အပြစ်မဲ့သား ရင်ခွင်ပိုက်အား လက်ခြေဖြတ်သတ် မင်းဒေ၀ဒတ်

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေ တဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် ဘုရားရှင်အား သတ်ရန်အတွက် အကြိမ်ကြိမ် အား ထုတ်ခဲ့သော ဒေဝဒတ်ကို အကြောင်းပြု၍ ဤ ဇာတ်တော်ကို ဟောပြတော်မူခဲ့ပါသည်။

တစ်နေ့သော တရားသဘင်တွင် ရဟန်း တော်များသည် “ငါ့ရှင်တို့ ဒေဝဒတ်သည် ဘုရား ရှင်အား သတ်ရန်အတွက် လေးသမားတို့ကို စေခိုင်း ခြင်း၊ ကျောက်တုံးကို လှိမ့်ချခြင်း၊ နာဠာဂီရိဆင်ကို လွှတ်ခြင်း စသည်တို့ကို လုံ့လပြုခဲ့၏”ဟု ပြောဆိုနေ ကြပါသည်။ ထိုစဉ် မြတ်စွာဘုရားရှင် ကြွလာတော် မူ၍ ရဟန်းတို့ စုဝေး ပြောဆိုနေခြင်းအကြောင်းကို  ကြားသိတော်မူသဖြင့် မြတ်စွာဘုရားရှင်မှ “ရဟန်း တို့ ဒေဝဒတ်သည် ယခုအခါ၌ ငါဘုရားအား သတ် ရန် အားထုတ်သည် မဟုတ်သေး။ ရှေးယခင်ဘဝ တစ်ခု၌လည်း မိမိ၏ သားရင်းဖြစ်သော စူဠဓမ္မပါလ မင်းသားငယ်အား သတ်ဖြတ်ခဲ့ဖူးပေသည်”ဟု မိန့်တော်မူပါသည်။ ရဟန်းတော်များ၏ လျှောက်ထား တောင်းပန်မှုကြောင့် မြတ်စွာဘုရားရှင်မှ ဒေဝဒတ် ၏အတိတ်ဘဝဖြစ်စဉ်ကို အောက်ပါအတိုင်း ဟော ပြတော်မူခဲ့ပါသည်။

လွန်လေပြီးသောအခါက ဗာရာဏသီပြည်၌ မဟာပတာပမင်း မင်းပြုစဉ် အလောင်းတော်သည်  ထိုမင်း၏ စန္ဒာဒေဝီမည်သော မိဖုရားကြီးဝမ်း၌ ပဋိ သန္ဓေတည်၏။ မွေးဖွားလာသောအခါ ဓမ္မပါလ ဟူ  သော အမည်ကို မှည့်၏။ ထို ဓမ္မပါလ မင်းသား လေး ခုနစ်လအရွယ် ရောက်ချိန်တွင် မယ်တော် သည် သားငယ်အား အမွှေးနံ့သာတို့ဖြင့် ရေချိုးစေ ပြီး သားနှင့်အမိ မြူးထူးစွာ ကစားနေ၏။ ထိုစဉ် မင်းသည် မိဖုရားနှင့် သားရှိရာသို့ ရောက်လာခဲ့ သည်။ မိဖုရားသည် သားငယ်အပေါ်၌ ချစ်ခြင်းကြီး စွာ ဖြစ်၍ မင်းရောက်နေသည်ကို သိမြင်သော်လည်း နေရာမပေး၊ အရေးမထားရှိနေခဲ့ပါသည်။ ထိုအခါ မင်းက “မိဖုရားသည် ယခုပင်လျှင် သားကိုမှီ၍ မာန ပြု၏။ ငါ့ကို ဂရုမပြု၊ သားကြီးလာသည်ရှိသော် ငါ့အား လူဟုပင် ထင်မည်မဟုတ်။

ယခုပင်လျှင် ထိုမင်းသားငယ်ကို သတ်အံ့” ဟု ကြံရွယ်ကြိမ်းဝါး၍ ထိုနေရာမှ ထွက်သွားခဲ့ပါ သည်။

