ကျရောက်မည့်ဘေး ကြိုတင်တွေး မနှေးဆောင်ရွက် မိမိအတွက်

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတ ဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင် မဟာမောဂ္ဂလာန်မထေရ်ကို အကြောင်းပြု၍ ဤ ပုစိမန္ဒ(တမာပင်)ဇာတ်ကို ဟောပြတော်မူခဲ့ပါသည်။

 

ပစ္စုပ္ပန်ဝတ္ထု

အရှင်မဟာမောဂ္ဂလာန်မထရ်သည် ရာဇ ဂြိုလ်ပြည်ကိုအမှီပြု၍ တောကျောင်းတစ်ခုတွင် သီ တင်းသုံးနေထိုင်ပါသည်။ ထိုစဉ် သူခိုးတစ်ယောက် သည် ဥစ္စာပစ္စည်းတို့ကို ခိုးယူထွက်ပြေးလာပြီး အရှင် မဟာမောဂ္ဂလာန်သီတင်းသုံးရာ ကျောင်းတော်(ပရိ ဝုဏ်)အတွင်းသို့ ရောက်ရှိလာသည်။ ထိုသူခိုးက “ဤ နေရာသည် ငါ့အတွက်လုံခြုံမှုဖြစ်စေ၏”ဟုတွေးဆ ကာ ကျောင်းအနီး၌ အိပ်စက်နေပါသည်။

အရှင်မဟာမောဂ္ဂလာန်မထေရ်က ထိုသူခိုး ကျောင်းအနီးအိပ်စက်နေသည်ကို သိတော်မူ၏။ ထို အခါ မထေရ်မြတ်က သူခိုးအပေါ်၌ရွံရှာခြင်း (ရွံ ရှာခြင်းဟူသည်မှာ-မိမိမှာပါ အပြစ်ရှိမည်ဟုရှက် ကြောက်ခြင်း)ဖြစ်၍ “သူခိုးနှင့်အတူရောနှောခြင်းမည် သည်ကား မသင့်” ဟုတွေးဆမိသည်။ ထို့ကြောင့် အရှင်မဟာမောဂ္ဂလာန်မထေရ်မှ သူခိုးအား ကျောင်း ပရဝုဏ်အတွင်းက ထွက်သွားရန် မောင်းထုတ်ပါ သည်။ သူခိုးသည် ထိုကျောင်းမှထွက်၍ ခြေရာ ဖျောက်ကာ ပြေးသွားခဲ့သည်။ မကြာမီတွင် လူ အချို့သည် မီးရှူး မီးတိုင်တို့ကိုကိုင်ကာ သူခိုး၏ ခြေရာကိုကောက်၍ လိုက်လာကြသည်။ ကျောင်း ပရဝုဏ်သို့ခေါက်သောအခါ ထိုသူခိုး၏လာရာအရပ်၊ ရပ်ရာအရပ်၊ ထိုင်ရာအရပ်၊ အိပ်စက်ရာအရပ်တို့ကို ခြေရာကောက်မိခဲ့ကြသည်။ ထို့ကြောင့် ခြေရာ ကောက်လိုက်သူများမှ “သူခိုးသည် ဤကျောင်းမှ လာ၏။ ဤ၌ရပ်၏၊ ဤ၌ထိုင်၏၊ ဤအရပ်၌ ထပြေး၏”ဟု ဆိုကြပါသည်။ ထို့နောက် ဤအရပ်၌ ထပြေးသွားသော သူခိုး၏ခြေရာကိုမူ မတွေ့မမြင်ကြ သဖြင့် နောက်ကြောင်းကို လှည့်ပြန်ခဲ့ကြပါသည်။

နောက်တစ်နေ့မနက်တွင် အရှင်မဟာမေဂ္ဂ လာန်မထေရ်သည် ရာဇဂြိုလ်မြို့သို့ ဆွမ်းခံထွက်၏။ ဆွမ်းခံအပြီးတွင် ဇေတဝန်ကျောင်းတော်သို့ဝင်၍ ယ မန်နေ့ညက သူခိုးဖြစ်စဉ်အား မြတ်စွာဘုရားရှင်ထံ လျှောက်ထားတင်ပြ၏။ ထိုအခါ မြတ်စွာဘုရားရှင်က-

