မြင့်မြတ်တဲ့ ဥပေက္ခာတရားဆိုတာ

#ဥပေက္ခာဆိုတာ ဘယ်လိုဟာကို ခေါ်တာလဲ
ဆိုတော့ တစ်ဖက်သားက ကိုယ့်ကို စော်ကား
မော်ကား လုပ်သွားရင် သည်းခံခွင့်လွှတ်နိုင်တယ်။
” ငါ့အလှည့်ကျရင်သိစေမယ် ” ဆိုတာမျိုး တေးမှတ်
မထားဘူး။
တစ်ဖက်သားရဲ့လုပ်ရပ်အပေါ်မှာ မေ့ဖျောက်ပြီး
တော့ ခွင့်လွှတ်ခြင်း, သည်းခံခြင်းဖြင့် နေနိုင်တယ်။
နောက်တစ်ခါ တစ်ဖက်သားကို ကူညီတော့လည်း
မျှော်လင့်ချက်နဲ့ကူညီတာမဟုတ်ဘူး။
မျှော်လင့်ချက်နဲ့ ကူညီရင် ဥပေက္ခာမရှိလို့။

#ဥပေက္ခာရဲ့ သဘောတရားဟာ အရပ်ထဲမှာ
ပြောကြသလို မတည့်လို့ ဥပေက္ခာပြုထားတာမျိုး
မဟုတ်ဘူး။ တစ်ဖက်သားရဲ့လုပ်ရပ်အပေါ်မှာ
သည်းခံခွင့်လွှတ်ပြီး မေ့ပျောက်ထားတယ်။
မိမိကကူညီတဲ့အခါမှာလည်း ကူညီရုံသက်သက်ပဲ
ကူညီတယ်။ တစ်ဖက်သားက ကိုယ့်ကို ကျေးဇူး
တင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ။
ကောင်းသောတုန့်ပြန်မှု ပြုသည်ဖြစ်စေ၊
မပြုသည်ဖြစ်စေ မိမိရဲ့လုပ်ရပ်အပေါ်မှာ
တုန့်ပြန်မှုကို ဘယ်တော့မှ မမျှော်လင့်တာ
ဥပေက္ခာလို့ခေါ်တယ်။ အဲဒီ ဥပေက္ခာဟာလည်း
ရှားပါးပစ္စည်း တစ်ခုဖြစ်တယ်ပေါ့။

#ခုခေတ်ဆို ကြည့်လေ
အတုံ့အလှည့်တွေ ဘယ်လောက်များတုန်းနော်။
သူ့အလှူတုန်းက ငါဘယ်လောက် ကူတယ်။
သူ့မင်္ဂလာဆောင်မှာ ငါ ဘယ်လောက်ကူတယ်၊
ငါ့မင်္ဂလာဆောင်ကျတော့ ဘယ်လောက်ကူတာလဲ
ဆိုတာ ပြန်ကြည့်တတ်ကြတယ်လေ။
ဥပေက္ခာမထားနိုင်ဘူးဆိုတာ ထင်ရှားတာပေါ့နော်။
တစ်ဖက်သားအပေါ်မှာ ပြတ်သားတဲ့စိတ်ဓာတ်နဲ့
မကူညီပဲနဲ့ အတုံ့အပြန်မျှော်လင့်ချက်နဲ့ဆိုရင်
ဒါနကောင်းမှုတောင်မှပဲ အကောင်းဖြစ်မလာတော့
ဘူးပေါ့။
ကိုယ်ကူညီပေးတဲ့သတ္တဝါတွေဆီကနေ ကျေးဇူးတင်
တယ်ဆိုတဲ့ တုံ့ပြန်မှုမမျှော်လင့်တာကို ဥပေက္ခာလို့
ဆိုလိုတယ်။

#များသောအားဖြင့် လူတွေဟာ မျှော်လင့်ချက်ကြီးနဲ့
လုပ်တတ်ကြတယ်။ ကိုယ်လုပ်ပေး ကူညီပေးတုန်းက
မမျှော်လင့်တောင် တုံ့ပြန်စရာရှိလာတဲ့အခါ မတုံ့ပြန်ရင်
မကျေမနပ် ဖြစ်နေတတ်တယ်။
အေး… အဲဒါမျိုး မဖြစ်ရအောင် မိမိကူတာ မိမိအတွက်၊
သူကကိုယ့်ကို တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန်သည်ဖြစ်စေ
ကိုယ့်ရဲ့မျှော်လင့်ချက် မဖြစ်စေဘူးဆိုမှ မြင့်မြတ်တဲ့
ဥပေက္ခာတရား၊ ဗြဟ္မစိုရ်တရားထဲက ဥပေက္ခာဆိုတာ
အဲဒါပြောတာနော်။

#အင်မတန်မှမွန်မြတ်တဲ့ စိတ်ဓာတ်ကြံ့ခိုင်ပြီး
စိတ်နေသဘောထားတည့်မတ်တဲ့ သဘောတရားကို
ဥပေက္ခာလို့ ခေါ်တယ်။
အင်္ဂလိပ်လိုပြန်တဲ့အခါ Equanimity လို့ပြန်တယ်။
Equanimity ဆိုတာ စိတ်အစွန်းမရောက်ဘူး၊
တည်ငြိမ်တယ်၊ တည့်မတ်တယ်ဆိုတဲ့စကားလုံး။

#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#Posted_by_Words_of_Buddha

Comments

comments

Post Author: manawmaya