မင်းသည် မိမိနေရာသို့ ရောက်ရှိသောအခါ သူသတ်သမားတစ်ယောက်ကို ခေါ်စေ၏။  သူသတ် သမားသည် လက်နက် အစုံအလင်ဖြင့် မင်းထံခစား   ဝင်၍ မင်းမိန့်ကို စောင့်စားနေ၏။ ထိုအခါ မင်းမှ သူသတ်သမားအား အသရေအိပ်ရာ တိုက်ခန်းတွင်ရှိ နေသော ဓမ္မပါလကို ခေါ်ဆောင်လာရန် မိန့်ဆိုသည်။  ထိုအချိန်တွင် မိဖုရားမှာ မင်း၏ စိတ်ဆိုးအမျက် ထွက်ခြင်းကို သိ၍ သားငယ်ကို ရင်ခွင်၌ အိပ်စေ ပြီး ငိုလျက်ရှိနေ၏။ သူသတ်သည် အိပ်ရာ တိုက် ခန်းသို့အရောက်တွင် မိဖုရားရင်ခွင်ရှိ ဓမ္မပါလ သား ငယ်ကို လုယူ၍ မင်းထံသို့ သယ်ဆောင်သွား၏။ မင်းထံအရောက်တွင် သူသတ်သမားမှ မည်သို့ ပြုရ မည်ကို လျှောက်တင်၏။ ထိုအခါမင်းမှ သူသတ် သမားအား ပျဉ်ချဉ်ကိုယူ၍ ဓမ္မပါလကို ထိုပျဉ်ချပ် ပေါ်တွင် အိပ်စေပြီး လက်နှစ်ဖက်ကို ဖြတ်ရန် အမိန့် ပေးသည်။ သားဖြစ်သူ၏ နောက်မှ လိုက်ပါလာသော မိဖုရားသည် မင်းမိန့်နှင့်သူသတ်၏ လှုပ်ရှားမှုကို မြင် တွေ့နေ၏။ ထိုအခါ ဝမ်းနည်းပူဆွေး ငိုကြွေးနေ သော မိဖုရားက –

“မြတ်သောမင်းကြီး …ခုနစ်လသာရှိ၍ ငယ်ရွယ်သေးသော ကျွန်ုပ်၏သားသည် တစ်စုံတစ်ခု ကိုမျှ မသိ။ သား၌ အပြစ်မရှိ။ ယခုအဖြစ်ကို အပြစ် ဟု မှတ်ယူပါလျှင် ကျွန်ုပ်၌သာ အပြစ်ဖြစ်ပါ၏။ ထို့ကြောင့် ကျွန်ုပ်၏ လက်တို့ကို ဖြတ်လော့” ဟု လျှောက်တင်ပါသည်။ မင်းသည် မိဖုရား၏ လျှောက် တင်မှုကို ဂရုမပြုဘဲ သူသတ်သမားအား စေခိုင်း သည့်အမိန့်အတိုင်းပြု၍ ပြောဆိုခဲ့ပါသည်။ သူသတ် သမားသည် ပျဉ်ချပ်ပေါ်၌ ပက်လက်အနေအထားရှိ နေသော မင်းသားငယ်၏ လက်နှစ်ဖက်ကို ထက် မြက်သော ပုဆိန်ဖြင့် ခုတ်ဖြတ်ပါသည်။ အလောင်း တော် ဓမ္မပါလသည် လက်များပြတ်သွားသော်လည်း ငိုမြည်ခြင်းမရှိဘဲ ခန္တီမေတ္တာကို ပွားလျက် သည်းခံ ၏။ မိခင်စန္ဒာဒေဝီသည်ကား သား၏ လက်ပြတ် များကို ပွေ့ယူ၍ သွေးအလိမ်းလိမ်းဖြင့် ငိုယိုလျက် ရှိနေခဲ့ပါသည်။

မင်းသည် ဤမျှဖြင့်မကျေနပ်သေး။ သား ငယ်၏ ခြေနှစ်ဖက်ကို ဖြတ်ရန် သူသတ်အား မိန့်ဆို ပြန်သည်။ သား၏ မိခင်၊ မင်း၏ မိဖုရား စန္ဒာဒေဝီမှ ရှိခိုး၍ မင်းအား အနူးအညွတ်တောင်းပန်သော်လည်း မင်းက လက်မခံဘဲရှိနေ၏။ ထို့ကြောင့် သူသတ် သမားမှ သားငယ်၏ခြေနှစ်ဖက်ကို ဖြတ်လေ၏။ အလောင်းတော် ဓမ္မပါလကလေးသည် ရှေးနည်း အတိုင်း သည်းခံခြင်းကိုသာ ပြုနေ၏။ စန္ဒာဒေဝီ မိဖုရားလည်း သွေးများယိုထွက်နေသော သား၏ ခြေတို့ကို ပိုက်ထွေး၍ ငိုကြွေးမြည်တမ်းနေပါသည်။ ထို့ပြင် မဟာပတာပမင်းသည် သားငယ်ဖြစ်သူ အလောင်းတော် ဓမ္မပါလ၏ ဦးခေါင်းကို ဖြတ်၍ ခန္ဓာကိုယ်အား အပိုင်းအပိုင်း ခုတ်ထစ်ပစ်ရန် သူသတ်သမားအား စေခိုင်းပြန်၏။ သူသတ်ကလည်း မင်းမိန့်အတိုင်း ပြုမူခဲ့ရာ။ မင်းရင်ပြင်တစ်ခုလုံး သားငယ်၏ အသွေး၊ အသား သွေးစိမ်းများဖြင့် ဖရိုဖရဲ ကြဲပြန့်နေခဲ့ပါသည်။

