စေတနာသည် ကံ

မြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်၊ ဆီးတောကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ သားတော် အရှင်ရာဟုလာ မထေရ်ကို အကြောင်း ပြု၍ ဤဇာတ်တော်ကို ဟောပြတော်မူခဲ့ပါသည်။

တစ်နေ့သော တရားသဘင်တွင် ဖြစ်သည်။ ရဟန်းတော်များသည် အရှင်ရာဟုလာမထေရ်၏ သက်ကြီး၊ ဝါကြီးများကို ရိုသေကိုင်းရှိုင်းပုံ၊ ဆိုဆုံးမ လွယ်ပုံ၊ အလုပ်အကျွေးပြုပုံ စသည့်သိက္ခာရှိသော ဂုဏ်ကျေးဇူးစကားများကို စုဝေးပြောဆိုနေကြပါ သည်။ ထိုစဉ် မြတ်စွာဘုရားရှင်ြွကလာတော်မူ၍ ရဟန်းတော်များ စုဝေးနေခြင်းအကြောင်းကိုမေးမြန်း တော်မူပါသည်။ ရဟန်းတော်များက ရှင်ရာဟုလာ မထေရ်၏ဂုဏ်သတင်းကို ချီးမွမ်းပြောဆိုနေကြောင်း ဘုရားရှင်အား လျှောက်တင်ပါသည်။ ထိုအခါမြတ်စွာ ဘုရားရှင်က ရှင်ရာဟုလာမထေရ်သည် ယခုဘဝ၌ သာ ဆိုဆုံးမခြင်းကို တလေးတစား နာယူသည် မဟုတ်သေး၊ ရှေးယခင်ဘဝတစ်ခုကလည်း ဆိုဆုံးမ ခြင်းကို အလေးအမြတ်ထား နာယူခဲ့ဖူးကြောင်း မိန့်တော်မူပါသည်။ ရဟန်းတော်များ၏ တောင်းပန် လျှောက်ထားမှုကြောင့် ရှင်ရာဟုလာ မထေရ်၏ အတိတ်ဘဝဖြစ်စဉ်ကို မြတ်စွာဘုရားရှင်က အောက်ပါအတိုင်း ဟောပြတော်မူခဲ့ပါသည်။

လွန်လေပြီးသောအခါက ဗာရာဏာသီပြည် တွင်ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်ခဲ့ပါသည်။ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်သို့သွား၍ ခပ်သိမ်းသော အတတ်ပညာတို့ကို သင်ယူပါသည်။ ထို့နောက် ဟိမဝန္တာတောသို့ထွက်၍ ရသေ့ရဟန်းပြု ကာ အဘိညာဉ်၊ သမာပတ်တို့ကို ဖြစ်စေပြီး ဈာန် ကစားခြင်းဖြင့်  မွေ့လျော်ဖွယ် ရှိနေခဲ့ပါတယ်။ တစ်နေ့တွင် ချဉ်ဆား မှီဝဲလို၍ ထိုတောမှ မထင်ရှား သော ပစ္စန္တရစ်ရွာသို့ ထွက်လာခဲ့သည်။ ထိုရွာနေ လူတို့သည် ဘုရားလောင်းအား ကြည်ညိုသဒ္ဓါစိတ် ရှိသည်ဖြစ်၍ မထင်ရှားသော တော၌ ကျောင်း ဆောက်ကာ လှူဖွယ်ပစ္စည်းတို့ဖြင့် လုပ်ကျွေးလျက် ရှိနေခဲ့ကြပါသည်။

