လောဘကြီးတယ်ဆိုတာ ဘာလဲ

ခုနစ်နှစ်သားအရွယ် သားငယ်လေးတစ်ဦးဟာ “လောဘကြီးတယ်ဆိုတာ ဘာလဲ” ဆိုတဲ့အဖြေကို သိချင်နေခဲ့ပါတယ်။ သူ့ပတ်ဝန်းကျင်မှာ “လောဘ ကြီးတယ်” ဆိုတဲ့ စကားလုံးကို သုံးနှုန်းပြောဆိုနေ ကြတာ မကြာခဏ ကြားဖူးနေလို့ပါ။ သူ့ပတ်ဝန်း ကျင်ဆိုတာ အိမ်နဲ့ ကျောင်းပဲ ရှိတာပါ။ ကျောင်းက ဆရာဆရာမတွေ သူတို့အချင်းချင်း ပြောကြဆိုကြတဲ့ စကားတွေထဲမှာ “လောဘကြီးတယ်” ဆိုတဲ့ စကား လုံးကို ထည့်သွင်းပြောဆိုနေကြတာ ကြားဖူးပါတယ်။ သူ့အိမ်မှာလည်း မိဘတွေ၊ အိမ်နီးနားချင်းတွေ ပြော ကြဆိုကြတဲ့စကားတွေထဲမှာ “လောဘကြီးတယ်” ဆိုတဲ့စကားလုံးကို ထည့်သွင်းပြောဆိုနေကြတာပါ။ ဒါပေမယ့် သူက အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို လုံးဝ နားမလည်ခဲ့ပါဘူး။

တစ်ခါက သူဟာ အိမ်မှာ သကြားလုံးဘူးထဲက နေ သကြားလုံးငါးလုံး နှိုက်ယူလိုက်တာကို တွေ့သွား တဲ့အမေက လှမ်းပြောလိုက်ပါတယ်။

“သားရေ …လောဘမကြီးနဲ့နော်၊ သကြား လုံးနှစ်လုံးပဲ ယူ၊ သုံးလုံးကို ပြန်ထည့်လိုက်၊ လောဘ ကြီးရင် ချောင်းဆိုးလာလိမ့်မယ်”

ဒါနဲ့ သူက သကြားလုံးသုံးလုံးကို ဘူးထဲ ပြန် ထည့်လိုက်ရပါတယ်။ ပြီးတော့ အမေ့ကို မေးမိတယ်။

“သကြားလုံးငါးလုံးယူတာကို လောဘကြီးတယ် လို့ ပြောတာလား အမေ”

အမေက ပြန်ဖြေတယ်။

“ဟုတ်တယ် သား၊ လိုအပ်တာထက် ပိုယူတာ ကို လောဘကြီးတယ်လို့ခေါ်တယ်၊ ဘာဖြစ်ဖြစ် လိုအပ်သလောက်ပဲ ကောင်းတယ်၊ များသွားရင် မကောင်းဘူး၊ သကြားလုံးတွေ အများကြီးစားရင် ချောင်းဆိုးလာလိမ့်မယ်”

လိုအပ်တာထက် ပိုယူတာ လောဘကြီးတာ ဆိုတဲ့အမေ့စကားကို ကြားလိုက်ရပေမယ့် သူ သိပ် မရှင်းပါဘူး။

ဒါကြောင့် သူဟာ “လောဘကြီးတယ်ဆိုတာ ဘာလဲ” လို့ အတန်းဖော်သူငယ်ချင်းတွေကို မေး ကြည့်ပါသေးတယ်။ သူတို့ကလည်း မသိကြပါဘူး။

ဒီလိုနဲ့ သူဟာ အတန်းပိုင်ဆရာကို အတန်းသူ အတန်းသားတွေမရှိတဲ့အချိန် အခွင့်အရေးရတုန်း သွားမေးခဲ့ပါတယ်။

“ဆရာ … ‘လောဘကြီးတယ်’ ဆိုတာ ဘာကို ဆိုလိုတာလဲ”

သူ့မေးခွန်းကို ကြားလိုက်ရတော့ အတန်းပိုင် ဆရာက အံ့အားသင့်သွားပါတယ်။ ခုနစ်နှစ်သား အရွယ် ကလေးငယ်တစ်ယောက်က ‘လောဘကြီးတယ်’ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို သိချင်နေတဲ့ အတွက် အံ့အားသင့်သွားတာပါ။ ဒါပေမယ့် ဆရာက ပြန်ဖြေပါတယ်။

