တမ်းကြီးရင့်အိုမင်းမစွမ်းဖြစ်၍ သက်တမ်းစေ့ကုန်ပြီး သေဆုံးကွယ်လွန်ကြလေသည်။ ထိုအခါ ကျွန်ုပ်၏စိတ်တွင် ငါသည်လည်း အသက်အားဖြင့် ခြောက်ဆယ်စွန်းချေပြီ။ ငါ၏ ဘဝသက်တမ်းသည်လည်း များများစားစားအချိန်မကျန်တော့ ဟူ၍ သတိပြုမိလေသည်။

ဒီနှစ်ထဲတွင် ဇနီးသည်၏ အမဝမ်းကွဲ ကျွန်ုပ် မရီးဖြစ်သူ၏ နာရေးပင်ဖြစ်သည်။ အသက်အားဖြင့် ၆၆ နှစ်ဖြစ်သည်။ နောက်ယောက္ခထီး၏ နာရေးဖြစ်သည်။ ၉၁ နှစ်။ နောက်မိတ်ဆွေတစ်ဦး၏ အက်စီး ဒင့်နာရေးဖြစ်သည် အသက် ၆၁ နှစ်။ နောက်မိတ်ဆွေ အမျိုးသမီးတစ်ဦး၏ နာတာရှည်ရောဂါဖြင့် နာရေး ဖြစ်သည်။ သူမသည်လည်း အသက် ၆၁ နှစ်။ ထိုသို့ အသက်တူ၊ ရွယ်တူများ၏ နာရေးသတင်းများကို သတိထားကြည့်မိလာသောအယခါ ကျွန်ုပ်၏ စိတ်တွင် မရဏနုဿတိလိုလို၊ သံဝေဂတရားလိုလို ခံစား မိသည်။ ထို့နောက် အိမ်နီးနားချင်း သက်ကြီးရွယ်အို၊ အဘိုး ၈၄ နှစ်၊ အမယ်အို ၉၁ နှစ်တို့အရေး ဖြစ်ပြန်သည်။ ယခုစာမူရေးနေစဉ် အချိန်တွင်၌ပင် ညီအစ်ကိုတမျှ ချစ်ခင်ရသော မိတ်ဆွေတစ်ဦး၏ နာရေးက ရှိနေပြန်၏။ အသက်မှာ ၆၇ နှစ် ဖြစ်လေသည်။

ကျွန်ုပ်သည် ဟိုးစဉ်အခါ၌ နာရေးကိစ္စများကို လူမှုရေးအရသွားရောက်ခဲ့သော်လည်း ကွယ်လွန်သေဆုံးသူ၏ အသက်အရွယ်များကို မစေ့ခဲ့ချေ။ ယခုအချိန်တွင် ကျွန်ုပ်သည် နာရေးသတင်းများ ကြားသိလိုက်ရသည်နှင့် ကွယ်လွန်သူ၏ အသက်အား လွန်စွာမှပင်သိချင်နေတတ်ခဲ့တော့သည်။ သတင်းစာများတွင်ထည့်သွင်းဖော်ပြလေ့ရှိသော နာရေးသတင်းများကို ဖတ်ရှုကြည့်ရာတွင်လည်း သေဆုံးသူတို့၏ အသက်ကိုဖြင့် အဓိကထား၍ ဖတ်ရှုကြည့်မိနေ၏။ ထိုအခါ ကျွန်ုပ်၏ စိတ်တွင် ငယ်ရွယ် စဉ်အခါက တာဝေးအပြေးပြိုင်ခဲ့ရခြင်းများကို ထင်ထင်လင်းလင်းပြန်မြင်လာတော့သည်။