ထိုအခါ ထိုရွာရှိ ငှက်မုဆိုးတစ်ယောက်သည် ခါငှက်တစ်ကောင်ကို ဖမ်းဆီး၍ ကောင်းစွာသင်ကြား ကျွေးမွေးထားပြီး လှောင့်ချိုင့်၌ မွေးမြူထားသည်။ မုဆိုးသည် ထိုခါကို တောထဲသို့ယူဆောင်၍ ထိုခါ၏ အသံဖြင့် တောတွင်းသို့ရောက်လာသော ခါအများကို ဖမ်းယူကာ ရောင်းချပြီး အသက်မွေးမြူခဲ့သည်။ တစ်နေ့တွင် ခါသည် “တစ်ကောင်သော ငါ၏အသံ ကြောင့် ငါ၏ဆွေမျိုးတို့သည် ပျက်စီးကုန်၏။ ဤ မကောင်းမှုကား ငါ၏မကောင်းမှုတည်း”ဟု အကြံ ရ၏။ ထိုသို့အကြံရသည့်အတိုင်း ခါသည်အသံမပြု ဘဲ ဆိတ်ဆိတ်နေ၏။ ထိုအခါ မုဆိုးက ခါဆိတ်ဆိတ် နေနေသည်ကို သိ၍ ဝါးခြမ်းစိပ်ဖြင့် ခါ၏ဦးခေါင်းကို ရိုက်၏။ ခါသည် မုဆိုး၏နှိပ်စက်ခြင်းကြောင့် အသံ မပြုချင်သော်လည်း အသံပြုခဲ့ရသည်။ ဤသို့ဖြင့် မုဆိုးသည် ထိုခါကို အမှီပြု၍ခါအများကို ဖမ်းဆီးကာ အသက်မွေးမှုပြုခဲ့ပါသည်။

ထိုအခါ ခါသတ္တဝါမှာ “ငါ၏အမျိုးတို့သေ စေရန် ငါ့မှာဆန္ဒမရှိ၊ ငါ့ကိုစွဲ၍ မုဆိုးမှာ ပါဏာတိ ပါတကံကိုရ၏။ ငါသည် အသံမပြုသော် ထိုခါ အပေါင်းတို့သည် မလာကြကုန်၊ အသံပြုလျှင်သာ လာကြကုန်၏။  လာကြကုန်သော ခါတို့ကို မုဆိုးမှ ဖမ်းယူ၍ အသက်ဆုံးရှုံးခြင်းသို့ ရောက်စေ၏။ ဤ အရာ၌ ငါ့အား မကောင်းမှုရှိသလော၊ မရှိသလော” ဟု ကြံစည်မိ၏။ ထိုသို့ကြံစည်မိသည့်အတိုင်း ခါသတ္တဝါက “အဘယ်သူသည်သာလျှင် ငါ၏ ယုံ မှားခြင်းကို ဖျောက်နိုင်အံ့နည်း” ဟု တွေးဆ၍ ပညာရှိ ကိုသာလျှင် မျှော်တွေး ဆင်ခြင်လျက်ရှိနေပါသည်။

တစ်နေ့တွင် ထိုငှက်မုဆိုးသည် များစွာသော ခါတို့ကို ဖမ်းယူရရှိခဲ့ပြီး ရေသောက်ရန် ဘုရား လောင်းရသေ့အနီးတွင် ထား၍ ရေသောက်၏။ ရေသောက်ပြီးနောက် ငှက်မုဆိုးသည် ရေအိုးစင်အနီး အရိပ်ကောင်း၌ လဲလျောင်းအိပ်ပျော်နေသည်။ ခါသည်မုဆိုးအိပ်ပျော်နေသည်ကိုသိ၍ “ငါ့၏ယုံမှား ခြင်းကို ရသေ့အား မေးမြန်း၍ သိရသည်ရှိသော် ငါ့အား စိတ်ဖြေလတ္တံ”ဟု တွေးဆမိသည်။ ထို့ကြောင့် ခါသည် အထက်ပါအတိုင်း မိမိ၏ဖြစ်စဉ်၊ ခံစား ချက်နှင့် ဝေခွဲမရဖြစ်နေမှုတို့ကို အလောင်းတော် ရသေ့အား ပြောဆို၍ မိမိတွင်အပြစ်ရှိမရှိ မိန့်ဆို ပေးရန် တောင်းပန်ပါသည်။ ခါ၏ဖြစ်စဉ်ကို ကြား သိရသော အလောင်းတော် ရသေ့က –