“လောဘကြီးတယ်ဆိုတာ အလိုကြီးတာကို ပြောတာ၊ လိုချင်လွန်းအားကြီးတာကို ပြောတာ၊ လိုအပ်တာထက်ကို ပိုလိုချင်နေတဲ့စိတ်ကို ပြောတာ”

ဒါဆို အမေပြောတာနဲ့ သိပ်မကွာဘူးပဲ။ လိုအပ် တာထက် ပိုလိုချင်တဲ့စိတ်ကို လောဘကြီးတယ်လို့ ပြောတာပေါ့။ သကြားလုံးတွေ အများကြီး စားချင် နေတာဟာ လောဘကြီးတာပဲပေါ့။ ဒါပေမယ့် အဲဒီ အဖြေကိုလည်း သူ သိပ်မရှင်းသေးပါဘူး။

ဒါနဲ့ ညနေ ကျောင်းဆင်းတော့ လာကြိုတဲ့ အဖေနဲ့အတူ အိမ်ဘက်ဆီ လမ်းလျှောက်ပြန်လာ ရင်း အဖေ့ကို မေးလိုက်ပါတယ်။

“အဖေ … ‘လောဘကြီးတယ်’ ဆိုတာ ဘာလဲ”

အဖေက ချက်ချင်း ပြန်မဖြေပါဘူး။ ခုနစ်နှစ် အရွယ်သာရှိသေးတဲ့ သားဖြစ်သူ နားလည်အောင် ဘယ်လိုဖြေရမလဲဆိုတာ စဉ်းစားနေတာပါ။ စဉ်းစား ပြီးတော့မှ သားကို ပြန်ပြောလိုက်တယ်။

“သား မေးတဲ့မေးခွန်းကို လက်တွေ့နဲ့ ဖြေမှ ဖြစ်မယ်၊ လာ …အဖေနဲ့လိုက်ခဲ့”

အဖေက သားကို စတိုးဆိုင်တစ်ဆိုင်ထဲ လက် ဆွဲခေါ်သွားတယ်။ ဆိုင်ထဲမှာ ချောကလက်ဘူးတွေ ခင်းကျင်းပြသထားတဲ့ခုံတန်းရောက်တော့ ရပ်လိုက် တယ်။ ပြီးတော့ သားဖြစ်သူကို ပြောလိုက်တယ်။

“သား မေးတဲ့မေးခွန်းရဲ့အဖြေကို သိချင်ရင် အဖေ လုပ်ခိုင်းသလို လုပ်ရမယ်၊ သား အဲဒီချော ကလက်ဘူးတွေ ခင်းပြထားတဲ့ခုံတန်းကို အစကနေ အဆုံးအထိ လိုက်ကြည့်ပြီး ကြိုက်တဲ့ချောကလက် ဘူးတစ်ဘူးကို ယူခဲ့၊ အဖေ ပိုက်ဆံ ရှင်းပေးမယ်၊ ဒါပေမယ့် အဖေ့ကို ကတိတစ်ခုတော့ ပေးရမယ်၊ ကြည့်ပြီးလို့ ကျော်သွားပြီးတဲ့အခါကျမှ နောက်ကို ပြန်လှည့်ပြီး မယူရဘူး၊ အဖေက ဒီက စောင့်ကြည့် နေမှာ၊ နောက်ပြန်လှည့်ပြီး ပြန်ယူတဲ့ချောကလက်ဘူးဆိုရင် အဖေ ပိုက်ဆံ ရှင်းမပေးဘူး၊ ပြန်ထား လိုက်မှာပဲ၊ အဖေပြောတာ ရှင်းတယ်နော်”

ဘာပဲဖြစ်ဖြစ် သားဖြစ်သူက ဝမ်းသာသွားပါ တယ်။ သူ သိချင်တဲ့မေးခွန်းရဲ့အဖြေကိုလည်း သိရ မယ့်အပြင် ချောကလက်ဘူးတစ်ဘူးပါ ရဦးမှာကိုး။