ကျွန်ုပ်အသက် ဆယ့်လေးငါးနှစ်သားအရွယ်တွင် မီတာတစ်သောင်းမာရသွန်အပြေးပြိုင်ပွဲသို့ ဝင်  ရောက်ယှဉ်ပြိုင်ခဲ့ဖူးလေသည်။ ဒီဇင်ဘာလ၏ နံနက်ခင်း၊ နှင်းထူထူ၊ အမှောင်ထုထဲတွင် တာလွှတ်သည့် မြို့တစ်နေရာ၏ တာလွှတ်ဒိုင်၏ ဒိုင်းကနဲသေနတ် သံနှင့်အတူ သူ့ကိုယ်မသိ၊ ကိုယ်သူမသိနှင့် သတ် မှတ်ထားသော ပန်းဝင်မြို့တစ်နေရာဆီသို့ ဦးတည်ပြေးကြရသည်။ နံနက်ခင်း၏ ရောင်နီပြူစ အချိန် တွင် ကိုယ့်နှင့်ယှဉ်ပြေးနေကြသော၊ ရှေ့နောက်ဝဲယာမှာ ပြေးဖော်၊ ပြေးဖက်များကို တစတစ မသဲမကွဲ မြင်ရစပြုလာ၏။ ထို့နောက် တဖြည်းဖြည်းဖြင့် နေခြည်တန်းများဖြာကျ၍ အလင်းရောင်ရလာသောအခါ တစ်ဦးကိုတစ်ဦး သဲသဲကွဲကွဲ မြင်တွေ့ကြရလေတော့သည်။

ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဦးတည်ရာမြို့သို့ အပြေးလွှားလာခဲ့ကြရာ ကျွန်ုပ်သည် ဘေးချင်းယှဉ်ထားသူများကို ထားခဲ့၍ ရှေ့မှလူကို အမှီလိုက်ခြင်း၊ ကျွန်ုပ်ကိုလည်း နောက်မှ အမီလိုက်နေသူများ ရှိနေခြင်း၊ ဟိုးရှေ့ဆုံးတွင် ရောက်ရှိနေသူများသတင်း ကိုလည်း ကြားနေရခြင်း၊ နောက်ဆုံးတွင် ကျန်ရှိ နေသူရှိနေခြင်းများကို သတိထားမိလေသည်။ အချို့ သူများသည် လမ်းထက်ဝက်မှာပင် အကြောင်း အမျိုး မျိုးကြောင့် ပြိုင်ပွဲမှ ထွက်ခွာရပ်နားသွားကြသည်။ အချို့မှာဖြင့် သတ်မှတ်ထားသည့်နောက်ဆုံးနေရာအထိ ဇွဲနဘဲနှင့် ပြေးနေကြတုန်း ဖြစ်လေသည်။