“ချစ်သား မောဂ္ဂလာန် …သင်သည် ရွံရှာ ခြင်းဖြစ်သူအပေါ် ရွံရှာတတ်ခြင်းသည် ယခု၌သာဖြစ် တတ်သည် မဟုတ်သေး။ ရှေးယခင်ဘဝကလည်း ပညာရှိတို့သည် ရွံရှာခြင်းကို ပြုခဲ့ကြဖူးသည်”

ဟုမိန့်တော်မူပါသည်။ အရှင်မဟာမောဂ္ဂလာန် မှ ရှေးပညာရှိတို့ ရွံရှာတတ်ပုံကို ဟောပြောတော်မူပါ ရန် လျှောက်တင်ရာ မြတ်စွာဘုရားရှင်က အတိတ် ဘဝဖြစ်စဉ်ကို အောက်ပါအတိုင်းဟောပြတော်မူခဲ့ပါ သည်။

အတိတ်ဇာတ်ကြောင်း

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည် ၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် မြို့၏သုသာန်တော၌ တမာပင်စောင့်နတ်ဖြစ်ခဲ့ သည်။ ထိုအခါ တစ်နေ့တွင် သူခိုးတစ်ယောက်သည် ခိုးရာပါပစ္စည်းများနှင့်အတူ သုသာန်သို့ဝင်ရောက်လာ ၏။ ထိုသုသာန်တွင် ကြီးမားသော တမာပင်နှင့် ညောင်ဗုဒ္ဓဟေပင်တို့ရှိသည်။ သူခိုးသည် မိမိခိုးယူ လာသော ဥစ္စာပစ္စည်းထုပ်ကို ခေါင်းအုံး၍ တမာပင် ခြေရင်းတွင်အိပ်၏။ ထိုအချိန်ကာလက သူခိုးကိုဖမ်း မိလျှင် တမာသားဖြင့် တံကျင်လျှိုလေ့ရှိသည်။

ထိုအခါ သူခိုးကိုမြင်တွေ့သော တမာပင်စောင့် နတ်က” လူအများသည် ဤနေရာသို့ရောက်ရှိလာ၍  သူခိုးကို ဖမ်းမိခဲ့သည်ရှိသော် ဤတမာပင်၏အ ခက်အလက်တို့ကိုခုတ်ဖြတ်၍ သူခိုးအားတံကျင်လျှို မှာသေချာသည်။ ဤသို့ပြုခဲ့လျှင် တမာပင်သည် ပျက်စီးခြင်းအဖြစ်သို့ရောက်မည်။ သို့ကြောင့် ငါသည် ခိုးသူအား တမာပင်ရင်းက နှင်ထုတ်မှဖြစ်မည်” ကြံ ရွယ်ပါသည်။ ထိုသို့ကြံရွယ်သည့်အတိုင်း တမာပင် စောင့်နတ်က –

“အသင်ခိုးသား …ထလော့၊ အဘယ်ကြောင့် အိပ်နေသနည်း၊ အိပ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့ နည်း၊ သင်ပြုခဲ့သော ဥစ္စာပစ္စည်းခိုးမှုအတွက် မင်း ချင်းယောင်္ကျားတို့က သင့်အား လာရောက်ဖမ်းဆီး လျှင် သင်အကျိုးမဲ့ဖြစ်ပေမည်”