သားဖြစ်သူဟာ အဖေပြောတဲ့အတိုင်း ချော ကလက်ဘူးတွေကို တစ်ဘူးပြီးတစ်ဘူး လိုက်ကြည့်တယ်။ ဘူးခွံက လှပေမယ့် ငယ်နေတဲ့ဘူးတွေ၊ ဘူးက ကြီးပေမယ့် ဘူးခွံက မလှတာတွေ ဖြစ်နေ လို့ ကျော်သွားလိုက်တယ်။ အလယ်လောက်ရောက် တော့ ဘူးလည်း ကြီး ဘူးခွံလည်း လှတဲ့ ချော ကလက်ဘူးနှစ်ဘူးလောက် တွေ့ပေမယ့် ရှေ့မှာ ဒီ့ထက် ပိုပြီး ဘူးလည်း ကြီး ဘူးခွံလည်း လှတဲ့ ချောကလက်ဘူးတွေ ရှိနိုင်သေးတယ်ထင်လို့ ဆက် ပြီး လိုက်ကြည့်တယ်။ မတွေ့တော့ဘူး။ နောက်ပိုင်း တွေ့ရတဲ့  ချောကလက်ဘူးတွေက ငယ်လည်းငယ်၊ ဘူးခွံတွေကလည်း မလှတော့ဘူး။ ဒါနဲ့ သူဟာ လက်ဗလာနဲ့ သူ့အဖေဆီ ပြန်ရောက်သွားတယ်။ သူ့စိတ်အစဉ်မှာ ဖြစ်ပျက်တွေးတောစဉ်းစားခဲ့ပုံ တွေကို အဖေ့ကို ပြောပြခဲ့တယ်။

အဖေက သူ့ကို ပြောပြလိုက်တယ်။

“အဲဒါ ‘လောဘကြီးတာ’ ပဲ သား၊ သား လောဘကြီးသွားလို့ သား ချောကလက်ဘူး ယူမလာ နိုင်တာပေါ့၊ သား သာ လောဘမကြီးဘူးဆိုရင် သား သဘောကျတဲ့ ချောကလက်ဘူးတစ်ဘူးလောက် တွေ့ကတည်းက ကောက်ယူလိုက်မှာပေါ့၊ ဒါပေမယ့် သားက လောဘကြီးနေတော့ ဒီ့ထက်ကောင်းတဲ့ ချောကလက်ဘူး ရှိဦးမှာပဲဆိုပြီး ဆက်လျှောက်သွား တာလေ၊ သား သာ လောဘမကြီးဘူးဆိုရင် သား လက်ထဲမှာ ချောကလက်ဘူးတစ်ဘူးတော့ ပါလာမှာ ပဲ၊ လောဘကြီးတယ်ဆိုတာ အလိုကြီးတာကို ခေါ် တာ၊ လိုချင်တဲ့အတိုင်းအတာက များနေတာကို ခေါ် တာ၊ အခု သား ‘လောဘကြီးတယ်’ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို သိသွားပြီလား”

အမေနဲ့ ဆရာဖြေခဲ့တဲ့အတိုင်းပါပဲလား။ အခုလို လက်တွေ့ ကြုံလိုက်ရတော့ သူ ရှင်းသွားပါပြီ။

သားက ခေါင်းညိတ်ပြီး “သိသွားပါပြီ အဖေ” လို့ ပြောပါတယ်။

“သိသွားပြီဆိုရင် အဖေ ဝမ်းသာပါတယ်၊ အခု သား လောဘကြီးသွားလို့ ကောက်မယူဖြစ်ခဲ့တဲ့ ချော ကလက်ဘူးကို သွားယူရအောင်၊ အဖေ ပိုက်ဆံ ရှင်းပေးပါ့မယ်”

အဖေက သားကို လက်ဆွဲပြီး ခေါ်သွားပါတယ်။သား ယူမယ်လို့ စိတ်ကူးပေါ်ခဲ့တဲ့ချောကလက်ဘူး ကို ယူခိုင်းလိုက်ပါတယ်။ ကောင်တာမှာ ငွေရှင်းပြီး ထွက်ခဲ့ကြပါတယ်။

အဖေက သားကို ပြောလိုက်ပါတယ်။

“လောဘကြီးတာ မကောင်းဘူးနော် သား”

သားက ပြုံးပြီး ပြန်ဖြေပါတယ်။

“ဟုတ်တယ် အဖေ …၊ လောဘကြီးတာ မကောင်းဘူး …”

 

Source: short wisdom stories

အောင်အေး (ရန်ကုန်တက္ကသိုလ်)

Comments

comments

Post Author: manawmaya