ဘုရင်၏ မိဖုရား၊ သားငယ်၏ မိခင်ဖြစ်သော စန္ဒာဒေဝီသည် မင်းရင်ပြင်၌ ပူဆွေး အော်ဟစ် ငိုမြည်ကာ ရှိနေခဲ့သည်။ ထိုဖြစ်စဉ်ကို မင်း၏ မှူး မတ်၊ ဗိုလ်ခြေ၊ ဆွေမျိုး စသည်တို့မှ ကူညီဖေးမ ပြောဆိုမှုမရှိကြဘဲ အဝေးသို့ ရှောင်တိမ်းနေကြ၏။ မိဖုရားစန္ဒာဒေဝီလည်း သားသေ၏ ကိုယ်အပိုင်းအစ များကို ရင်ဝယ်ပိုက်ကာ နှလုံးကွဲ၍ ထိုနေရာ၌ပင်   သေဆုံးခဲ့ပါသည်။ ထိုစဉ် မဟာပထဝီမြေကြီးသည် သွက်သွက်ခါအောင် လှုပ်ယမ်း၍ ကွဲအက်လာ၏။ ဤဖြစ်စဉ်ကို မင်းမှရှောင်တိမ်းဖို့ ကြိုးစားသော်လည်း ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော မြေ သည် ရက်စက်ယုတ်မာသော မဟာပတာပမင်းအား ဝါးမျို၍ အဝီစိငရဲသို့ ဆွဲချသွားခဲ့ပါသည်။ ထို့နောက် မင်းမှုထမ်းများမှ မိဖုရားစန္ဒာဒေဝီနှင့် အလောင်း တော်ဓမ္မပါလတို့အား ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့ကြ ပါသည်။

အတိတ်ဘဝဖြစ်စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်း ခန်းတွင် ယခုဒေဝဒတ်သည် ထိုစဉ်က ရက်စက် ကြမ်းကြုတ်သော မဟာပတာပမင်း ဖြစ်ခဲ့ပြီး ထိုစဉ် က စန္ဒာဒေဝီမိဖုရားသည် ယခုပဇာပတိ ဂေါတမီ ဖြစ်လာခဲ့ပါသည်။ ထိုစဉ်က ခန္တီပါရမီကို ဖြည့်ကျင့် တော်မူသော ဓမ္မပါလ မင်းသားငယ်သည် ယခု မြတ်စွာဘုရားရှင် ဖြစ်လာခဲ့ကြပါသည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် ဘဝ သံသရာသည် အသေင်္ချေအနန္တ ရေတွက်၍မရ အောင် ရှည်လျားထွေပြားပါသည်။ သုံးဆယ့်တစ်ဘုံ  တွင် ကျင်လည်ကြကုန်သော သတ္တဝါများသည် မိမိ တို့ ပြုခဲ့သော ကံအကြောင်းတရားကြောင့် ရောက်ရှိ ရာဘုံတွင် အကျိုးတရားကို ခံစား၊ စံစားကြရမည် ဖြစ်သည်။ ကုသိုလ်ကောင်းမှုကို ပြုနိုင်သော ဘုံ တွင် ရောက်ရှိနေကြသော သတ္တဝါများသည် ဘဝ လွတ်မြောက်ရေး သုဂတိဘုံရောက်ရှိရေးအတွက် ဒါန၊ သီလ၊ ဘာဝနာအစရှိသော ကောင်းကျိုးတရား များကို ကံသုံးပါးဖြင့် ပွားများအားထုတ်ကြိုးစားရမှာ ဖြစ်သည်။

ကုသိုလ်ကောင်းမှု ကောင်းစွာ ပြုနိုင်သော မြင့်မြတ်သည့်ဘဝရရှိနေပါလျက်၊ လောဘ၊ ဒေါသ၊ မောဟစသော အကုသိုလ်အမှုများကိုသာ ပြုပြော ကြံစည်နေပါလျှင် ဓအပြစ်မဲ့သား ရင်ခွင်ပိုက်အား လက်ခြေဖြတ်သတ် မင်းဒေဝဒတ်ဓဟု ပမာပြုအပ် ပါကြောင်း။

မေတ္တာ၊ စေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး ငါးရာ့ငါးဆယ် နိပါတ်တော်၊ မဏိ ကုဏ္ဍလဝဂ်မှ စူဠဓမ္မပါလဇာတ်တော်။

Comments

comments

Post Author: manawmaya