ကျွန်ုပ်သည် ထိုကဲ့သို့ဖြင့် လူ့ဘဝသက်တမ်း   အား တစ်ဆင့်ထက်တစ်ဆင့် တစ်စက္ကန့်၊ တစ်မိနစ်၊   တစ်နာရီ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်စသည်ဖြင့် မာရသွန်ပြေးနေရသော ခြေလှမ်းများကဲ့သို့ လှမ်းပြေးနေသော တစ်လှမ်းချင်း တစ်လှမ်းချင်းရွေ့လျား  နေမှုကို အစားထိုးခံစားနှိုင်းယှဉ်နေမိသည်။ ယခု လောလောဆယ်အချိန်တွင် ကျွန်ုပ်၏ရှေ့မှ အသက်အားဖြင့် ၆ နှစ်စော၍လူ့ဘဝ လျှောက်လှမ်းနေသော ညီအစ်ကိုတစ်မျှ မိတ်ဆွေသည် တာဝေးလမ်းကြောင်းမှ ထွက်ခွာရပ်နားသွားချေပြီ။ ကျွန်ုပ်မှာမူ   ယခုအချိန်အထိ ပြေးနေနိုင်တုန်းပင် ဖြစ်လေသည်။  ကျွန်ုပ်နှင့် သက်တူရွယ်တူ အထက်တွင် ဖော်ပြ ခဲ့သော မိတ်ဆွေအမျိုးသားနှင့် မိတ်ဆွေအမျိုးသမီးတို့မှာ ကျွန်ုပ်နှင့် ယှဉ်ပြေးနေရင်းမှပင် ပြေးလမ်းမှ ထွက်ခွာရပ်နားခဲ့ကြရ၏။ ကျွန်ုပ်သည် ဘယ်အချိန် ကာလတွင် မာရသွန်တာဝေးလမ်းကြောင်းမှ ထွက်ခွာသွားပါမည်နည်း။ သို့မဟုတ် ကျွန်ုပ်တို့ကို သတ်မှတ်ပေးထားသော ပန်းဝင်မည့်နေရာအထိ ဇွဲ ဆုချိတ်နိုင်ပါမည်လော။ ကျွန်ုပ်ကိုယ်တိုင်ပင် မသိ ဖြစ်နေလေတော့သည်။ ယခုအခါ ကျွန်ုပ်၏ ညီအစ်ကိုတစ်မျှ မိတ်ဆွေသည် အချိန်ကာလအားဖြင့် တွက်လျှင် ကျွန်ုပ်၏ ရှေ့ခြောက်နှစ်တာနှင့် ခြေလှမ်းဖြင့် တွက်ယှဉ်ဥပမာပြရလျှင် ခြောက်လှမ်းမျှ ရောက်နှင့်ပြီးမှ တာဝေးလမ်းကြောင်းပေါ်မှ ထွက် ခွာရပ်နားသွားချေပြီ။ ကျွန်ုပ်သည် သူထွက်ခွာသွား သည့်နေရာနှင့် သူထွက်ခွာသွားသည့်အချိန်မျှထိ ကျွန်ုပ်၏ ခြေလှမ်းတို့လှမ်းနိုင်ပါမည်လော ကျွန်ုပ် မသိ။ ကျွန်ုပ်သည် ယခုအချိန်တွင် လေးလံနေသော ခြေလှမ်းများကိုလှမ်းလျက်၊ လေးတွဲထိုင်းမှိုင်းစွာ တာဝေးလမ်းကြောင်းပေါ်တွင်မှာဖြင့် ရှိနေသေး သည်။

ကျွန်ုပ်ကို တစ်စုံတစ်ယောက်သောသူက “ကဲ ခင်ဗျားခုရောက်နေတဲ့ တာဝေးမာရသွန်လမ်း ကြောင်ပေါ်မှ ရှေ့လျောက် ဘယ်အချိန်၊ ဘယ်နေ ရာအထိလှမ်းရမည်ကို မသိရှိတာတော့ဟုတ်ပါပြီ။ အကယ်၍များ ကံကြမ္မာအရ ခင်ဗျားခုချက်ချင်းများ ရှေ့ဆက်မလှမ်းနိုင်တော့ဘဲ ပြေးလမ်းကြောင်းပေါ် မှ ထွက်ခွာရပ်နားခဲ့ရလျှင်လည်းကောင်း၊ ရှေ့မှ ပုဂ္ဂိုလ် များကဲ့သို့ ၆၄၊ ၆၆၊ ၆၇၊ ၈၄၊ ၉၁ အထိ လျှောက် လှမ်းခွင့်ရလျှင်လည်းကောင်း၊ ခင်ဗျားပြေးလမ်းပေါ် မှ မထွက်ခင်၊ မည်သည့်စိတ်၊ မည်သည့်ရည်ရွယ် ချက်များဖြင့် ရှေ့ဆက်နေပါဦးမည်နည်း”ဟု မေးခဲ့ သည်ရှိသော်၊ ကျွန်ုပ်အတွက် အဖြေရှိထားဖို့ လိုအပ် လေပြီ။