ဟု ပြောဆိုပါသည်။ ထိုစကားကိုကြားသိ၍ ကြောက်လန့်ပြီး သူခိုးလည်း တမာပင်ခြေရင်းမှ အရပ်တစ်ပါးသို့ ထွက်ပြေးသွားခဲ့ပါသည်။ တမာပင် စောင့်နတ်၏ စကားကြောင့် သူခိုးထွက်ပြေးသွား သည်ကို ညောင်ဗုဒ္ဓဟေပင်စောင့်နတ်ကလည်းကြား သိတွေ့မြင်နေ၏။ ထိုအခါ ညောင်ဗုဒ္ဓဟေပင်စောင့် နတ်က“သူခိုးကိုဖမ်းမိသွားခဲ့လျှင် တမာပင်စောင့် နတ်အတွက် မည့်သို့ဖြစ်နိုင်ပါသနည်း”ဟု တမာပင် စောင့်နတ်ကိုမေး၏။ ထိုအမေးကို တမာပင်စောင့် နတ်က “နတ်မင်း …ခိုးသားနှင့်မိမိတို့အတူယှဉ်တွဲ မနေသင့်ကြောင်းကို အသင်မသိသလော၊ ခိုးသားကို ဖမ်းမိသွားခဲ့ပါလျှင် တမာသားနှင့် တံကျင်လျှိုလိမ့် မည်။ ထိုသို့ပြုခဲ့လျှင် ငါ၏စိတ်သည် ယုံမှားရွံရှာ၏” ဟု ပြောဆိုပါသည်။

ထိုသို့ ရုက္ခစိုးနတ်တို့ အချင်းချင်းပြောဆိုနေစဉ် ဥစ္စာရှင်နှင့် လူအများသည် မီးရှူးမီးတိုင်များကိုကိုင်၍ သူခိုး၏ခြေရာကိုကောက်ကာ ရှာဖွေလျက် တမာပင် ခြေရင်းသို့ရောက်ရှိလာသည်။ တမာပင်ခြေရင်းတွင် ခိုးသူအိပ်စက်သွားသော အခြေအနေကိုမြင်၍ “အချင်းတို့ …ယခုပင်လျှင် ခိုးသူထ၍ပြေး၏။ ငါတို့ခိုး သူနှင့်လွဲခဲ့ပြီ။ ဤနေရာတွင် သူခိုးအား ဖမ်းမိခဲ့သော် ဤ တမာပင်မှ တမာသားဖြင့် တံကျင်လျှို၍ခိုသူအား သယ်ဆောင်သွားအံ့” ဟုပြောဆိုကာ ခိုသူအား မ တွေ့မမြင်တော့သဖြင့် ဥစ္စာရှင်နှင့် လူအချို့လည်း တမာပင်ရင်းမှ လှည့်ပြန်သွားခဲ့ကြပါသည်။ ထိုသူတို့ ၏စကားကိုကြားသိရသော ညောင်ဗုဒ္ဓဟေပင်နတ် က –

“ပညာရှိသည် ရွံရှာအပ်သည်တို့ကို ရွံရှာရ၏။ လာလတ္တံ့သောဘေးကို ကြိုတင်၍ စောင့်ရှောက်ရာ ၏။ လာလတ္တံ့သောဘေးဖြင့် နှစ်ပါးသောလောကတို့ ကို ကြည့်မျှော်၏”ဟု အလောင်းတော်တမာပင် စောင့်နတ်အား ချီးမွမ်းစကားဖြင့် မြွက်ဆိုခဲ့ပါပေ သည်။

အတိတ်ဘဝဖြစ်စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်းခန်း တွင် ယခုအရှင်အာနန္ဒာမထေရ်သည် ထိုစဉ်က ညောင်ဗုဒ္ဓဟေပင်စောင့်နတ်ဖြစ်ခဲ့ပြီး ထိုစဉ်က တမာ ပင်စောင့်နတ်မှာ ယခုမြတ်စွာဘုရားရှင်တို့ အသီးသီး ဖြစ်လာခဲ့ကြပါသည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် “တတ် ကောင်းတတ်ရာဟူသမျှကို ကြားမြင်သုတ ရှိပါစေ” ဟုဆိုကာ ဗဟုသစ္စဉ္စမင်္ဂလာကဲ့သို့ “ရောက်လာမည့် ဘေး၊ ဘက်စုံတွေး၊ ရှောင်ရေးမခက်နိုင်”ဟု မှတ်ယူ ရပါသည်။

မေတ္တာ စေတနာဖြင့်

 

မောင်အေးထွန်း

ကျမ်းကိုး – ငါးရာငါးဆယ်နိပါတ်တော်၊ ပုစိမန္ဒ ဝဂ်မှ ပုစိမန္ဒဇာတ်တော်။

Comments

comments

Post Author: manawmaya