လိမ္မာ ပါးနပ်တဲ့ မြေခွေး

ရှေးရှေးတုန်းက တောနက်ကြီးတစ်ခုရဲ့ ဂူကြီး တစ်ဂူအတွင်းမှာ တောဘုရင်ခြင်္သေ့ကြီးဟာ ဇနီးဖြစ် သူ ခြင်္သေ့မတစ်ကောင်နဲ့အတူ နေထိုင်ပါသတဲ့။ တစ်နေ့တော့ ခြင်္သေ့မက ခြင်္သေ့ကြီးကို “သင့်ပါးစပ် က အနံ့ဆိုးတွေ ထွက်နေတယ်၊ ကိုယ့်ကိုယ်ကိုယ် လည်း သတိထားဦး” လို့ ပြောလိုက်သတဲ့။ ခြင်္သေ့ မရဲ့ စကားကို ခြင်္သေ့ကြီးက သိပ်မယုံတာနဲ့ ဂူပြင် ထွက်ပြီး တွေ့တဲ့တောတိရစ္ဆာန်ကို မေးကြည့်မယ် လို့ ဆုံးဖြတ်လိုက်တယ်။

ခြင်္သေ့ကြီး ဂူအပြင်ထွက်လာတော့ တောစပ်မှာ သိုးတစ်ကောင်၊ ဝံပုလွေတစ်ကောင်နဲ့ မြေခွေးတစ် ကောင်ကို တွေ့လိုက်ရတဲ့အတွက် သုံးကောင်လုံး သူ့ဆီ လာခဲ့ကြဖို့ လှမ်းခေါ်လိုက်ပါတယ်။ တောဘုရင် ကြီးဆိုတော့ သုံးကောင်လုံး ကြောက်ကြောက်နဲ့ ချဉ်း ကပ်လာခဲ့ကြပါတယ်။

ခြင်္သေ့ကြီးက သိုးကို အရင်မေးပါတယ်။

“ကျွန်ုပ်ရဲ့ ဇနီးခြင်္သေ့မက ကျွန်ုပ်ရဲ့ ပါးစပ်က အနံ့ဆိုးတွေ ထွက်နေတယ်လို့ ပြောတယ်၊ အဲဒါ ဟုတ်မဟုတ် ကျွန်ုပ်ရဲ့ ပါးစပ်ကို နမ်းကြည့်ပေးစမ်းပါ”

ခြင်္သေ့ကြီးက ပါးစပ်ကို အကျယ်ကြီး ဟပေးထားတယ်။ သိုးဟာ နမ်းကြည့်ပြီး အမှန်အတိုင်း ပြန်ဖြေလိုက်ပါတယ်။

“ဟုတ်တယ်၊ အနံ့က အတော်ဆိုးတယ်၊ သင့် အစာအိမ်လမ်းကြောင်းမကောင်းဘူးထင်တယ်”

ခြင်္သေ့ကြီး စိတ်ဆိုးသွားတယ်။

“ကျွန်ုပ်ရဲ့ ဇနီးပြောတာကို သည်းခံနိုင်ပေမယ့် သင် ပြောတာကို သည်းမခံနိုင်ဘူး” လို့ပြောပြီး သိုးကို ကိုက်သတ်ပစ်လိုက်တယ်။

အဲဒီနောက် ခြင်္သေ့ကြီးက ဝံပုလွေကို အနံ့ခံ ခိုင်းတယ်။ သိုးရဲ့အဖြစ်ကို တွေ့ထားတဲ့ဝံပုလွေက အမှန်အတိုင်းပြောလို့မဖြစ်ဘူးဆိုပြီး လိမ်ညာပြော ဆိုလိုက်တယ်။

“အသင်ခြင်္သေ့မင်းရဲ့ ပါးစပ်က အနံ့ဆိုးမထွက် ပါဘူး၊ နှင်းဆီပန်းရနံ့လို သင်းပျံ့နေတာပါ”

ခြင်္သေ့ကြီး စိတ်ဆိုးသွားတယ်။

“ခုလေးတင် သိုးကို ကိုက်သတ်ထားတဲ့ပါးစပ်က သွေးနံ့ပဲ ထွက်မှာပေါ့၊ ဘယ်လိုလုပ်ပြီး နှင်းဆီ ပန်းရနံ့ ထွက်မှာလဲ၊ အလကား လိမ်ညာမြှောက်ပင့် ပြောတဲ့ကောင်”

ပြောပြောဆိုဆို ခြင်္သေ့ကြီးက ဝံပုလွေကို ကိုက်သတ်ပစ်လိုက်တယ်။

အဲဒီနောက် ခြင်္သေ့ကြီးက မြေခွေးကို အနံ့ခံ ခိုင်းပြန်တယ်။ သိုးနဲ့ဝံပုလွေတို့ရဲ့ အဖြစ်ဆိုးကို မြင် တွေ့ထားရတဲ့မြေခွေးက သူတို့နှစ်ဦးလို ဖြေဆိုလို့ မဖြစ်ဘူးဆိုတာ သဘောပေါက်ထားတယ်။ ဒါကြောင့် နှာခေါင်းတရှုံ့ရှုံ့နဲ့ အနံ့ခံရင်း အခုလို ပြန်ဖြေလိုက်တယ်။

“ခွင့်လွှတ်ပါ ခြင်္သေ့မင်း၊ မနေ့ကပဲ ကျွန်ုပ် မိုးမိပြီး အအေးပတ်သွားတာမို့ နှာစေးချောင်းဆိုး ဖြစ်နေပါတယ်၊ ဘယ်အနံ့ကိုမှ မရပါဘူး၊ ကျွန်ုပ် နှာစေးချောင်းဆိုးပျောက်သွားမှ လာပြီး အနံ့ခံပေး ပါ့မယ်၊ အဟွတ်-အဟွတ်”

ခြင်္သေ့ကြီးဟာ မြေခွေးဆီက နှာစေးချောင်းဆိုး ရောဂါ ကူးမှာစိုးလို့ အမြန် ပြန်ခိုင်းလိုက်တဲ့အတွက် အသက်ချမ်းသာရာ ရသွားသတဲ့။

သင်ခန်းစာကတော့ အပြစ်မရှိဘဲ အပြစ်ပေးခံ ရနိုင်တဲ့အခြေအနေမျိုးကို ဝေးဝေးက ရှောင်ရပါမယ်။ပါဝင်ပတ်သက်မှုမျိုး မလုပ်မိဖို့ လိုပါတယ်။ မတတ် သာလို့ ပတ်သက်မိသွားရင်တောင် အလိမ္မာသုံးပြီး ရှောင်ထွက်သွားရပါမယ်။

 

အောင်အေး(ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories

Comments

comments

Post Author: manawmaya