ကျွန်ုပ်တွေးချင့်မိသရွေ့မှာဖြင့် ဘဝဟုစတင် ရရှိလာခဲ့သည်မှစ၍ ကျွန်ုပ်၏ တာဝေးပြေးလမ်းပေါ် တွင် ပြေးလာမိခဲ့ရာ။ အချို့အချိန်များတွင် မောရပန်း ရမှန်းမသိ ပျော်ရွှင်ကြည်နူးခဲ့ရပြီ။ အချို့အချိန်များ တွင် ပူဆွေးသောက ဗျာပါဒများဖြစ်အောင်ပင် မော ဟိုက်ပင်ပန်းလွန်းချေသည်။ အချို့နေရာများ၊ အချိန် ကာလများတွင် မမောမပန်းပျော်ရွှင် ကြည်နူးရသည် လည်းမဟုတ်။ မောဟိုက်ပင်ပန်း သောကရောက်ခဲ့ရ သည်လည်းမဟုတ်။ ဘာမသိ၊ ညာမသိဖြင့် တာဝေး လမ်းကြောင်းကြီးပေါ်တွင် တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဖြတ်သန်းနေမိလေသည်။ သေသေချာချာတွေးဆ ကြည့်မိပြန်သောအခါ ကျွန်ုပ်သည် မွေးရာပါ ခန္ဓာ၏ ဝန်ထုတ်၊ ဝန်ပိုးကြီးကို ထမ်းပိုးပြေးနေရရုံမက၊ လောဘ၊ ဒေါသ၊ မောဟ၊ မာနတို့ကိုပါ သယ်ပိုးပြေး နေရမှန်း သတိထားမိလာ၏။ ကျွန်ုပ် မမောမပန်း ပျော်ရွှင်နေချိန်များသည် ကျွန်ုပ်၏ လောဘအတိုင်း လိုအင်ဆန္ဒများပြည့်နေသဖြင့် မောရမှန်းပမ်းရမှန်း မသိ ကြည်နူးခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်မောဟိုက် နွမ်းလျပင်ပန်းညည်းညူနေချိန်များသည် ကျွန်ုပ်၏ လောဘသည် ကျွန်ုပ်၏ဆန္ဒကိုဖြည့်စွမ်းပေးနိုင်ခြင်း မရြှိုဖစ်ပြီး ဒေါသများဖြစ်နေသော အချိန်ပင်ဖြစ်လေ ၏။ တစ်ခါတစ်ရံ၌ လောဘဖြစ်လို့ဖြစ်မှန်းမသိ၊ ဒေါသဖြစ်၍ဖြစ်မှန်း မသိလိုက်သော မောဟ၊ မာန များကို ထမ်းပိုးရင်း  ဖြတ်သန်းနေချိန်များလည်း ရှိခဲ့ကြောင်းသိရလေသည်။ သို့ရာတွင် ကံကြောင့် ထမ်းပိုးထားရသော ခန္ဓာဝန်ထုတ်၊ ဝန်ပိုးကြီးကိုဖြင့် ကျွန်ုပ်၏ ပင်ပန်းမှုသက်သာစေလိုခြင်းငှာ ပစ်ချထား၍ မရနိုင်ချေ။ သို့သော် ကျွန်ုပ်၏မသိစိတ်ဖြင့် ထမ်းပိုး သယ်ယူနေသော လောဘ၊ ဒေါသ၊ မောဟ၊ မာန ဝန်ထုတ်ဝန်ပိုးများကိုဖြင့် ဂဃ၊ နဏသိရှိအောင် ကြိုးစားရပေမည်။ သို့မှသာ ကျွန်ုပ်အတွက် မလိုလား အပ်သော လောဘ တရားများ၊ ဒေါသတရားများ၊ မောဟတရားများ၊ မာနတရားများနှင့် တူညီသော ဝန်ထုတ်၊ ဝန်ပိုးများကို လျှော့ချနိုင်ပေမည်။ ကျွန်ုပ် သည် ထို မလိုလားအပ်သော ဝန်ထုတ်၊ ဝန်ပိုးများကို လျှော့ချနိုင်သည်ထက် လျှော့ချနိုင်လေ ကျွန်ုပ်၏ တာဝေးခရီးကို သက်တောင့်သက်တာ ဖြတ်သန်းနိုင် လေလေ ဟူ၍ ယူဆမိပါ၏။ အန္တိမနောက်ဆုံးတွင် အနှီ၊ လောဘ၊ ဒေါသ၊ မောဟ၊ မာနဝန်ထုတ်ဝန်ပိုး များသာမက ကျွန်ုပ်တို့၏ ကံကြောင့်ရရှိလာခဲ့သော ခန္ဓာဝန်ထုတ်ဝန်ပိုးကြီးကို ပစ်ချထားနိုင်ခဲ့လျှင်ဖြင့် ကျွန်ုပ်တို့ ဦးတည်ရည်မှန်းပြေးနေသော ပန်းတိုင်ကို ပေါ့ပေါ့ပါးပါး ဝင်ရောက်ပေလိမ့်ချေမည်။