“ငှက်သတ္တဝါ သင်၏စိတ်သည်မကောင်းမှု ပြုခြင်းအကြောင်းတရားအပေါ် မရည်ရွယ်၊ မညွတ် ကိုင်း၊ လုံ့လမပြုခြင်းတို့ကြောင့် ကောင်းသည် ဖြစ်သော သင့်အား မကောင်းကျိုးသည် မပြုပေ”

“ငှက် သင်၏စိတ်သည် အကယ်၍မပြစ်မှား အံ့၊ သင့်ကိုစွဲ၍ မုဆိုးပြုသော ပါဏာတိပါတကံသည် သင့်ကို မသက်ရောက် မလိမ်းကျံ၊ လုံ့လမပြုသော စင်ကြယ်သည်ဖြစ်သော သင့်အား မကောင်းမှုသည် မဖြစ်၊ မငြိတွယ်”ဟု ဟောပြပါသည်။

အလောင်းတော်ရသေ့၏ ဟောပြမှုကြောင့် ခါသည်လည်း စိတ်ဖြေရာရကာ သောကကင်းဝေး သွားခဲ့ပါသည်။ ငှက်မုဆိုးလည်း နိုးထလာသောအခါ အလောင်းတော်ရသေ့အား ရှိခိုး၍ ငှက်လှောင်ချိုင့်ကို ယူဆောင်ကာ မိမိနေထိုင်ရာသို့ ထွက်သွားခဲ့ပါတော့ သည်။

မြတ်စွာဘုရားရှင်၏ တရားဒေသနာအဆုံး၌ အတိတ်ဘဝဖြစ်စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်းခန်းတွင်၊ ယခု ရာဟုလာမထေရ်သည် ထိုအခါကခါသတ္တဝါ ဖြစ်ခဲ့ပါသည်။ ယခုမြတ်စွာဘုရားရှင်သည် ထိုစဉ်က ရသေ့ ဖြစ်ခဲ့ကြပါသည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် မကောင်းမှုအကုသိုလ် အကြောင်းတရားပြုမူရာတွင် အခြင်းအရာသုံးရပ်ပြည့်စုံမှ မကောင်းမှုအကျိုးခံစားရ သည်။ ထိုအင်္ဂါသုံးရပ်မှာ –

၁။ ရည်ရွယ်ချက် ဆန္ဒရှိခြင်း၊

၂။ ကိုယ်ထိလက်ရောက် ပြုကျင့်ခြင်း

၃။ အောင်မြင်ပြီးမြောက်ခြင်း တို့ဖြစ်သည်။

ယခုဇာတ်တော်တွင် ခါသည်ရည်ရွယ်ချက် ဆန္ဒမရှိခြင်း၊ ကိုယ်ထိလက်ရောက်မပြုခြင်း၊ သူ တစ်ပါး၏ ကိုယ်ထိလက်ရောက် ပြုမှုအပေါ် ကိုယ် ချင်းစာတရားရှိခြင်းတို့ကြောင့် ငှက်မုဆိုး၏ ပါဏာတိ ပါတကံသည် ခါအပေါ်တွင် သက်ရောက်မှု အကျိုး တရားမရှိကြောင်း မှတ်ယူရပါသည်။

မကောင်းမှုအကုသိုလ်ပြုဖို့အတွက် စိတ်က အလျင် စောကြောပါသည်။ ပြီးမှနှုတ်နှင့် ကိုယ် တို့က ဆက်လိုက်ပါသည်။ စိတ်စော၊ နှုတ်ထွက်၊ ကိုယ်လက်ပါက အောင်မြင်ပြီးမြောက်ခြင်းတို့ ရောက်ရှိပါသည်။ သို့ကြောင့် မကောင်းမှုအကုသိုလ် မပြုမိဖို့အတွက် “မကောင်းတာမှန်သမျှ ဘာမှ မတွေးနဲ့”

(Not to think any evil) ဟု ပမာပြု ရပါကြောင်း။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး။ ငါးရာငါးဆယ်နိပါတ်တော်၊ ပုစိမန္ဒဝဂ်မှ တိတ္ထိရ(ခါသတ္တဝါ)ဇာတ်တော်

Comments

comments

Post Author: manawmaya