သို့ဖြစ်၍ ကျွန်ုပ်တို့သည် တာဝေးပြေးလမ်း ပေါ်တွင် ဆက်လက်ဖြတ်သန်းခွင့် ရနေသေးပါမူ ကျွန်ုပ်တို့၏ စိတ်နှင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်၌  ကျွန်ုပ်တို့ သယ်ပိုးထားသော မလွဲသာမရှောင်သာ ဝန်ထုတ်ဝန်ပိုးများကို သေသေချာချာခွဲခြမ်းစိတ်ဖြာ ပြီး၊ မလိုလားအပ်သော ဝန်ပို၊ ဝန်လျှံများကို ပစ်ချ ထားနိုင်လေလေ၊ ပန်းတိုင်သို့ ပေါ့ပေါ့ပါးပါး လျင် မြန်စွာရောက်ရှိနိုင်လေဟူ၍ လက်ခံဆုံးဖြတ်ထားရ ပေလိမ့်မည်။ ထိုအချက်သည်ပင် အထက်ပါ တစ်စုံ တစ်ယောက်၏ မေးခွန်းအတွက်အဖြေပင် ဖြစ်ချေ တော့သည်။

ကျွန်ုပ်နှင့် တာဝေးပြေးလမ်း၊ အပြေးသမား များတွင် အချို့သည် ကံဖြင့်ပြေးလမ်းမဟုတ်ဘဲ လျက် ဥာဏ်ဖြင့်ပြေးနေသူများလည်း ရှိနေပါသည်။    ကျွန်ုပ်၏ ဥပမာပေးဖော်ပြခြင်းများသည် ကံဖြင့် ပြေးနေရခြင်းအပေါ်၌သာ ရည်ရွယ်ဖော်ပြထားခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ ပြေးလမ်းကြောင်းမှ စောစောထွက်၍ ကံဖြင့်ဆက်မပြေးဘဲလျက် ဥာဏ် ဖြင့်ဆက်လက်ပြေးနေသူများလည်းရှိနေနှင့်၏။ ထို သူတို့မှာ ကံကြောင့်ရရှိထားသော ခန္ဓာဝန်များကို ပစ်ချထားခဲ့ခြင်းကိုသာ မြင်တွေ့နိုင်ရပြီ။ ဥာဏ်ဖြင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဝန်ထုတ်များကို လျှော့ချဖြတ်သန်းသွားနိုင်မှုများကို ခန့်မှန်းရန် ခက် လေသည်။ မည်သို့ပင်ဆိုစေ၊ ကျွန်ုပ်တို့၏ လောဘ၊ ဒေါသ၊ မောဟ၊ မာနဝန်များကို လျှော့နိုင်သမျှ လျော့ချ၍ ဖြတ်သန်းရင်းဖြင့်။

ချမ်းသာခြင်းကိုရကြပါစေ။

 

ဋ္ဌေးအောင်စိန်(အင်းမ)

Comments

comments

Post Author: manawmaya